DVB Logo
Home
Lead Story
ရွှံ့နွံတွေ ပါလာပြီး ဟားခါးလေးကျေးရွာကို လွှမ်းသွားတာ (ရုပ်သံ)
DVB
·
August 29, 2015
ရွှံ့နွံတွေ ပါလာပြီး ဟားခါးလေးကျေးရွာကို လွှမ်းသွားတာ (ရုပ်သံ)
1 / 7
Donate to DVB

ချင်းပြည်နယ် သဘာဘေးကြုံတွေ့ခဲ့ရမှု ရုပ်သံ (H Thang Thang Deirek)

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက ဟားခါးလေးကျေးရွာဟာ အခုဆိုရင် ရွှံ့နွံ့တွေ ဖုံးလွှမ်းနေတယ်။ အိမ်ခြေ ၃၇ လုံးပျက်စီးခဲ့ပြီး လူအသေအပျောက်တော့ မရှိဘူးလို့ တွန်းဇံရေဘေးကယ်ဆယ်ရေးကော်မတီက ပြန်ကြားရေးတာဝန်ခံ ကိုမိုးကျော်သိန်းက ပြောပါတယ်။

သြဂုတ်၂၈ ရက် မနက်အစောပိုင်းက မိုးကြီးပြီး တောင်ပေါ်က သဘာဝရေကန် ရေလျှံကျိုးပေါက်ခဲ့လို့ ရွှံ့ရေတွေ ဒလဟောစီးဆင်းခဲ့ပြီးတဲ့နောက် ရွာကို ရွှံ့နွံတွေ ဖုံးသွားခဲ့တာ ဖြစ်ပါတယ်။

အိမ်ခြေ ၅၀ကျော် လူဦးရေ ၃၀၀ ကျော်နေထိုင်တဲ့ ဟားခါးလေးရွာမှာ တီးတိန်ချင်းလူမျိုးတွေ နေထိုင်ကြတာဖြစ်ပြီး အခုတော့ သူတို့ အားလုံး ကယ်ဆယ်ရေးစခန်းရောက်နေကြပြီလို့လည်း သိရပါတယ်။

တွန်းဇံမြို့နယ်ထဲမှာ ပထမရေဘေးအတွင်း တောင်ပေါ်ရွာတွေနဲ့ အခု တောင်အောက်ခြေရွာ ဟားခါးလေးအပါအ၀င် လူဦးရေ ၁၄၀၀ လောက် ရေဘေးဒုက္ခကြုံတွေ့နေကြပြီး အိမ်ခြေ ၅၀၀ လောက်ပျက်စီးခဲ့ပါတယ်။

တွန်းဇံ ရေဘေးကယ်ဆယ်ရေးကော်မတီက ကိုမိုးကျော်သိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဟားခါးလေးရွာဘက် သတင်းဓာတ်ပုံတွေတက်လာတာတော့ ရွံ့ပြင်ကြီး ဖြစ်သွားပြီဗျ၊ အဲ့ဒီဘက် အခြေအနေ သိပါရစေ။

