DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ၀င်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ၂ ဦးကို အနားပေး
DVB
·
August 26, 2015
ရွေးကောက်ပွဲ ၀င်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ၂ ဦးကို အနားပေး
Donate to DVB

သမ္မတက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ကို ၀န်ကြီးချုပ်တာဝန်မှ အနားပေးလိုက်တာဟာ သူတို့နှစ်ယောက် လာမယ့် ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပေးလိုက်တာလို့ နိုင်ငံတော်သမ္မတရုံးက ပြောပါတယ်။

သြဂုတ် ၂၅ နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့ အမိန့်ထဲမှာ ရခိုင်ဝန်ကြီးချုပ်နဲ့ ကရင်ဝန်ကြီးချုပ်တို့ကို တပ်မတော်မှ အငြိမ်းစားပေးခဲ့ပြီးဖြစ်လို့ သြဂုတ်၂၅ ရက်နေ့က စပြီး ၀န်ကြီးချုပ်တာဝန်မှ အငြိမ်းစားယူခွင့်ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဝန်ကြီးချုပ် နှစ်ယောက်ဟာ တပ်ကိုယ်စားလှယ်ကနေ သွားတဲ့ ၀န်ကြီးချုပ်တွေ ဖြစ်နေလို့ ရွေးကောက်ပွဲဝင်နိုင်အောင် အခုလို အငြိမ်းစားပေးရတာလို့ ပြောပါတယ်။

“သူတို့က နိုင်ငံ့ဝန်ထမ်း စစ်မှုထမ်းတွေ ဖြစ်နေတယ်။ တပ်မတော်အရာရှိကြီးတွေ၊ သူတို့က တပ်ကနေပေးတဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအနေနဲ့ ပြည်နယ်လွှတ်တော်တွေထဲကို ရောက်နေတာ၊ ဟို ၀န်ကြီးချုပ်တွေလို ရွေးချယ်ခံပြီး ရောက်နေတာ မဟုတ်ဘူး။ အဲဒီတော့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူတို့က တပ်ကနေ အငြိမ်းစားသွားမယ်။ အငြိမ်းစားသွားပြီးမှ နိုင်ငံရေးကို ၀င်လုပ်လို့ရမယ်။”

အခု အငြိမ်းစားပေးလိုက်တဲ့ ၀န်ကြီးချုပ် နှစ်ယောက်နေရာမှာ အစားထိုး ခန့်အပ်သွားဖို့ အစီအစဉ် ရှိတယ်လို့လည်း ပြောပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီအရင်ကလည်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို စစ်ဘက်တာဝန် ပြန်ထမ်းဆောင်ဖို့ အမိန့်ထုတ်ခဲ့တာရှိပြီး ဒီထဲက ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ပါဝင်ပါတယ်။

ဒီဗိုလ်ချုပ်ကြီးတွေဟာ စစ်တပ်ကနေ အငြိမ်းစားယူပြီး ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ကြတာလည်း တွေ့ရပါတယ်။

အလားတူ အခု အငြိမ်းစားပေးလိုက်တဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ဖြစ်ကြတဲ့ ဦးမောင်မောင်အုန်းနဲ့ ဦးဇော်မင်းတို့လည်း ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်း တင်သွင်းထားကြသူတွေ ဖြစ်ပါတယ်။

သမ္မတအနေနဲ့ အခုအချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်း လုပ်ဆောင်နေချိန်ဖြစ်လို့ ပြည်နယ်ဝန်ကြီးချုပ်နှစ်ယောက် ကိုယ်စားလှယ်လောင်း ဘောင်ဝင်အောင် အမိန့်ထုတ်ပြန်ပြီး အငြိမ်းစားပေးလိုက်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013