
မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားက ထိုင်းကုမ္ပဏီတခုထံကနေ ရှယ်ယာ ဒေါ်လာ ၁၀ သန်းဖိုလောက် ဝယ်ယူဖို့ ကြိုးပမ်းနေပြီး ဒါဟာ စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့နဲ့ ငွေကြေးခဝါချဖို့ ကြိုးပမ်းမှုဖြစ်နိုင်တယ်လို့ Justice For Myanmar က ဧပြီ ၂၄ ရက်မှာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ စတော့ရှယ်ယာဈေးကွက် စာရင်းဝင်ကုမ္ပဏီတခုဖြစ်တဲ့ Advanced Connection Corporation (ACC) ရဲ့ ရှယ်ယာရှင်တွေဟာ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ ပွဲစား ကျော်မင်းဦးနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေထံ ရှယ်ယာတွေရောင်းချဖို့ ဧပြီ ၂၇ ရက်မှာ မဲခွဲ ဆုံးဖြတ်ဖို့ ရှိနေတယ်လို့ဆိုပါ။
အဆိုပါ ရှယ်ယာရောင်းချမှု အောင်မြင်ပါက ကျော်မင်းဦးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေဟာ ACC ကုမ္ပဏီမှာ အကြီးဆုံးရှယ်ယာရှင်အုပ်စု ဖြစ်လာမှာဖြစ်ပြီး ဒါဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု တွေကို ရှောင်လွှဲပြီး ရာဇဝတ်မှုမှရရှိတဲ့ ငွေကြေးတွေကို တရားဝင်ဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းမှုတခု ဖြစ်နိုင်တယ်လို့ ကြိုတင် သတိပေးလိုက်တာ ဖြစ်ပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က "တရားမဝင် မြန်မာစစ်အုပ်စုက အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ဖို့ လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ လက်နက်ပွဲစား ကွန်ရက်ထဲက စီးပွားရေးလုပ်ငန်းတွေဆီကို ထိုင်းအများပိုင်စာရင်းဝင် ကုမ္ပဏီတခုရဲ့ ရှယ်ယာ ၄ ပုံ ၁ ပုံနီးပါး လွှဲပြောင်းပေးဖို့ ACC က ကြိုးပမ်းနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ACC ရဲ့ သီးခြားလွတ်လပ်တဲ့ ဘဏ္ဍာရေး အကြံပေးကလည်း ရှယ်ယာရှင်တွေ အနေနဲ့ ကန့်ကွက်မဲပေးကြဖို့ တိုက်တွန်းထားသလို၊ ကုမ္ပဏီရဲ့ စာရင်းစစ်ကော်မတီ ဥက္ကဋ္ဌကိုယ်တိုင် ကလည်း မဲမပေးဘဲ နေခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ ငွေကြေးနဲ့ အိတ်ချိန်း ကော်မရှင် (Thai SEC) ကလည်း နောက်ထပ် အချက်အလက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ACC ရဲ့ စီမံခန့်ခွဲမှုပိုင်းကတော့ မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လက်နက်ပွဲစား ကွန်ရက် တခုကို ထိုင်းအများပိုင်ကုမ္ပဏီမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရစေမဲ့ မဲခွဲဖို့ကို ဆက်လက် လုပ်ဆောင်နေပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှုတွေကနေ ရရှိလာတဲ့ ငွေကြေးတွေကို ခဝါချတဲ့ လမ်းကြောင်းတခုအဖြစ် ထိုင်းစတော့အိတ်ချိန်းမှာ စာရင်းဝင်ထားတဲ့ အများပိုင်ကုမ္ပဏီကို အသုံးမချနိုင်အောင် ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့အစည်းတွေအနေနဲ့ အရေးယူ တားဆီးရပါမယ်”လို့ ထုတ်ပြန် ပြောပါတယ်။