“တနေ့က ရွာတဲ့မိုးကြောင့် တောင်ကျရေ တအားဆင်းပြီးတော့ ရွှံ့နွံတွေ ပါလာတာပေါ့၊ ပါလာပြီး ရွာကို တအား လွှမ်းသွားတာ၊ ရွာကို လွှမ်းသွားတဲ့အတွက်ကြောင့် ၃၇ အိမ်တော့ ပျက်စီးတယ်၊ စုစုပေါင်း နေအိမ်ကတော့ သူတို့ တအုပ်စုလုံး ၅၉ အိမ် ရှိတယ်ဗျ။ လူဦးရေ ၃၁၀ ကတော့ လောလောဆယ် တွန်းဇံသဘာဝဘေးအန္တရာယ် ကော်မတီကဖွင့်တဲ့ ကယ်ဆယ်ရေးစခန်းမှာ ရောက်နေတယ်။ ရွာက တရွာတည်းဗျ၊ တွီ့ခိန်ဇန် ဆိုတာက ပြည်ထဲရေးက တရားဝင်ပေးထားတဲ့နာမည်၊ ဒေသအခေါ်က ဟားခါးလေး၊ ရွာနာမည်က နှစ်မျိုးဖြစ်ပြီးတော့ ၂ ရွာလိုလို ဖြစ်နေတာပါ။အမှန်က တရွာထဲပါ။ ဟားခါးလေးကျေးရွာက ရွှံ့နွံတွေ ဖုံးသွားတဲ့အတွက် လောလောဆယ် ပြန်နေလို့တော့ မရနိုင်သေးဘူး၊ မိုးရွာရင်လည်း ဆက်ပြီး ရေကျနိုင်သေးတာကိုး၊ ဒေသခံတွေ သဘောထားပေါ့၊ သူတို့ ဆက်နေချင်တယ်ဆိုလည်း ဒီဘက်က ပြန်နေရာချထားပေးမှာပေါ့။ မနေချင်တော့ဘူးဆိုလည်း မြေမြင့်ပြီး မြင့်တဲ့နေရာမှာ ပြန်ပြီး နေရာချထားပေးရမှာပေါ့။ ကော်မတီတွေ ဒေသခံတွေ ပူးပေါင်းNပီးတော့လေ။”

တချို့အိမ်တွေ ခေါင်မိုးလောက်ထိ မြုပ်နေတာလည်း တွေ့ရတယ်၊ အထဲက လူတွေ ကယ်ထုတ်နိုင်ရဲ့လား။

“မနေ့ကအထိတော့ ရွာရှိ လူဦးရေအကုန်လုံး ကျနော်တို့ ပြန်စိစစ်ပြီးပြီ၊ တယောက်မှ အသေအပျောက်မရှိဘူး။ ဖြစ်ဖြစ်ချင်းတော့ ပြေးကြတာပေါ့။ ဟိုပြေးဒီပြေးနဲ့ အဆက်အသွယ်မရတော့ ပထမတော့ ၄ ယောက်ပျောက်တယ်တို့၊ ၁၀ ယောက်ပျောက်တယ်တို့ သတင်းတွေ ထွက်နေတာပေါ့။ ဖြစ်တာက မနက် ၃ နာရီမှာ ဖြစ်တာ။ မနေ့ညနေ ၃ နာရီက လူစာရင်းလည်း စစ်ပြီးပြီ၊ ကယ်ဆယ်ရေးစခန်းမှာ လက်ခံတဲ့အချိန်မှာတော့ တယောက်မှ အသေအပျောက် မရှိဘူး၊ ရွာကလူ အစုံအစေ့ ကယ်ဆယ်ရေးစခန်းမှာ ရှိတယ်ဗျ။”

ရွာက ရွှံ့နွံတောကြီးလိုတော့ ဖြစ်သွားပြီပေါ့နော်။

“ဟုတ်တယ်ဗျ၊ ဟုတ်တယ်။ ပထမအကြိမ်မှာ ဇူလိုင် ၁ ရက်က ရေတခါကြီးသေးတယ်၊ ရေကြီးတဲ့အချိန်မှာ အဲ့ဒီရွာရဲ့ အပေါ်မှာ မြေပြိုပြီးတော့ ရွှံ့နွံအိုင်ကြီးလို ဖြစ်သွားတာ၊ ရွှံ့နွံအိုင်လို ဖြစ်ပြီး ရေကန်လို ပေါ်လာတယ်။ တနေ့ညက တောင်ကျရေဆင်းတော့ ရေက ရွှံ့နွံအိုင်ကြီးကို ဖြတ်ပြီးတော့ ပါလာပြီး အဲ့ဒီရွှံ့နွံတွေက ရွာပေါ် စီးကျသွားတာ၊ နောက်တခုက နောက်တခါ တောင်ကျရေက မိုးတွင်းတောက်လျှောက် ဖြစ်လာနိုင်သေးတယ်လေ။”

