DVB Logo
Home
မေးမြန်းခန်း
တပြည်လုံးကို စစ်မီးကူးစက်နိုင်ဟု စစ်ရေးအကဲခတ် ခန့်မှန်း
DVB
·
June 16, 2011
Donate to DVB

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်မီးဟာ မကြာခင်မှာ မြန်မာပြည်တပြည်လုံးပျံ့နှံ့လာနိုင် တယ်လို့ မြန်မာ့စစ်ရေးလေ့လာသူ ဦးဌေးအောင်က ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ်မှာ အပစ်ရပ်ကချင်တပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲတွေ ပြန်ဖြစ်နေတာနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ ခုလိုပြောကြားလိုက်တာပါ။

“သူတို့က အစကတည်းက ကချင်ကို ပိုငြိုးခဲ့တဲ့ အနေအထား ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အမျိုးသားညီလာခံတက်တုန်းကလည်း ဘာပဲဖြစ်ဖြစ် နအဖနဲ့ အဆင်ပြေအောင် သူတို့ ခေါင်းဆောင်တချို့က  လိုက်လျောပြီးတော့ ပြောဆိုခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် နောက်ကွယ်မှာလည်း တဖက်က ပြင်တာတွေ ရှိတယ်။ အဲဒီအခါကျတော့ နအဖ တွေးတာကတော့ တခြားတိုင်းရင်းသားအဖွဲ့နဲ့ စာရင်တော့ ကချင်က နည်းနည်းလူလည်ကျတယ်လို့ သူတို့တွေးတာပေါ့နော်။

“ဥပမာပြောရင် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အုန်းမြင့်က လေးလပတ် အစည်းအဝေးတခုမှာ အောက်က တပ်မှူးတွေကို ပြောပြတာတခုရှိတယ်။ ကချင်တွေ  က အခွင့်အရေးအတွက် သွားပြီးတော့ အမျိုးသားညီလာခံကို တက်နေတာ၊ တချိန်ချိန် ကျရင် ဒီအဖွဲ့ကိုလည်း တိုက်ရမှာပဲ၊ အဲဒီအတွက်ပြင်ထားရမယ်ဆိုတာမျိုး အပစ်အခတ် ရပ်စဲထားတဲ့ကာလကတည်းက သူတို့က အဲဒီလိုသဘောထားရှိတယ်။ အဲဒီတော့ အခုအပိုင်းမှာ တိုက်တာကတော့ တခုရှိတယ် - ကျနော်ထင်တာက ကချင်ပြည်နယ်က ဖြတ်ပြီးသွားမယ့် ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ အဓိက သက်ဆိုင်မယ်လို့ ထင်တယ်။”

ဆိုတော့ ဒီပိုက်လိုင်းနေရာမှာ ကချင်တပ်တွေကို မထားချင်တဲ့ အနေအထားပေါ့။

“အမှန်ကတော့ တကယ်ကျရင် သူတို့ပြောတဲ့အတိုင်းပါပဲ။ ဗမာပြည်မှာ တပ်မတော်တရပ်တည်းပဲ ရှိရမယ်ဆိုတဲ့ သူတို့အခြေခံမူက ခိုင်ခိုင်မာမာ ချထားပြီးသားလေ။ ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို သူတို့က အပစ်အခတ် ရပ်စဲရေး - အားလုံး နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရင်ပြောင်း ဒါမှမဟုတ်ရင် ပြည်သူ့ စစ်အဖြစ် တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိချင်ရှိ၊ အဲဒီနှစ်ချက်ကလွဲလို့ ကျန်တဲ့ အဖွဲ့တွေ အကုန်လုံးကို တပ်မတော်နဲ့ ယှဉ်ပြိုင်ပြီး လက်နက်ကိုင်အဖွဲ့တွေကို ထားမှာ မဟုတ်ဘူး။

