DVB Logo
Home
Lead Story
ဘန်ကောက် ဗုံးပေါက် ဗုံးခွဲ ဘယ်သူတွေလဲ၊ ဘာတွေဖြစ်လာဦးမလဲ
DVB
·
August 22, 2015
ဘန်ကောက် ဗုံးပေါက် ဗုံးခွဲ ဘယ်သူတွေလဲ၊ ဘာတွေဖြစ်လာဦးမလဲ
Donate to DVB

သြဂုတ်လ ၁၇ ရက်နေ့ တနင်္လာနေ့ ည ၇ နာရီဝန်းကျင်မှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရဲ့ လူစည်ကားရာမြို့လယ် ရာချာပရာဆွန်လမ်းဆုံနားက ဧရာဝဏ် ဟိန္ဒူဘုရားကျောင်းနားမှာ အင်အားပြင်းထန်တဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့လို့ နိုင်ငံခြားသား ၁၁ ဦး (တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးလူမျိုး) လူ ၂၂ ဦး သေဆုံးခဲ့ပြီး ၁၂၀ ကျော် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဘုရားကျောင်းဝန်းကျင်မှာ ဗုံးစတွေ ထိမှန်ပြီး အပြတ်ပြတ်ဖြစ်သွားခဲ့တဲ့ ခန္ဓာကိုယ်တွေနဲ့ မီးလောင်ကျွမ်းသွားတဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ မြင်မကောင်းအောင် ဖြစ်သွားခဲ့ပါတယ်။

ပေါက်ကွဲမှုဟာ ပြင်းထန်ပြီး သေဆုံး၊ ဒဏ်ရာရသူ များပြားတဲ့အတွက် ဘန်ကောက်မြို့တမြို့လုံး အထိတ်တလန့် ဖြစ် ငြိမ်သက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘုရားကျောင်းဟာ သိပ်မကြီးလှပေမယ့် ထူးခြားတဲ့ ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ ရိုးရာယုံကြည်သူ ထိုင်းလူမျိုးတွေနဲ့ နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသွား အများစုကို ဆွဲဆောင်နိုင်တဲ့ ဟိန္ဒူဘုရားကျောင်း ဖြစ်ပါတယ်။

သမိုင်းကြောင်းအရ ဘုရားကျောင်းကို ၁၉၅၆ ခုနှစ်က အစိုးရပိုင် ဇိမ်ခံဟိုတယ်ကြီး တည်ဆောက်ဆဲ ကာလအတွင်း ကံဆိုးတဲ့ အဖြစ်အပျက်တချို့ ဆက်တိုက်လိုလို ဖြစ်ခဲ့တဲ့အတွက် နက္ခတ်ဗေဒင် ကျွမ်းကျင်ပညာရှင်တယောက်က ဒေသအခေါ် ဖရာဖရွန်လို့ခေါ်တဲ့ မျက်နှာလေးမျက်နှာ ရှိတဲ့ ဟိန္ဒူနတ်ဘုရား ဗြဟ္မာအတွက် ဘုရားကျောင်းတခု တည်ဆောက်ပေးဖို့ တိုက်တွန်းချက်အရ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသဒဏ္ဍာရီတွေအရ ဘုရားကျောင်း တည်ဆောက်ပေးလိုက်တဲ့အချိန်မှာ ကံဆိုးတဲ့ပြဿ နာတွေ ကြုံတွေ့ခဲ့ရတဲ့ အလုပ်သမားတွေရဲ့ကံဆိုးမှုတွေ ရပ်ဆိုင်းကွယ်ပျောက်သွားခဲ့တဲ့အတွက် အဲဒီအချိန်ကစပြီး ဘုရားကျောင်းဟာ ယုံကြည်သက်ဝင်သူ ပြည်တွင်း၊ ပြည်ပဘုရားဖူး ဧည့်သည်တွေနဲ့ စည်ကားလာခဲ့တာ ခု ဒီရက်စက်လှတဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အချိန်အထိပဲလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ချက်ချင်းလိုလို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အရေးပေါ် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ရောက်ရှိလာခဲ့ပြီး လုံခြုံရေး၊ ကယ်ဆယ်ရေး၊ ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်ခဲ့ကြပြီး တပ်ဆင်ထားတဲ့ စီစီတီဗွီကင်မရာတွေကို ပြန်လည်စစ်ဆေးကြည့်ရှုရာမှာ ပုလိပ်အဖွဲ့က ဗုံးဖောက်ခွဲခဲ့သူလို့ ယူဆရတဲ့ အ၀ါရောင် တီရှပ်အင်္ကျီနဲ့ ဘောင်းဘီတို အနက်ရောင် ၀တ်ဆင်ထားပြီး ကျောပိုးအိတ်တအိတ် လွယ်ထားတဲ့ လူငယ်တယောက် ဘုရားကျောင်းထဲကို ၀င်ရောက်လာတာကို တွေ့ရပြီး သူက တည်တည်ငြိမ်ငြိမ်ပဲ သူ့ရဲ့ကျောပိုးအိတ်ကို သူထိုင်ခဲ့တဲ့ ခုံတန်းရှည်ရဲ့အောက်ကို နေရာချထားပြီး အပြာရောင် ပလတ်စတစ် အိတ်တလုံးနဲ့ စမတ်ဖုန်းလို့ ထင်ရတဲ့ အရာတခုကို ဆုပ်ကိုင်ပြီး ဘုရားကျောင်းထဲက ပြန်ထွက်ခွာသွားတာကို တွေ့မြင်ရပါတယ်။ သူထွက်သွားပြီး သိပ်မကြာခင်မှာဘဲ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်သွားခဲ့တဲ့အတွက် ပုလိပ်အဖွဲ့အတွက် အဲဒီလူငယ်ဟာပဲ ဗုံးဖောက်ခွဲသူ ဖြစ်တယ်လို့ ယူဆစရာဖြစ်ခဲ့ပြီး သူ့ရဲ့ပုံကို သံသယရှိ အလိုရှိသူအဖြစ် ကြေညာခဲ့ပါတယ်။