ရွာက ပြန်ကောင်းလာနိုင်ပါဦးမလား၊ ဘယ်လို မြင်လဲ။

“ကောင်းတာကတော့ ဒီလို ရေလမ်းကြောင်းကျပြီး တောင်ကျရေ ထိုးနိုင်တဲ့ နေရာဖြစ်နေတော့ ပြောင်းရွှေ့ပြီးနေရင်တော့ အကောင်းဆုံးပါပဲ။ ချင်းတောင်က သက်နုမြေလွှာလည်း ဖြစ်တယ်၊ မိုးတွင်းတောက်လျှောက် တောင်ကျရေလည်း ရှိတယ်ဆိုတော့ အဲ့ဒီနေရာမှာ နောက်တခေါက်ပြန်နေလည်း နောက်တခေါက် ထပ်ဖြစ်နိုင်တဲ့ အနေအထား ရျိတယ်ဗျ။”

ရွာမှာနေတဲ့ လူမျိုးတွေက ဘာတွေလဲဗျ။

“ဇိုမီးချင်း တီးတိန်ချင်းလို့ ခေါ်မှာပေါ့ဗျာ၊ တရားဝင်ခေါ်တာတော့ တီးတိန်ချင်းပေါ့၊ ဇိုမီး လူမျိုးတွေ များပါတယ်။”

တော်တော်တော့ ဆိုးတယ်ဗျနော်။

“ဒီမှာက ရေဘေးသတင်းငြိမ်သွားမှ ဒီဟားခါးလေးက တက်သွားတော့ ပို ဂရုစိုက်မိကြတောပေါ့။ တောင်ပေါ်မှာ ပြိုနေတာလည်း ၄-၅ ရွာ ရှိတယ်ဗျ။ ပထမအကြိမ် တီးတိန်မှာ ဆိုရင် ရွာ ၅-၆ ရွာလောက်ပြိုတယ်၊ တီးတိန် ကယ်ဆယ်ရေးစခန်းမှာ ခုချိန်ထိ လူ ၃၀၀ လောက်ရှိတယ်။ အဲ့ဒါ ပထမအကြိမ် ရေဘေးကတည်းက၊ တီးတိန်နဲ့ တွန်းဇံက လူသိပ်မသိဘူးဖြစ်နေတာ။ အခု တီးတိန်နဲ့ တွန်းဇံမှာ နေအိမ် ၃၀၀ ကျော်လောက်က ပြောင်းရွှေ့ပေးရမှာ၊ အဲ့ဒါ တောင်ပေါ်ရွာ။ ဟားခါးလေးကကျ တောင်ခြေမှာ၊ တီးတိန်မှာ ရွာ ၅ ရွာ ပျက်စီးတယ်၊ တွန်းဇံမှာ ရွာ ၄ ရွာ ပျက်စီးတယ်၊ အဲ့လိုပဲ တောင်ကျရေ ကျတယ်၊ မြေပြိုတယ်၊ ရွာတွေ နှစ်ခြမ်းကွဲသွားတယ်။ တွန်းဇံဘက်မှာဆိုရင် မဏိပူရမြစ်ကူးတံတားတွေ ကျေးရွာချင်း ဆက်လမ်းတွေ အကုန်ပျက်သွားတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာပေါ့။ အခုမှ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ သွားကူနေရတုန်း ရှိသေးတယ်။ တောင်ပေါ်တောင်အောက် ၁၀ ရွာလောက်မှာ လူဦးရေ ၁၀၅၆ ဦး၊ ဒါ ထွေအုပ်စာရင်းပေါ့။ နောက် လူ ၇ ယောက်ပျောက်နေတယ်၊ ပထမအကြိမ်တုန်းက၊ အခု ဟားခါးလေး မပါသေးဘူး၊ ဟားခါးလေးပါပါရင် ၁၄၀၀ လောက် ဖြစ်သွားမှာပေါ့။”

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013