DVB Logo
Home
မြန်မာသတင်း
မြန်မာ ကာကွယ်ရေးဦးစီးချုပ် နှင့် ထိုင်းဝန်ကြီးချုပ် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေး
DVB
·
August 28, 2015
မြန်မာ ကာကွယ်ရေးဦးစီးချုပ် နှင့် ထိုင်းဝန်ကြီးချုပ် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ထိုင်းနိုင်ငံအနေနဲ့ အားမပေးတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက  မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ပြောကြားလိုက်ပါတယ်။

ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီ တတိယအကြိမ် အစည်းအဝေး တက်ရောက်ဖို့  ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ သြဂုတ် ၂၇ ရက်နေ့က ဘန်ကောက်မြို့ ထိုင်းအစိုးရအဖွဲ့ရုံးမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့  တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

ဒီတွေ့ဆုံပွဲမှာ ထိုင်းဝန်ကြီးချုပ်က ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးလျက်ရှိကြောင်း၊ တဘက်နိုင်ငံကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ထိုင်းနိုင်ငံက အားမပေးကြောင်း၊ မြန်မာ့ရေဘေးအတွက် ၀မ်းနည်းရကြောင်း၊ နှစ်နိုင်ငံနယ်စပ်မှာ စက်မှုဇုန်တွေ ဖွင့်လှစ်ဖို့ ထိုင်းဘက်က အဆင်သင့်ဖြစ်နေပြီး မကြာမီ မြန်မာဘက်မှာ ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း၊   ရွှေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်ရေးကိစ္စနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးပြောသွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နှစ်နိုင်ငံတပ်မတော် ချစ်ကြည်ရင်းနှီးမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့တပ်မတော်အနေနဲ့ နှစ်နိုင်ငံ တည်ငြိမ်ရေးအတွက် အမြဲတမ်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းနဲ့ ထိုင်းဝန်ကြီးချုပ် လက်ထက် နိုင်ငံတော် တည်ငြိမ်တိုးတက်မှုတွေအတွက် ချီးကျူးဂုဏ်ပြု ကြိုဆိုကြောင်း ဆွေးနွေးပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် မြန်မာ့ရေဘေးသင့်ပြည်သူတွေအတွက် ထိုင်းအစိုးရက ဘတ်ငွေ ၁၈ သန်းနဲ့ ပစ္စည်းတွေ ပေးပို့လှူဒါန်းတာ၊ ဆေးအကာအကွယ်ပေးရေးအဖွဲ့တွေ စေလွှတ်ပေးတာအတွက် ကျေးဇူးတင်ကြောင်းနဲ့ ဘန်ကောက်မြို့ ဗုံးပေါက်ကွဲမှုအတွက် အံ့သြတုန်လှုပ် စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းလည်း မြန်မာတပ်မတော် အကြီးအကဲက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလန်အွန်ဒါနဲ့လည်း ဘန်ကောက်မြို့ နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013