အဲဒီ ဧရာဝဏ်ဘုရားကျောင်း ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ကြတဲ့သူတွေရဲ့ဆွေမျိုးသားချင်း ကျန်ရစ်သူတွေနဲ့ သက်ဆိုင်သူတွေ ၀မ်းပန်းတနည်း ဖြစ်ကြ၊ သေဆုံးသူတွေအတွက် ထုံးတမ်းစဉ်လာအတိုင်း လုပ်ဆောင်ကြ၊ ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ကိုင်ဆောင်ရွက်နေကြ၊ လေ့လာသူတွေ၊ သတင်းသမားတွေက လေ့လာကြ၊ သတင်းယူကြ လုပ်နေကြလို့မှ ၂၄ နာရီ မပြည့်ခင် အင်္ဂါနေ့ မွန်းလွဲပိုင်းအချိန်မှာ နိုင်ငံခြားသားခရီးသည်တွေ အသုံးပြုကြတာများတဲ့ ကျောက်ဖရားမြစ်ကမ်းဘေး ထပ်ဆင် တံတားနားက ကူးတို့ဆိပ်ကမ်းတခုကို ဗုံးနဲ့ ပစ်ပေါက်မှုတခု ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ဗုံးကို ထပ်ဆင် တံတားပေါ်ကနေ ကူးတို့ဆိပ်ပေါ်ကို ပစ်လိုက်တာ ဖြစ်ပေမယ့် ကံကောင်းထောက်မလို့ ဗုံးက မြစ်ထဲကို ကျရောက် ပေါက်ကွဲသွားခဲ့တဲ့အတွက် သေဆုံး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ဒါပေမယ့် ရေထဲမှာ ပေါက်ကွဲပြီး ထိုးထွက်လာတဲ့ ရေလုံးအမြင့် မီတာ ၃၀ လောက်မြင့်တဲ့အတွက် ဗုံးဟာ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးအမျိုးအစားတခု ဖြစ်တယ်လို့ ပုလိပ်အဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာက ယူဆခဲ့ကြပါတယ်။ ဗုံးပစ်ပေါက်သူကိုတော့ မတွေ့လိုက်ကြရဘဲ လွတ်ထွက်သွားခဲ့ပါတယ်။

