DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံ နှင့် ချင်းမိုင် ညီအစ်မမြို့တော် ကုန်စည်ပြပွဲ
DVB
·
August 28, 2015
ကျိုင်းတုံ နှင့် ချင်းမိုင် ညီအစ်မမြို့တော် ကုန်စည်ပြပွဲ
Donate to DVB

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ကျိုင်းတုံနဲ့ချင်းမိုင် ညီအစ်မမြို့တော် ပေါင်းကူးဆက်ဆံရေး ကုန်စည်ပြပွဲ ခင်းကျင်းပြသနေပါတယ်။

နှစ်နိုင်ငံကြား ပေါင်းကူးဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့အတွက်  ချင်းမိုင် နဲ့ ကျိုင်းတုံ အုပ်ချုပ်ရေးဌာနတွေ ပူးပေါင်းဖွင့်လှစ်ခဲ့တာလို့ ကျိုင်းတုံမြို့နယ် ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းက ဒီဗွီဘီကို ပြောပါတယ် ။

“ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်လုပ်ဖို့ ချင်းမိုင်ခရိုင်ဘက်က စပြီးကမ်းလှမ်းလာတယ်လို့ သိရပါတယ်ခင်ဗျ။ ဒီဘက်က မြို့နယ်အုပ်ချုပ်ရေးပိုင်းက တာဝန်ယူပြီး ပူးပေါင်းဆောင်ရွက်ပါတယ်။ ဒီမနက် ဖွင့်ပွဲအခမ်းအနားလုပ်ပြီး ညနေပိုင်းမှာ အစည်းအဝေး ရှိတယ်။ ကျိုင်းတုံ - ချင်းမိုင်ကို ညီအစ်မမြို့တော် ဆက်ဆံရေးထူထောင်ဖို့၊ ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလာရေး၊ လူမှုရေး စတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်ဖို့ပါ။ အခု ကျနော် အဲဒီကို သွားနေပါတယ်။”

ကုန်စည်ပြပွဲကို ကျိုင်းတုံဟိုတယ်အမှတ် ၁ မှာ  သြဂုတ် ၂၈ ရက်နဲ့  ၂၉ ရက်နေ့ ၂ ရက်တာ ကျင်းပသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံက အ၀တ်အထည်၊ အစားအသောက် စတဲ့ ထုတ်ကုန်ပစ္စည်းတွေ ခင်းကျင်း ရောင်းချကာ ကျိုင်းတုံမြို့နယ် ကုန်သည်များ အသင်းဘက်ကလည်း ရိုးရာဒေသထွက်ကုန်ပေါင်းတွေကို ခင်းကျင်းရောင်းချနေတယ်လို့ သူက ဆက်ပြောပါတယ်။

ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို မြန်မာပြည်ဘက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီး ၂ ပါး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ် နဲ့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူ၊ မြို့နယ်ကုန်သည်အသင်းက တာဝန်ရှိသူတွေ တက်ရောက်သလို ထိုင်းဘက်ခြမ်း ကလည်း ချင်းမိုင်ခရိုင်ဝန်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ကုန်သည်များအသင်းနဲ့ ယဉ်ကျေးမှု အကအဖွဲ့တွေပါ လူ ၁၄၀ လောက်တက်ရောက်လာကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အောက်တိုဘာလက နေပြည်တော်ကို ရောက်ရှိခဲ့ပြီး ကျိုင်းတုံ နဲ့ ချင်းမိုင်ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ဖို့  မြန်မာအစိုးရနဲ့ နှစ်နိုင်ငံသဘောတူစာချွန်လွှာ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မြို့နှစ်မြို့ကို ညီအစ်မမြို့အဖြစ် သတ်မှတ်ပြီးတဲ့နောက် နှစ်နိုင်ငံပေါင်းကူးဆက်ဆံရေးတွေ တိုးမြှင့်ဖို့၊ ဒီနှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်မယ့် အာဆီယံစီးပွားရေး အသိုင်းအ၀ိုင်းကို ကြိုဆိုတဲ့အနေနဲ့ မြန်မာပြည် ကျိုင်းတုံခရီးစဉ်ကို သွားရောက်ရတာလို့  ချင်းမိုင်ခရိုင်ဝန် နိုင်းဆူရိယ ပရဆတ်ဘန်းဒစ်ကလည်း ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။

ချင်းမိုင်ခရိုင်ဝန်နဲ့ တာဝန်ရှိသူတွေဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး နယ်စပ်ဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ရေး၊ ကူးသန်းရောင်းဝယ်မှု အဆင့်မြှင့်ရေး၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောင်ယာမီးရှို့ချိန် မီးခိုးမှိုင်းတွေ ဖုံးလွှမ်းတဲ့ ပြဿ    နာတွေပါ ဆွေးနွေးဖို့ရှိတယ်လို့  ချင်းမိုင်ပြန်ကြားရေးသတင်းဌာနမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013