DVB Logo
Home
မြန်မာသတင်း
ရေခဲကန် ပြိုကျမှုကြောင့် မြစ်ကြီးနား ရေကြီးနိုင်ဟု သတိပေး
DVB
·
August 23, 2015
ရေခဲကန် ပြိုကျမှုကြောင့် မြစ်ကြီးနား ရေကြီးနိုင်ဟု သတိပေး
Donate to DVB

ဟိမ၀န္တာက ရေခဲကန်တွေ ပြိုကျ လျှံကျမှုကြောင့် ကချင်ပြည်နယ်၊မြစ်ကြီးနားမှာ ရုတ်တရက်ရေကြီးနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

ဟိမ၀န္တာတောင်တန်းတွေပေါ်မှာ သဘာဝမဟုတ်တဲ့ ရေခဲကန်တွေဖြစ်ပေါ်နေပြီး အဲ့ဒီရေခဲကန်တွေ ပြိုကျလျှံကျရင် မြစ်ကြီးနားမှာ ရေကြီးနိုင်တယ်လို့ သူက ပြောပါတယ်။

“ဟိမ၀န္တာတောင်ပေါ်မှာ မိုးကောင်းနေတော့ အဲ့ဒီမှာ သဘာဝမဟုတ်တဲ့ကန်တွေ ရှိနေတယ်၊ သဘာဝမဟုတ်တဲ့ကန်ဆိုတာက ဟိမ၀န္တာတောင်မှာ ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲတွေ အရေပျော်တာ များလာပြီးတော့ ပျော်ကျလာတဲ့ရေတွေက မြေနိမ့်တနေရာမှာ သွားစုတာ ကြာတော့ ရေကန်ကြီးတွေ ဖြစ်လာတာ၊ အဲ့ဒီကန်တွေက သဘာဝ မဟုတ်တော့ တောင့်တင်းခိုင်မာမှု မရှိဘူး၊ တောင်ပေါ်မှာ မိုးများပြီဆိုရင် ကန်အောက်ခြေမြေတွေက မခိုင်တော့ မြေပြိုကျ၊ ကျတော့ ကန်ထဲမှာရှိတဲ့ ရေတွေက အရှိန်အဟုန်နဲ့ တောင်ပေါ်က တောင်အောက်ကို ဆင်းတော့ သူနဲ့ဆက်စပ်နေတဲ့ မြစ်တွေထဲ ဆင်းဆိုတော့ အဲ့ဒီမှာ ဧရာဝတီမြစ်လည်း ပါတယ်လေ။”

ဟိမ၀န္တာတောင်ကို စောင့်ကြပ်ကြည့်ရှုနေတဲ့ အဖွဲ့ နှစ်ဖွဲ့ကလည်း အဲ့ဒီကန်တွေ ပြိုကျနိုင်ကြောင်း သတိပေးထားတယ်လို့ ပြောပါတယ်။

အလားတူ အဖြစ်မျိုး မြစ်ကြီးနာမြို့မှာ ၂၀၀၄ခုနှစ်က ဖြစ်ပွားခဲ့ဖူးပြီး မြစ်ကြီးနားမြို့မှာ တနေ့တည်း ရေ ၂၃ ပေ လောက်ထိ မြင့်တက်ခဲ့ဖူးတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။

မြစ်ကြီးနားမြို့ခံ ရှေနေ ဦးမာခါးက ၂၀၀၄ တုန်းက မြစ်ကြီးနာ ရေကြီးခဲ့ပုံကို ခုလို ပြောပြပါတယ်။

“အဲ့ဒီတုန်းက ကျနော်တို့ စီတာပူမှာဆိုရင် လူ တရပ်ကျော်ကျော် ရေမြုပ်တယ်၊ အိမ်အောက်ထပ်တွေဆို အကုန်ရေမြုပ်တဲ့အဆင့် ဖြစ်တာပေါ့၊ မနောကွင်းဆို ဟိုး ကြေးရုပ်တောင်မှ သူ့ရဲ့ လည်ပင်းအထိ မြုပ်သွားတယ်၊ဟုတ်တယ်။ အဲ့ဒီတုန်းက အဓိက ရေခဲပြိုကျလို့ ဖြစ်ခဲ့တာ၊ မြေပြင်မှာ ၁၀ ပေအထက် မြင့်တဲ့ထိ မြုပ်ခဲ့တာဆိုတော့ မြစ်ရေလယ်ဗယ်ကနေပြောရင် ၂၃ ပေ ဆိုတာ ဖြစ်နိုင်ပါတယ်။”

မိုးလေ၀သပညာရှင် ဦးထွန်းလွင်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ရေဖုံးလွှမ်းခံရမှု(ရေကြီးမှု) ၆ မျိုးရှိပါတယ်။

ကျယ်ပြန့်ရေကြီးမှု၊ လျပ်တပြက်ရေကြီးမှု၊ ဆူနာမီရေကြီးမှု၊ မုန်တိုင်းဒီရေ ရေကြီးမှု၊ လူလုပ်ရေကြီးမှုနဲ့ နယ်စပ်ကျော်ဖြတ်ရေကြီးမှုတို့ဖြစ်ပြီး ကျယ်ပြန့်ရေကြီးမှု၊ လျပ်တပြက်ရေကြီးမှု နဲ့ လူလုပ်ရေကြီးမှုတို့ မြန်မာပြည်မှာ ဖြစ်ပွားခဲ့ပြီးပြီ၊ အခု နယ်စပ်ကျော်ဖြတ်ရေကြီးမှု ဖြစ်ပွားဖို့ နီးစပ်နေပြီလို့ သူ့အင်တာနက်စာမျက်နှာကနေ  သတိပေးထားပါတယ်။

ဇွန်လ ၂၄ ရက်ကနေ သြဂုတ် ၂၂ ရက်အထိ နိုင်ငံတ၀န်း ရေကြီးမှုအတွင်း လူ ၁ သန်းခွဲကျော် ရေဘေးသင့်ခဲ့ပြီး ၁၁၇ ဦး သေဆုံးခဲ့တယ်လို့ အစိုးရကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

လူသေဆုံးမှုမှာ ရခိုင်ပြည်နယ်ရေဘေးအတွင်းအများဆုံးဖြစ်ပြီး ၆၀ကျော် သေဆုံးခဲ့တယ်။ ရေဘေးကြောင့် အိမ်ထောင်စုပေါင်း ၄ သိန်းကျော် ထိခိုက်ခံစားခဲ့ရပြီး အိမ် ၁ သိန်း ၈ သောင်းကျော် မျောပါပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013