သက်ဆိုင်ရာ ဗုံးဘက်ဆိုင်ရာ ပုလိပ်တပ်ဖွဲ့က ဗိုလ်မှူးကြီး ကမ်သွမ်ဝိချာရွန်ကတော့ တံတားပေါ်က ပစ်ပေါက်လိုက်တဲ့ဗုံးဟာ ဧရာဝဏ် ဘုရားကျောင်းမှာ ဖောက်ခွဲခဲ့တဲ့ ဗုံးအမျိုးအစားပဲ ဖြစ်တယ်လို့ ဗုံးဆန်စတွေကို စစ်ဆေးကြည့်ရှုအပြီးမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

သူက “ဗုံးလုပ်တဲ့ပစ္စည်းနဲ့ ဗုံးအရွယ်အစား တထပ်တည်း တူပါတယ်။ ပုလိပ်အဖွဲ့က သက်သေခံ ပစ္စည်းတွေကို ဒီနေ့ခင်းမှာပဲ စပြီးစုဆောင်းနေပါပြီ” လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ဆယ်စုနှစ်တခုနီးပါးကြာအောင် နိုင်ငံရေးဝရုန်းသုန်ကား ဖြစ်မှုတွေနဲ့ လမ်းပေါ် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုတွေကို တွေ့ကြုံခဲ့ပြီး ဖြစ်ပေမယ့် တနင်္လာနေ့က ဘုရားကျောင်းဗုံးခွဲ တိုက်ခိုက်မှုလောက် ပြင်းထန်ကြီးမားတာမျိုး မကြုံခဲ့ရဖူးပါဘူး။ အခုအကြိမ် ဗုံးပေါက်ကွဲမှုကတော့ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ဆက်တိုက်လိုလို ဖြစ်သွားခဲ့တဲ့အတွက် ဒီဗုံးပေါက်ကွဲမှု တခုနဲ့တခု ဆက်စပ်မှု ရှိ၊ မရှိ စဉ်းစားဖို့ လိုအပ်လာပါတယ်။ ဗုံးအမျိုးအစားကလည်း တူနေတယ်ဆိုတော့ ဆက်စပ်မှု ရှိတယ်လို့ပဲ ပြောရမှာပါပဲ။ အဲဒီလို သက်ဆိုင်ရာ လုံခြုံရေးအရာရှိတွေက သက်သေအထောက်အထားအရ ကွင်းဆက်တွေကို ဆက်စပ်နေတုန်းမှာပဲ ဗုဒ္ဓဟူးနေ့ နေလယ်ပိုင်းက ဘန်ကောက်မှာပဲ ဗုံးထိတ်လန့်မှုတခု ထပ်ဖြစ်လာခဲ့ပြန်ပါတယ်။

ဖြစ်ပုံက နာနာ မိုးပျံရထားဘူတာနားမှာ တိပ်အကြည်ရောင်နဲ့ ပတ်ထားတဲ့ မသင်္ကာစရာ ပစ္စည်းတခုကို လမ်းသွားလမ်းလာသူ တယောက်က တွေ့ရှိလို့ ပုလိပ်အဖွဲ့ကို အကြောင်းကြားခဲ့တဲ့အတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချက်ချင်း သွားရောက် ဘူတာကို ခဏ ပိတ်ပစ်လိုက်ပြီး အဲဒီ ဗုံးလို့ထင်ရတဲ့ပစ္စည်းကို စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။ အထုပ်ထဲမှာ ကပ်ထူစက္ကူတချို့ထည့်ပြီး ထုပ်ထားပြီး အပေါ်က ပလတ်စတစ်ပတ်ပြီး တိပ်အကြည်ရောင်နဲ့ ထပ်ပတ်ထားတာသာဖြစ်ပြီး ဗုံးမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို ဗုံးနဲ့တူအောင် ဖန်တီးပြီး ရထားဘူတာနားမှာ လာချထားခဲ့တာရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ လုပ်ရပ်တခုလို့ပဲ ယူဆရမှာပါပဲ။ ဘန်ကောက်မြို့သူမြို့သားတွေ ၃ ရက်ဆက်တိုက် ထိတ်လန့်စိုးရိမ်မှုတွေ ဖြစ်သွားခဲ့ကြတာကတော့ သေချာပါတယ်။ ရှေ့မှာဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှု ၂ ခုနဲ့ ဆက်စပ်နေမလား၊ စဉ်းစားစရာပါ။ ဆက်စပ်မှုရှိနေရင် ဘာရည်ရွယ်ချက်နဲ့ ဘယ်သူတွေက လုပ်နေတာပါလဲ။ ဒီကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ မလွဲမသွေ စဉ်းစားကြရပါလိမ့်မယ်။

