DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် သွေးလွန်တုပ်ကွေးကြောင့် ကလေး ၁၄၀ ခန့် ဆေးရုံတင်
DVB
·
August 23, 2015
မုံရွာတွင် သွေးလွန်တုပ်ကွေးကြောင့် ကလေး ၁၄၀ ခန့် ဆေးရုံတင်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်သူ့ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့ ကလေး ၁၄၀ လောက် ဆေးရုံတက်ရောက်ကုသနေကြရပြီး ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဦးညွန့်သန်းက ပြောပါတယ်။

မုံရွာအနီးတ၀ိုက်ကမြို့တွေဖြစ်တဲ့ တန့်ဆည်၊ ရေဦးနဲ့ မုံရွာမြို့နယ်ထဲက ကလေးတွေ တက်ရောက်ကုသနေကြတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းလို့ အခုလို စုပြုံရောက်ရှိ လာကြတာလို့ ပြောပါတယ်။

“လူနာအားလုံး ၂၄၀ လောက်ရှိတယ်၊ အဲ့ဒီ အားလုံးမှာ သွေးလွန်တုပ်ကွေးက ၁၄၀ လောက် ရှိတယ်၊ ကလေးဆောင်က ကလေးတွေပေါ့။ ဇွန်၊ ဇူလိုင်လလောက်က များတာဗျ၊ သြဂုတ်လမှာ လျော့ပြီးတော့ သြဂုတ်လကုန်ကျမှ ထူးထူးခြားခြား များလာတာ၊ ဟိုရက်က မိုးတွေရွာလို့ သွားရေးလာရေးခက်တော့ သိပ်မလာနိုင်ကြဘူးလေ၊ အခုက သွားရေးလာရေး လွယ်တော့ ပြန်ရောက်လာကြတာပေါ့။”

သွေးလွန်တုပ်ကွေးစဖြစ်တဲ့ ဇွန်လလောက်ကနေ အခုအထိ သေဆုံးတဲ့ ကလေး ၅ ယောက် ရှိသွားပြီ၊ ကုတင် ၈၀ လောက်ပဲ ဆန့်တဲ့ ကလေးဆောင်မှာ ၂၄၀ လောက်တင်ပြီး ကုသနေရတယ်လို့ ပြောပါတယ်။

မုံရွာပြည်သူ့ဆေးရုံကြီးကို သတင်းသွားယူခဲ့တဲ့ ဒီဗွီဘီနယ်ခံသတင်းထောက် ကိုမိုးမင်းဦးကတော့ သူ မြင်တွေ့ခဲ့ရပုံတွေ အခုလို ပြောပါတယ်။

“ကလေးတွေက တော်တော်များတယ်၊ ကုတင်တချပ်ကို ကလေး ၃-၄ ယောက်လောက် ပူးနေရတာ။ တချို့ဆိုလည်း အပြင် သစ်ပင်အောက်မှာ ဆလိုင်းချိတ်ပြီး နေနေရတာလည်း တွေ့တယ်။ ဆေးရုံက မဆံ့ဘူး၊ ၀ရန်တာဘက်တွေ ထုတ်ထားရတာ၊ လူနာက ၀င်တုန်း၊ ကျနော့်ရှေ့တင် ဆုံးသွားတဲ့ ကလေးတယောက်လည်း တွေ့တယ်။”

ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က အခုနှစ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းဟာ အရင်နှစ်ကထက် ၂ ဆ ပိုဖြစ်ပွားနေတယ်လို့ မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

အခုနှစ်နှစ်ဆန်းပိုင်းကစပြီး ဇွန်လ ၂၆ ရက်အထိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားသူ ၁၀၀၀၀ ကျော်ရှိပြီး ၄၅ ယောက် သေဆုံးခဲ့တယ်လို့ ဇွန်လကုန်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြဘူးပါတယ်။

ဓာတ်ပုံ - မိုးမင်းဦး

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013