DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဖြတ်လက်မှတ်အတုဖြင့် ထိုင်းနိုင်ငံထဲ ခိုးဝင်သူ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ
DVB
·
August 24, 2015
နယ်စပ်ဖြတ်လက်မှတ်အတုဖြင့် ထိုင်းနိုင်ငံထဲ ခိုးဝင်သူ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ နယ်စပ်ဖြတ်လက်မှတ်အတုနဲ့ ထိုင်းနိုင်ငံထဲ ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ် သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ၆ ဦးမှာ အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး  ပြီးခဲ့တဲ့ စနေနေ့ (သြဂုတ်လ ၂၂ ရက်)နေ့ မွန်းလွဲ ၂ နာရီအချိန်က ကန်ကျနပူရီမြို့နယ် ဘန့်ကောင်ကျေးရွာအုပ်စု ဖူးနမ့်ရွန့်ရတ်ဆီရီ ဘုန်းကြီးကျောင်းအတက်လမ်း ဂိတ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ကန်ကျနပူရီခရိုင် လ၀က ရဲမှူးကြီး ၀ိရယုဒ် ကာလွန်းထောင်းန် က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့တွေဟာ ငွေရောင်တိုယိုတာဟိုင်းလပ်ကားတစီးနဲ့  ၀င်ရောက်လာတာဖြစ်ပြီး ကားမောင်းသမားမှာ အသက် ၂၈ နှစ်ရွယ်ရှိ မြန်မာနိုင်ငံသား  နိုင်းချတ်မီးငင်း ဆိုသူဖြစ်ကြောင်း၊ ဂိတ်မှာစာရွက်စာတမ်းများ တောင်းခံစစ်ဆေးရာမှာ (TEMPORARY BORDERPASS)   နယ်စပ်ဖြတ်ကျော် လက်မှတ် ၅ စောင်မှာ ထိုင်းလ၀က တံဆိပ်တုံးအတုကို အသုံးပြုထားတာ တွေ့ရတယ်လို့  ရဲမှူးကြီးက ဆက်ပြောပါတယ်။

ကားမောင်းသမားကလည်း လ၀ကတံဆိပ်အတုဖြစ်ကြောင်း ၀န်ခံပြောဆိုခဲ့ပြီး သူ့ကို စာရွက်စာတမ်းတုပရာမှာ ပူးပေါင်းပါဝင်မှု၊ တရားမ၀င်သူတွေ ထိုင်းနယ်မြေထဲ ၀င်ရောက် လာအောင် ကူညီအားပေးမှု၊ တရားမ၀င်သူတွေ သယ်ဆောင်လာမှု  အစရှိတဲ့ စွဲချက်တွေနဲ့ ကန်ကျနပူရီခရိုင် အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့လက်ကို အပ်နှင်းလိုက်တယ်လို့ ဆိုပါတယ်။

ဒီစာရွက်စာတမ်းအတု လုပ်ဆောင်မှုမှာ ပါဝင်ပတ်သက်တဲ့ အခြားကွင်းဆက်တွေလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွား မယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်လက်မှတ်တုနဲ့ ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၅ ဦးကိုလည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့  ကန်ကျနပူရီ ရဲမှူးကြီးရဲ့အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013