
အီရန်ကို အခုသီတင်းပတ်အတွင်း တတိယအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
ဟော်မုဒ်ရေလက်ကြားမှာ ဆိုက်ပရက်အလံ လွှင့်ထားတဲ့ ကွန်တိန်နာသင်္ဘော တိုက်ခိုက်ခံရပြီးနောက် အမေရကန်က အီရန်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စနေနေ့က တတိအကြိမ် တိုက်ခိုက်ခဲ့တာပါ။
စနေနေ့တုန်းက ခွင့်ပြုချက်မယူဘဲ ရေလက်ကြားမှာ ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့ သင်္ဘော ၁ စင်းကို တိုက်ခိုက်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို နောက်ထပ်ထုတ်ပြန်ချက်မလုပ်မချင်း ပိတ်ထားဖို့ အီရန်ရဲ့ အစ္စလမ်မစ်တော်လှန်ရေး အစောင့်အတပ်ဖွဲ့က တနင်္ဂနွေနေ့အစောပိုင်းမှာ ကြေညာထားပါတယ်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်ရဲ့ ပြောဆိုချက်အရ တိုက်ခိုက်ခံရတဲ့ သင်္ဘောဟာ အင်ဂျင်ခန်းပျက်ခဲ့ပြီး ရှေ့ဆက်သွားလို့မရတော့သလို သင်္ဘောပေါ်မှာလည်း မီးလောင်ခဲ့ကာ သင်္ဘောသား တယောက်လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က “အီရန်ကို အရင်က တိုက်ခိုက်မှုတွေအတွက် တာဝန်ယူခိုင်းနောက်ပိုင်း သင်္ဘောတွေကို မတိုက်ဖို့ MoU လက်မှတ်ထိုးခဲ့ပါတယ်။ အီရန်က နောက်ထပ် အခွင့်အရေးကိုလည်း လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။ ရေလက်ကြားမှာ သွားလာနေတဲ့ ကွန်တိန်နာသင်္ဘောတွေ၊ ကုန်သွယ်ရေး င်္ဘောတွေကို အီရန်က တိုက်ခိုက်လို့မရအောင် အမေရိကန်က တိုက်ခိုက်မှုတွေလုပ်ပြီး လက်တုံ့ပြန်သွားမှာပါ” လို့ ဆိုရှယ်မီဒီယာ X မှာ ဖော်ပြပါတယ်။
အီရန်နိုင်ငံတောင်ပိုင်းရှိ မြို့ ၃ မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း အီရန်ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။
မြို့ ၃မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ ဘယ်သူ့လက်ချက်လဲဆို တာတော့ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
အီရန်တော်လှန်ရေး အစောင့်တပ် IRGC ကလည်း အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့ ထောက်ပံ့ရေးနဲ့ လောင်စာဆီ ဖြည့်တင်းရေး ပလက်ဖောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပြီး ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြန်ပါတယ်။
IRGC က သူ့ရဲ့ အာကာသတပ်ဖွဲ့တွေဟာ အိုမန်နိုင်ငံက ဒုခ်ဆိပ်ကမ်းမှာရှိတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့ ထောက်ပံ့ရေးနဲ့ လောင်စာဆီဖြည့်တင်းရေး ပလက်ဖောင်းတွေကို အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။
အမေရိကန်ရဲ့ စစ်ရေး “ကျူးကျော်မှု” လို့ သူတို့က ခေါ်တဲ့ လုပ်ရပ်အပေါ် တုံ့ပြန်မှု တတိယအဆင့်လို့လဲ IRGC က ပြောပါတယ်။
စစ်ဆင်ရေးဟာ အမေရိကန် ရေတပ်သင်္ဘောတွေအတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးရေးဌာနတွေကို ပစ်မှတ်ထားခဲ့တယ်လို့လည်း IRGC က ထပ်ပြောခဲ့ပါတယ်။ IRGCရဲ့ ရေတပ်က အတည်ပြုမထားတဲ့ လမ်းကြောင်းကတဆင့် မဟာဗျူဟာ ရေလမ်းကြောင်းကို ဖြတ်ဖို့ ကြိုးစားတဲ့ သင်္ဘောတစင်းကို တိုက်ခိုက်ပြီးတဲ့နောက် ဟော်မုဇ် ရေလက်ကြားကို နောက်ထပ် အကြောင်းကြားချက် မရမချင်း ပိတ်ထားတယ်လို့ ဇူလိုင် ၁၂ရက်အစောပိုင်းမှာ ကြေညာပါတယ်။
သင်္ဘော အမြောက်အမြားဟာ အတည်ပြုထားတဲ့ သင်္ဘောလမ်းကြောင်းတွေကနေ သွေဖည်ဖို့ ကြိုးစားခဲ့ပြီး လမ်းကြောင်းချိန်ညှိဖို့ သတိပေးချက်တွေကို အကြိမ်ကြိမ် ပေးခဲ့ပေမဲ့ လျစ်လျူရှုခဲ့တယ်လို့ ပြောပါတယ်။
သင်္ဘောတစင်း ခရုဇ်ဒုံးကျည် ထိမှန်ပြီး ရပ်တန့်ဖို့ အတင်းအကျပ် ခိုင်းခဲ့ရတယ်လို့လည်း ပြောပါတယ်။
စနေနေ့နှောင်းပိုင်းမှာ အိုမန်ကမ်းရိုးတန်းက ဖြစ်ရပ်တခုမှာ ပျက်စီးခဲ့ပြီးတဲ့နောက် ကွန်တိန်နာသင်္ဘောတစင်း မီးလောင်ခဲ့တယ်လို့ ယူနိုက်တက်ကင်းဒမ်း ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများအဖွဲ့ (UKMTO) က နေ့ချင်း ထုတ်ပြန်ခဲ့တဲ့ အကြံပြုချက်ထဲမှာ ပြောပါတယ်။
ဒီဖြစ်ရပ်ထဲမှာ အိုမန်အရှေ့ဘက် ရေမိုင်ကိုးမိုင် အကွာမှာရှိတဲ့ ကွန်တိန်နာသင်္ဘောတစင်း ပါဝင်ပတ်သက်နေတယ်လို့ ပြောထားတဲ့ စစ်ဘက်အာဏာပိုင်တွေဆီက အစီရင်ခံစာကို UKMTO က လက်ခံရရှိခဲ့ပါတယ်။
အစီရင်ခံစာအရ သင်္ဘောနောက်ဘက်မှာ ပျက်စီးခဲ့ပြီး သင်္ဘောပေါ်မှာ မီးလောင်ခဲ့ပါတယ်။ အီရန်နဲ့ အိုမန်နိုင်ငံကြားက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ ကုန်သွယ်ရေးသင်္ဘောတွေအပေါ် အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ အီရန်အကြား မကြာသေးမီက အပြန်အလှန်တိုက်ခိုက်ခဲ့တာပါ။
Source: Reuters










