DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်များသေဆုံး
DVB
·
August 24, 2015
မုံရွာတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်များသေဆုံး
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်သူ့ဆေးရုံမှာ လက်ရှိအချိန်ထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားနေတဲ့ ကလေးငယ် ၁၅၀ လောက် ဆေးရုံ တက်ရောက် ကုသနေကြရပြီး ၁၅ ယောက် လောက် သေဆုံးခဲ့တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဦးညွန့်သန်းက ပြောပါတယ်။

မုံရွာ အနီးတ၀ိုက်မြို့တွေက လူနာတွေ လာရောက် ကုသနေကြတာဖြစ်ပြီး လူနာ ၈၀ ပဲ ဆန့်တဲ့ ကလေးအဆောင်မှာ နေရာ မလုံလောက်မှုအခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။

မုံရွာပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ညွှန့်သန်း က “ကလေးဆောင် တဆောင်ထဲတင် လူနာက ၂၀၀ နီးပါးလောက် ဖြစ်နေတဲ့ အတွက်ကြောင့်မို့  နေရာအခက်အခဲ ရှိတာရယ် ဒုတိယတချက်က ရောဂါရဲ့ သဘာဝအရ သွေးလန့်တဲ့လက္ခဏာ ပေါ်လာရင် စောစောစီးစီး သိဖို့ အရေးကြီးတယ်လေ။ ဆရာဆရာမတွေနဲ့ နီးတဲ့နေရာမှာ ကလေးတွေကို ထားရတဲ့အတွက် နေရာတအားကျပ်သလို ဖြစ်သွားတယ်။ သူတို့တွေလည်း နေရတာ သက်တောင့်သက်သာ မဖြစ်ဘူး။”လို့ ပြောပါတယ်။

လက်ရှိ ဆေးရုံမှာ ကလေးလူနာတွေအပြင် လူကြီးတချို့လည်း သွေးလွန်တုပ်ကွေး ရောဂါနဲ့ တက်ရောက် ကုသနေရပါတယ်။ နေ့စဉ် သွေးလွန်တုပ်ကွေးရောဂါနဲ့ လာရောက် ကုသနေသူတွေ ရှိနေဆဲ ဖြစ်ပြီး မနှစ်ကထက် ဒီနှစ် သြဂုတ်လအထိ လူနာဦးရေဟာ ၄ ဆလောက် ပိုများလာတယ်လို့ သိရပါတယ်။

ဆေးရုံအုပ်ကြီး ဒေါက်တာညွှန့်သန်း က “ကလေးဆောင်မှာဆိုရင် တရက်တရက်ကို ပျမ်းမျှ ၄၄ ယောက်လောက် တက်နေတယ်။ ဖျားနာဆောင်မှာ လူကြီးက ၄ ယောက်လောက်ပဲရှိတယ်။ လူကြီးအရေအတွက်ကတော့ နည်းတာပေါ့။ ဆေးရုံဆင်းတဲ့ လူနာမှာလည်း တနေ့ကို ကလေးက ၂၆ ယောက်လောက်ရှိတယ်။ လူကြီးလူနာက ၅ ယောက်လောက်ရှိတယ်။ အဲတော့ ကလေးတွေမှာပဲ ပိုအဖြစ်များနေတာ တွေ့ရတာပေါ့။ ၂၀၁၄ တုန်းက သွေးလွန်တုပ်ကွေး လူနာက ၃၉၃ ယောက်ပဲရှိတယ်။ ၂၀၁၅ မှာကျတော့ အခု စာရင်းယူတဲ့အထိကို ၁၆၅၀ လောက် ရှိတယ်ဆိုတော့ ဒီနှစ်ကတော့ ထူးထူးခြားခြား ပိုများလာတာပေါ့”လို့ ပြောပါတယ်။

ဒီနှစ် မေလလောက်ကစပြီး လူနာဦးရေ တိုးတိုးလာတာ ဖြစ်ပြီး သြဂုတ်လမှာ လူနာ အများဆုံး တက်ရောက်ကုသနေကြတာပါ။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ဖို့ အတွက် ခြင်အကိုက်မခံကြဖို့၊ ခြင်တွေ မပေါက်ဖွားအောင် ရေအိုးတွေကို အဖုံး ဖုံးကြဖို့၊ ရေသွန် ရေလဲ ရေစစ် ပြုလုပ်ကြဖို့နဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ အစိုးရက ခြင်မပေါက်ပွားအောင် ဆေးဖြန်းတာတွေ ပြုလုပ်ဖို့၊  အဖျားလူနာတွေ ရှိရင်လည်း နီးစပ်ရာဆေးခန်းတွေကို အမြန်ဆုံး ပြသကြဖို့ကိုလည်း ဆေးရုံအုပ်ကြီးက တိုက်တွန်းပါတယ်။

ခုနှစ်နှစ်ဆန်းပိုင်းကစပြီး ဇွန်လ ၂၆ ရက်အထိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၀၀၀၀ ကျော်ရှိပြီး ၄၅ ယောက် သေဆုံးခဲ့တယ်လို့ ဇွန်လကုန်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - မိုးမင်းဦး

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013