ဒီဘုရားကျောင်း ဗုံးပေါက်ကွဲမှုကို ကျူးလွန်သူလို့ သံသယအရှိဆုံး အ၀ါရောင်တီရှပ်ဝတ်လူရဲ့ပုံကတော့ ဘန်ကောက်တမြို့လုံးကို ဖြန့်ထားပြီးပါပြီ။ ပုလိပ်အဖွဲ့က အဲဒီဖောက်ခွဲသူလို့ သံသယရှိတဲ့သူကို အားပေးကူညီတဲ့သူတွေလို့ သံသယရှိတဲ့ နောက်ထပ် အဲဒီအချိန်မှာ ဘုရားကျောင်းမှာ ရှိနေတဲ့ အနီရောင်တီရှပ်ဝတ်နဲ့ အဖြူရောင်တီရှပ်ဝတ် လူငယ်၂ ယောက်ရဲ့ စီစီတီဗွီက ဓာတ်ပုံကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း စီစီတီဗွီ ဓာတ်ပုံတွေမှာ တွေ့ရတဲ့ သူတို့ရဲ့ မျက်နှာဟန်ပန်နဲ့ လှုပ်ရှားတုံ့ပြန်ပုံတွေကို ကြည့်ပြီး ဒီလူငယ် ၂ ယောက်ဟာ အားပေးကူညီသူ မဖြစ်နိုင်ဘူးလို့ သက်ဆိုင်ရာက ပြန်ပြီး ကောက်ချက်ချခဲ့ကြပါတယ်။

ခုချိန်ထိတော့ ဘယ်သူ၊ ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်တယ်ဆိုတာ ထုတ်ဖော် ပြောဆိုလာတာ မရှိသေးတဲ့အတွက် ဘယ်သူ၊ ဘယ်အဖွဲ့က ကျူးလွန်ခဲ့တယ်ဆိုတာ အတိအကျ ပြောလို့ မရနိုင်သေးပါဘူး။

ဒီလို ရက်စက်ကြမ်းတမ်းတဲ့ ဗုံးဖောက်ခွဲမှုကို ကျူးလွန်တာနဲ့ ပတ်သက်ပြီး စဉ်းစားယူဆပုံ ၆ မျိုး ရှိနေခဲ့ပါပြီ။ ကျူးလွန်နိုင်သူတွေလို့ ထည့်သွင်းစဉ်းစားတဲ့အထဲမှာ တရုတ်နိုင်ငံ အနောက်ဖျားက ရှင်းကျန်းပြည်နယ်မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင် လူနည်းစု ၀ီဂါလူမျိုးတွေ၊ အစိုးရဆန့်ကျင်ရေး ရှပ်နီတွေ၊ ထိုင်းတောင်ပိုင်းက ခွဲထွက်ရေး မွတ်စလင်အုပ်စုတွေ၊ လက်ရှိ အာဏာသိမ်း စစ်အစိုးရ၊ နောက်ဆုံး စစ်တပ်အပြောင်းအလဲ ကိစ္စတွေကို မကျေနပ်တဲ့ စစ်တပ်တွင်းက လူတွေနဲ့ နောက်အုပ်စုက အစ္စလာမ္မစ်နိုင်ငံတော်လို့ခေါ်တဲ့ အိုင်အက်စ်တွေ ပါဝင်ပါတယ်။ အဲဒီဖြစ်နိုင်ချေရှိတယ်လို့ ယူဆရသူတွေထဲက တရုတ်နိုင်ငံက ၀ီဂါ အစ္စလာမ်ဘာသာဝင် လူနည်းစု လူ ၁၀၀ ကျော် တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာပြီး တူရကီနိုင်ငံကို သွားရောက်ဖို့ ကြိုးစားခဲ့တာကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ဖူးပါတယ်။