“အဲဒီတော့ တိုက်မှာကတော့ အကုန်လုံးကိုတိုက်ဖို့ သူတို့မှာ အခြေခံဆုံး ဖြတ်ချက် ရှိပြီးသားပဲ။ အချိန်ဆွဲနေတာက ဘယ်အဖွဲ့ကို အရင်စတိုက်မလဲဆိုတာပေါ့။ ဗမာပြည်တပြည်လုံးမှာ ရှိနေတဲ့ တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေကို သူတို့က တပြိုင်တည်း စစ်ဆင် တိုက်ခိုက်နိုင်တဲ့ အနေအထားက တပ်မတော်မှာ မရှိသေးဘူးလို့ ထင်တယ်။”

အစိုးရသစ် တက်လာတာက သမ္မတ ဦးသိန်းစိန်က ပြေပြေလည်လည် စကားတွေ မိန့်ခွန်းတွေမှာလည်း ပြောတာရှိတယ်။ ပြောပြီး မကြာခင်မှာပဲ စစ်က တိုက်လာတယ်ဆိုတော့ ဒီဟာက အရှေ့က တမျိုးပြောပြီး အနောက်မှာ လုပ်ချင်တိုင်း လုပ်နေတဲ့ဟာက တမျိုးလား။ ဒါမှမဟုတ် တပ်နဲ့ အစိုးရနဲ့ ကြားထဲမှာ က အာဏာခွဲဝေထားတဲ့ပုံစံ၊ စစ်တပ်က သူလုပ်ချင်တဲ့ အနေအထားမျိုးလား။ ဘယ်လိုမျိုး ယူဆလဲ။

“မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ဦးသိန်းစိန်ရဲ့အဖွဲ့ အစိုးရကလည်း ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီးတော့ တောင်ရှည်ပုဆိုး ၀တ်ထားတဲ့ အနေအထားလေ။ ဒီပုတ်ထဲက ဒီပဲပဲ။ အဲဒီတော့ သူတို့ရဲ သဘောထားကလည်း အတူတူ ချည်းပဲ။ အခုကတော့ တခုရှိတာပေါ့။ တိုက်ပုံအင်္ကျီဝတ်တယ်၊ တောင်ရှည်ပုဆိုးဝတ်တယ် ဆိုတော့ အဲဒီဇာတ်ရုပ်နဲ့လိုက်တဲ့ စကားတော့ သူက ပြောရတာပေါ့။ ယူနီဖောင်းဝတ်ထားတဲ့သူ၊ ပခုံးပေါ် အပွင့်တင်ထားတဲ့သူ၊ ခါးမှာ သေနတ်ချိတ်ထားတဲ့သူကတော့ လူမိုက်စကားသူက ပြောမှာပေါ့။ အဲတော့ သူတို့က ကျရာအခန်းကဏ္ဍမှာ သရုပ်ဆောင်နေကျတာလေ။ ကျနော်မြင်တာကတော့ သူတို့က မူဝါဒ တခုတည်းမှာပါပဲ။ သူတို့က ဘယ်နည်းနဲ့မဆို တိုက်မှာပဲ။”

တချို့က ပြောတာရှိတယ်။ ခုဏက ဦးဌေးအောင်ပြောသလိုမျိုး လက်နက်ကိုင်တပ်တွေကို အမြစ်ပြတ်အောင် တိုက်ဖို့ဆိုတာက ခက်ယဉ်းတယ်ဆိုတာ ရှုထောင့် တခုပေါ့။ နောက်တခုကလည်း စစ်တပ်က သူတို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကိုမှ တိုက်စရာ မရှိဘူးဆိုရင် သူတို့ စစ်တပ်ရဲ့ အရှိန်အ၀ါ စစ်တပ်ကို လူတွေ အသိအမှတ်ပြု မခံရမှာစိုးလို့ တမင်မွေးထားတယ် ဆိုတာမျိုးပေါ့လေ။

