DVB Logo
Home
မြန်မာသတင်း
ကိုယ်စားလှယ် ရုပ်သိမ်းဥပဒေ ဆိုင်းခဲ့သည့် လွှတ်တော်ကို အစိုးရသတင်းစာ ဝေဖန်
DVB
·
August 23, 2015
ကိုယ်စားလှယ် ရုပ်သိမ်းဥပဒေ ဆိုင်းခဲ့သည့် လွှတ်တော်ကို အစိုးရသတင်းစာ ဝေဖန်
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ လွှတ်တော်ကို ဝေဖန်ထားတဲ့ ဆောင်းပါးတစောင် အစိုးရသတင်းစာမှာ အကျယ်တ၀င့် ဖော်ပြထားပါတယ်။

ဆောင်းပါးရှင် မိုးသူဇာစိုး ဆိုသူရဲ့ ပြည်သူတွေကို မယုံကြည်ဘူးလား ဆောင်းပါးကို ဒီနေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဆောင်းပါးထဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ''မဲဆန္ဒရှင်တွေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ယုံယုံကြည်ကြည်နဲ့ ရွေးချယ်လိုက်တယ်။ ရွေးချယ်ပေးလိုက်တဲ့ မဲဆန္ဒရှင်တွေကိုတော့ မယုံကြည်သလို ဖြစ်နေတယ်”လို့ ပြောကြားထားပါတယ်။

တခါ လွှတ်တော်ထဲ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်က အမြန်ဆုံးပြဋ္ဌာန်းသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ မကွေးအမတ် ဦးလှဆွေပြောစကားကိုလည်း ဆောင်းပါး တနေရာမှာ အခုလို ဖော်ပြပါတယ်။

‘''တကယ်တော့ တစ်ရာခိုင်နှုန်းက တိုင်တာပဲဗျာ။ လုံလောက်ပါပြီ။ ဒီလို တစ်ရာခိုင်နှုန်းရဲ့ တိုင်တန်းချက်ကိုတောင် လက်မခံနိုင်ရလောက်အောင် သူတို့ လုပ်ရပ်က အာမခံချက် မရှိတော့ဘူးလား၊ မှတ်ကျောက်တင်လို့မရဘူးလား။ လစာတိုးဖို့ အကျိုးရှိတော့ ညီခဲ့ကြပြီး ကိုယ့်ကို ပြည်သူက ပြန်ထိန်းမယ့်ဥပဒေကျတော့ လက်မခံဘူးဆိုတော့ အင်မတန် ရှက်စရာ ကောင်းပါတယ်။''

လွှတ်တော်တွင်း ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြတုန်းက မဲဆန္ဒရှင် ၁ရာခိုင်နှုန်းက တိုင်တန်းရင် ဆိုတဲ့အချက်အပေါ် အဓိကထား ဆွေးနွေးငြင်းခုန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ''သာမန်နားထောင်လိုက်ရင် တစ်ရာခိုင်နှုန်းလောက်က ဖြုတ်ချတာ ဘယ်တရားပါ့မလဲလို့ အထင်ရှိစရာရှိ တယ်။ ဥပဒေက ဒီလိုဆိုတာ မဟုတ်ပါဘူး။ တစ်ရာခိုင်နှုန်းက တိုင်ကြားနိုင်တာပါ။ တိုင်တာနဲ့ ဖြုတ်ချ ရုပ်သိမ်းလို့ မရပါဘူး။ အဲ့ဒီနောက်မှာ ဆက်လုပ်ရမယ့်လုပ်ငန်းစဉ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အကာအကွယ်တွေ အများကြီး ပေးထားပါတယ်” လို့ ပြောပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဗွီအိုအေသတင်းဌာနတို့ တွေ့ဆုံမေးမြန်းခန်း တနေရာမှာလည်း ဦးတင်အေးက “တစ်ရာနှုန်းကို မစိုးရိမ်ပါနဲ့။ တစ်ရာနှုန်းဆိုတာ စုံစမ်းတာပဲ ရှိပါတယ်။ စုံစမ်းတာ မှားတယ်ဆိုရင် ပယ်ချလိုက်ပါမယ်။ စုံစမ်းတာ မှန်ပြီဆိုရင် ဒါ စိုးရိမ်စရာမရှိဘူး။ ခုနကပြောတဲ့ မဲပြန်ပေးရပါမယ်။ အဲ့ဒီ့ကျရင် ၅၀ ရာခိုင်နှုန်း အထက်ရနေရင် ခင်ဗျားတို့ ပြုတ်စရာ အကြောင်းမရှိဘူး။ ဒါတော့ ခင်ဗျားတို့ ရင်ဆိုင်ရဲရမယ်။ ဒီလိုလုပ်တဲ့အတွက် ခင်ဗျားတို့ ချေပပိုင်ခွင့်တွေ သက်သေပြပိုင်ခွင့်တွေ ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

သြဂုတ် ၂၀ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်တရပ်မှာတော့ လွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်လို့ ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ကြပြီး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ ဆိုင်းထားဖို့ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက် ၂၃၅ မဲကြားနေ ၁၂ မဲရှိခဲ့ပြီး ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013