DVB Logo
Home
မြန်မာသတင်း
ပဲခူးရိုးမထဲ ပြန်ပို့ရန် တောဆင်ရိုင်း ၆ ကောင်ကို လိုက်လံဖမ်းဆီး
DVB
·
August 26, 2015
ပဲခူးရိုးမထဲ ပြန်ပို့ရန် တောဆင်ရိုင်း ၆ ကောင်ကို လိုက်လံဖမ်းဆီး
Donate to DVB

သမ္မတရဲ့ လမ်းညွှန်ချက်အရ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲ ရောက်နေတဲ့ တောဆင်ရိုင်း ၆ ကောင်ကို ဖမ်းပြီး ပဲခူးရိုးမထဲ ပြန်ပို့ဖို့ လုပ်နေပြီလို့ အစိုးရက သတင်းထုတ်ပါတယ်။

သြဂုတ် ၂၄ ရက်ကစပြီး ဆင်ဖမ်းကျွမ်းကျင်တဲ့ သစ်တောဝန်ထမ်းအင်အား ၆၀ ကျော်ဟာ တောဆင်ရိုင်း ၆ ကောင်ရောက်နေတဲ့နေရာမှာ အင်အားစုဖွဲ့ ရောက်ရှိနေကြပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

တောဆင်ရိုင်းတွေကို ဖမ်းဖို့ လေ့ကျင့်သင်ကြားပေးထားတဲ့ ဆင်ယဉ် ၆ ကောင်နဲ့ လိုအပ်ရင်သုံးဖို့ မေ့ဆေးသေနတ်တွေလည်း အသင့်ပြင်ထားပြီးပြီလို့ ဆိုပါတယ်။

လတ်တလော တောဆင်ရိုင်းတွေ ရောက်နေတဲ့ ညောင်ဦးဒေသခံတွေအနေနဲ့ တောဆင်ရိုင်းတွေကို ဝိုင်းဝန်းကြည့်ရှုတာ၊ ခြောက်လှန့်တာ၊ ဓာတ်ပုံရိုက်တာတွေ မပြုလုပ်ကြဖို့နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဆင်အန္တရာယ် ကင်းရှင်းရေးမေတ္တာရပ်ခံ နှိုးဆော်ချက်တွေအပေါ် ပါဝင် ကူညီဆောင်ရွက်ပေးကြဖို့လည်း သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။

ဒီ တောဆင်ရိုင်း ၆ ကောင်အုပ်စုဟာ သြဂုတ် ၂၁ ရက်ကစပြီး မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သရက်ချောင်းအနီးမှ စတင်ထွက်ခွာလာခဲ့ကြတာဖြစ်ပြီး အဲ့ဒီကနေ ပျော်ဘွယ်၊ မိထ္ထီလာ၊ မလှိုင်၊ တောင်သာတို့ကို ဖြတ်သန်းပြီး သြဂုတ် ၂၃ မှာ ကျောက်ပန်းတောင်မြို့နယ်ထဲကို ဖြတ်သန်း ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းအရ ဆင်ရိုင်း ၆ ကောင်ဟာ ကျောက်ပန်းတောင်မြို့နယ်၊ ကန်သာယာရွာမှာ ရှိတဲ့ ရေကန်မှာ ရေချိုးနေကြတယ်လို့ ညောင်ဦး၊ မြင့်မြတ်သူ စေတနာသွေးလှူရှင်နဲ့ လူနာတင်ကူညီမှုအသင်းက ဘဏ္ဍာရေးမှူး ဦးအောင်ငြိမ်းက ပြောပါတယ်။

“နောက်ဆုံးသိရတာက ည ၁၂ ကျော်ကျော်လောက်မှာ ဗူးခင်းတောင်ကနေ ထွက်သွားပြီးတော့ ကျောက်ပန်းတောင်နယ်ပေါ့၊ ကန်သာယာရွာက ရေကန်မှာ ရေချိုးနေကြတယ်၊ ဖမ်းမယ့်အဖွဲ့တွေက နောက်က တောက်လျှောက် လိုက်နေကြတယ်။”

တောဆင်ရိုင်း ၆ ကောင် ညောင်ဦးမြို့နယ်ထဲ ရောက်ရှိနေတုန်း သြဂုတ်၂၅ ရက်မှာ ဒေသခံ ရွာသား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“ကကျဲရွာက ကလေးကျ သူက ဆင်လေးနားကို သွားပြီး ဓာတ်ပုံရိုက်တာ၊ ဖလက်ခ်ျဂန်း မီးပွင့်ပြီး ဒေါသဖြစ်ပြီးတော့ ကိုင်ပေါက်ပစ်တာ၊ ၀ါးတပြန်လောက် တက်သွားပြီးတော့ သူကတော့ သေတယ်ဗျာ။ ကန်တိမ်ရွာကတယောက်ကတော့ သူအပေါ့အလေး သွားပြီး ထလိုက်တုန်း ဆင်က နှာမောင်းနဲ့ တချက် ရိုက်လာတာ ခြေထောက်ကျိုးသွားတယ်။ နောက်တယောက်ကတော့ ဆင်အုပ်ကို ခြောက်လှန့်ပြီး ထွက်ပြေးရင်း ချော်လဲတော့ ဆင်က တက်နင်းသွားတာ၊ သူလည်း ဒဏ်ရာရတယ်။”

သေဆုံးသူက ညောင်ဦးမြို့နယ်၊ ကကျဲရွာသား ကိုဖိုးပေ (အသက်-၃၅) နှစ် ဖြစ်ပြီး ဒဏ်ရာရသူတွေက ကကျဲရွာက ဦးမြင့်ကြည် (အသက် ၅၀) နဲ့ ကန်တိမ်ရွာသား ဦးသန်းအောင် (အသက်-၆၀) နှစ်တို့ ဖြစ်ကြပါတယ်။

အစိုးရကတော့ တောဆင်ရိုင်းအုပ်အား မူလ ကျက်စားရာနယ်မြေဖြစ်တဲ့ နတ် မောက်မြို့သစ်နယ်မြေ ပဲခူးရိုးမ အတွင်းသို့ ပြန်လည်ပို့ဆောင်မယ်လို့ သတင်းထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013