“တခုတော့ ရှိတယ်။ တမင်မွေးထားတာမျိုးတော့ မဟုတ်ဘူးဗျ။ ဗမာပြည်မှာ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုကို သူတို့အနေနဲ့ အမြစ်ဖြတ်လို့ရမယ်ဆိုရင် အမြစ်ဖြတ်ချင်နေတဲ့ အနေအထား ရှိပါတယ်။ သူတို့ ထိုးစစ်တွေလည်း တကယ်ပဲ ဟန်ဆောင်ပန်ဆောင် ထိုးစစ်ဆင်တာမျိုး မဟုတ်ဘဲနဲ့ တကယ် ထိုးစစ်ဆင်တိုက်ခိုက်နေတာမျိုး၊ အဲတော့ အခုအနေအထားကတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ သူတို့တပ်ထဲမှာက ပြဿနာတွေ မျိုးစုံရှိနေတယ်ဆိုတော့ ကျနော်တို့အားလုံး ထင်သာမြင်သာတဲ့အချက်ပဲ အဲဒီတော့ သူတို့အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် သူတို့တပ်ထဲမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အပြင်အာရုံလွှဲဖို့အတွက်လည်းပဲ...၊ ဗမာပြည်ကွန်မြူနစ်ပါတီရှိတုန်းက ကွန်မြူနစ်အန္တရာယ်ဆိုပြီး သူတို့ လက်ညှိုးထိုးပြခဲ့တာ ရှိတယ်။ အခုချိန်မှာ ဆိုရင် အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နိုင်ငံကို လက်ညှိုးထိုးပြတာရှိတယ်။ အခုတခါ ထပ်ပြီးတော့ ပြည်တွင်းစစ်ကို လက်ညှိုးထိုးပြမယ့် အနေအထားပေါ့ဗျာ။ ဒါကတော့ ရန်သူရှာတာကတော့ သူတို့တပ်ကို ထိန်းနိုင်အောင်လို့ ရန်သူရှာရတဲ့ သာဓကမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် တမင်မွေးထားတာမျိုးတော့ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်က ချေမှုန်းလို့ ဘယ်လိုမှ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပဲ သူတို့မှာ အင်အားကောင်းတယ်ပြောပြော။ ပြည်သူလူထု မပါရင် သူတို့ ချေမှုန်းလို့မရနိုင်ဘူးလေ။”

ဆိုတော့ အခု ကချင်ကို တိုက်နေတဲ့ အနေအထားက ပြည်တွင်းစစ်က ပိုပြီး ကျယ်ပြန့်လာမယ်။ တခြားလက်နက်ကိုင်တပ်တွေက သူတို့က ဘယ်လိုများ စဉ်းစားလာနိုင်တဲ့ အနေအထားရှိလဲ။

“ဒါကတော့ သိပ်မကြာပါဘူး။ ကျနော်မြင်တာကတော့ အနည်းဆုံး နှစ်လသုံးလအတွင်းမှာ ဗမာပြည်တပြည်လုံးအတွင်းမှာ စစ်ပွဲတွေ နေရာအနှံ့ အကုန်ဖြစ်လာမယ့် အနေအထားလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကချင်က တိုင်းရင်းသားအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့ထဲမှာလည်း သူက ပြန်ပြီးပါလာတာရှိတယ်။ အလားတူပဲ မြောက်ဘက်မှာ ရှိနေတဲ့ ‘၀’တို့ ‘ကိုးကန့်’တို့၊ နောက်ပြီး ဒီဘက်က ရှမ်းတို့ နဲ့လည်း မဟာမိတ်တွေ ဖွဲ့ထားတာ ရှိတယ်ဆိုတော့ သိပ်မကြာခင်မှာ စစ်အစိုးရဘက်က စစ်ကို တိုးချဲ့ပြီးတော့ တိုက်လာမယ် ကချင်ကို ထပ်ပြီး ထိုးစစ်တွေ ဆင်လာမယ်ဆိုရင်တော့ စစ်မီးက အချိန်ပိုင်းအတွင်းမှာပဲ ဗမာပြည်တပြည်လုံး ပြန်နှံ့သွားမယ်လို့ ကျနော်ထင်ပါတယ်။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013