DVB Logo
Home
မြန်မာသတင်း
ဟားခါးမြေပြိုမှုကြောင့် ရွှေ့ပြောင်းရမည့် နေရာသစ် ၂ ခု အတည်ပြု
DVB
·
August 24, 2015
ဟားခါးမြေပြိုမှုကြောင့် ရွှေ့ပြောင်းရမည့် နေရာသစ် ၂ ခု အတည်ပြု
Donate to DVB

ချင်းပြည်နယ်ဟားခါးမှာ ပြီးခဲ့တဲ့လက မြေပြိုမှုကြောင့် ပျက်စီးခဲ့ရတဲ့ လူနေအိမ်ခြေတွေ ပြန်လည် ရွှေ့ ပြောင်းနေရာချထားရေးအတွက် နေရာသစ် ၂ ခုကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

သြဂုတ် ၂၄ ရက် ဒီကနေ့ မနက်ပိုင်းက ဘူမိဗေဒပညာရှင်တွေ၊ ပြည်နယ်ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ ရပ်မိရပ်ဖတွေ တွေ့ဆုံဆွေးနွေးပွဲမှာ အတည်ပြုခဲ့တာလို့ ချင်းပြည်နယ် သစ်တောနဲ့ သတ္တုတွင်း ၀န်ကြီး ဦးကျော်ငြိမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ရပ်ကွက်ရွှေ့ပြောင်းမယ့်ကိစ္စ ချင်းပြည်နယ်ဝန်ကြီးချုပ်က သမ္မတဆီ စာတင်ပါတယ်။ သမ္မတက အတည်ပြုပြီးတာနဲ့ ၀န်ကြီးချုပ်က ပြည်သူလူထုကို ရှင်းပြဖို့ မနေ့က ညွှန်ကြားတယ်။ ဒီနေ့ မနက်မှာ တွေ့ဆုံပွဲလုပ်ပြီး   ပြည်တော်သာ၊ မြို့ဟောင်းနဲ့ ကျောပုတ် ရပ်ကွက် ၃ ခုကို ရွှေ့ဖို့ နေရာ သတ်မှတ်အတည်ပြုကြောင်း ရှင်းပြခဲ့ပါတယ်။ ဟားခါးကနေ ဖလမ်းကိုသွားတဲ့ အထွက်လမ်းမှာ တနေရာ၊ ပြီးတော့ ဟားခါးကနေ ထန်တလန်ကိုသွားတဲ့ အထက်လမ်းမှာ တနေရာပါ။ မိသားတစုကို ပေ (၆၀ X ၈၀) ကျယ်တဲ့ မြေကွက်ချပေးဖို့၊  အိမ်ယာ ဆောက်လုပ်ရေးမှာ ထောက်ပံ့ကူညီပေးဖို့ ကိစ္စတွေပါ ပါတယ်။ လောလောဆယ် သစ်တောဝန်ကြီးဌာနက တန်ဘိုးနည်းအိမ်ယာ ၈၅ လုံးဆောက်ပေးမှာ ဖြစ်တယ်။”

ကျန်တဲ့အိမ်တွေအတွက်လည်း ထောက်ပံ့ကူညီမှုတွေရရှိဖို့ ရန်ပုံငွေတွေ၊ အလှူငွေတွေ ဆက်လက် ရှာဖွေသွားမယ်လို့လည်း ပြည်နယ်ဝန်ကြီးကပြောပါတယ်။

ဟားခါး မြေသားခိုင်မာမှုအခြေအနေကို ကွင်းဆင်းလေ့လာခဲ့တဲ့  ဂျပန်နဲ့ မြန်မာ ဘူမိဗေဒ ပညာရှင်တွေကလည်း အထက်ပါ ရပ်ကွက်တွေဟာ နေထိုင်လို့ မသင့်တော့ကြောင်း အတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့ဟောင်း၊ ဈေးဟောင်း၊ ဈေးသစ်စတဲ့ ရပ်ကွက်တွေလည်း နေလို့မသင့်တဲ့ အထဲမှာ ပါဝင်ပြီး နေရာသစ် ဆက်လက်ရှာဖွေရမှာဖြစ်ကြောင်း၊ ချင်းပြည်နယ် တီးတိန်နဲ့ ပလက်ဝ မြို့နယ်ဘက်မှာလည်း အလားတူ မြေပြိုမှုတွေ ရှိနေတာကြောင့် ပြန်လည်နေရာချထားရေး ကိစ္စအတွက် အချက်အလက်တွေ ကောက်ယူ စုဆောင်းနေဆဲပဲလို့ သစ်တောဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက  ချင်းပြည်နယ်မှာ မြေပြိုမှုကြောင့် ဟားခါး၊  တီးတိန်နဲ့ ပလက်ဝမြို့နယ်တွေထဲမှာ  လူနေအိမ်တွေ ပြိုကျပျက်စီးကာ လူပေါင်း ၇၀၀၀ ကျော် ဒုက္ခသည်စခန်းမှာ ရွှေ့ပြောင်းခိုလှုံ ခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013