ACC ကုမ္ပဏီထံကနေ ဘတ်သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၉ ဒသ ၃ သန်း) တန်ဖိုးရှိ ရှယ်ယာ ၂၃ ဒသမ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူမဲ့ ထိုင်းကုမ္ပဏီ ၂ ခုဖြစ်တဲ့ Sky Avia Trading Co. Ltd. နဲ့ Heli Asia Trading Co. Ltd. တို့ဟာ ၂၀၂၄ ခုနှစ်မှာမှ တည်ထောင်ထားတဲ့ အမည်ခံကုမ္ပဏီတွေဖြစ်ပါတယ်။
ဒီကုမ္ပဏီတွေဟာ ကျော်မင်းဦးက ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ စင်ကာပူအခြေစိုက် Sky Avia Trading Pte. Ltd. နဲ့ Heli Asia Trading Pte. Ltd. တို့ရဲ့ လက်အောက်ခံတွေ ဖြစ်ပါတယ်။
Justice For Myanmar က သူ့ရဲ့ လက်နက်ပွဲစားလုပ်ငန်းတွေကို ဖွင့်ချခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ မှာ ကျော်မင်းဦးဟာ စင်ကာပူကုမ္ပဏီတွေက သူ့ရဲ့ရှယ်ယာတွေကို စင်ကာပူနိုင်ငံသားဖြစ်သူ သူ့ရဲ့ lang-time အမည်ခံဒါရိုက်တာ Wee Lee Lian ထံ လွှဲပြောင်းခဲ့ပါတယ်။
ဒီရှယ်ယာရောင်းဝယ်မှုဟာ လက်နက်ရောင်းဝယ်မှု၊ ဒဏ်ခတ်ပိတ်ဆို့မှုရှောင်တိမ်းမှုနဲ့ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုတွေကနေ ရရှိတဲ့ငွေတွေကို ခဝါချတာ ဟုတ်မဟုတ် ထိုင်းအာဏာပိုင်တွေအနေနဲ့ အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ Justice For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇွန်လက Motor Sich ကနေ တာဘိုပန်ကာအင်ဂျင်တလုံး တင်သွင်းခဲ့မှုနဲ့ ပတ်သက်ပြီး Wee Lee Lian၊ Sky Avia Trading နဲ့ ဆက်စပ်သူတွေကို စုံစမ်းစစ်ဆေးဖို့ စင်ကာပူ အာဏာပိုင်တွေကိုလည်း တောင်းဆိုထားပါတယ်။
ပွဲစား ကျော်မင်းဦးဟာ မြန်မာ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာရှိတဲ့ သူ့ရဲ့ Sky Aviator ကုမ္ပဏီကွန်ရက် ကနေတဆင့် လက်နက်ပွဲစားလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာပြည်သူတွေကို နေစဉ်ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ရဲ့ လေတပ်အတွက် ရုရှားလုပ် စစ်လေယာဉ် တွေ ဝယ်ယူရာမှာ အဓိကကြားခံဆောင်ရွက်ပေးသူ တယောက်ဖြစ်ပါတယ်။
စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး ခွဲခြားမှုမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ရုရှားတိုက်လေယာဉ်တွေကို အသုံးပြုနေပြီး ဒါဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ Justice For Myanmar က ထောက်ပြပါတယ်။
ဒါကြောင့် နိုင်ငံတကာ ရာဇဝတ်မှုကရတဲ့ ငွေကြေးခဝါချတဲ့ လမ်းကြောင်း မဖြစ်စေဖို့ ထိုင်းအာဏာပိုင်တွေက တားဆီးပေးဖို့နဲ့၊ လက်နက်ပွဲစား ကွန်ရက်တခုလုံးကို ပိတ်ဆို့အရေးယူဖို့ JFM က တောင်းဆိုထားပါတယ်။
မြန်မာစစ်တပ်ကို လက်နက်ရောင်းဝယ်မှုတွေမှာ ကူညီလုပ်ဆောင်ပေးမှုအတွက် ပွဲစား ကျော်မင်းဦး ကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။