ခု ပုလိပ်အဖွဲ့က အဓိက သံသယရှိသူလို့ ယူဆခံရသူဟာလည်း ၀ီဂါလူမျိုးနဲ့ တူနေတယ်လို့ ဆိုပါတယ်။ နောက် ခုပေါက်ကွဲတဲ့ ဗုံးအမျိုးအစားမျိုးဟာ အရင်တုန်းက ထိုင်းနိုင်ငံမှာ အသုံးမပြုဘူးသေးတဲ့ အမျိုးအစားလို့လည်း ပုလိပ်အဖွဲ့က ထောက်ပြထားပါတယ်။ ဒါပေမယ့် တခြားသူတွေကတော့ ၀ီဂါတွေဟာ ဒီလောက် မစွမ်းနိုင်သလို ဒီလို ရက်စက်ကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ လက်စားချေနိုင်တဲ့အထိတော့ အမုန်းတရား မပြင်းထန်လောက်ဘူးလို့ ယူဆကြပါတယ်။

အစိုးရဆန့်ကျင်ရေး ရှပ်နီတွေကိုတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး ချက်ချင်းပဲ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဆန်ဆန်ခ ခမ်နတ်က နိုင်ငံရေးအာဏာ လက်လွတ်သွားသူတွေဟာ ဒီဗုံးခွဲမှုရဲ့နောက်ကွယ်မှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လူမှုမီဒီယာကွန်ရက် အများစုကတော့ ထိုင်းလူမျိုးတွေ အနေနဲ့ ဒီလိုမျိုး အားလုံးကို သိမ်းကျုံးတိုက်ခိုက်တာမျိုး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။

ထိုင်းတောင်ပိုင်းက ခွဲထွက်ရေး မွတ်စလင်အုပ်စုတွေနဲ့ ပတ်သက်လို့ကတော့ ပုလိပ်အဖွဲ့က ထိုင်းတောင်ပိုင်းမှာ ဒီလိုဗုံးမျိုး တခါမှ မသုံးခဲ့သေးသလို ခွဲထွက်ရေးသမားတွေဟာ မြို့တော်ကို ဘယ်တုန်းကမှ တက်မတိုက်ခိုက်ဘူးတဲ့အတွက် မဖြစ်နိုင်လောက်ဘူးလို့ ယူဆကြပါတယ်။

နောက်ထပ် စဉ်းစားစရာ အာဏာသိမ်း စစ်အစိုးရ ကိုယ်နှိုက် ဖြစ်နိုင်တယ်လို့ ယူဆသူတွေကတော့ ရှပ်နီတွေပါပဲ။ သူတို့က အမျိုးသားငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကောင်စီ (အန်စီပီအို) က ဒီကိစ္စကို စီစဉ်ဆောင်ရွက်တယ်လို့ သံသယ ရှိကြပါတယ်။ ဒါပေမယ့် တခြားသူတွေကတော့ အန်စီပီအိုနဲ့ အစိုးရက အဲဒီလိုလုပ်ရင် ရလဒ်က ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအတွက် အများကြီး ထိခိုက်နစ်နာနိုင်တဲ့အတွက် အစိုးရအဖို့ အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများမှာဖြစ်ပြီး ဒီလောက်ထိလည်း ရက်စက်လိမ့်မယ်မဟုတ်ဘူးလို့ စဉ်းစားပြီး မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။

စစ်တပ်အပြောင်းအလဲလုပ်တာကို မကျေနပ်တဲ့ စစ်တပ်ထဲက သူတွေကတော့ မကျေမနပ်ဖြစ်တာတွေ ရှိပေမယ့် ဒီလိုမျိုး အလွန်အကျွံ ရက်စက်တဲ့ လုပ်ရပ်မျိုးနဲ့ တုံ့ပြန်တဲ့သမိုင်း မရှိခဲ့ဘူးလို့ အတော်များများက ယူဆကြပါတယ်။

နောက်ဆုံး အိုင်အက်စ် ဒါမှမဟုတ် အယ်လ်ကိုင်းဒါး အုပ်စုတွေရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ ယူဆသူတွေထဲက RAND ကော်ပိုရေးရှင်း အစ္စလာမ္မစ် စစ်သွေးကြွလှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်သူ အိမ်းဂျဲလ် ရာဘာဆာကတော့ အဲဒီအုပ်စုတွေဟာ အရှေ့တောင်အာရှအထိ ချဲ့ထွင်လှုပ်ရှားလာနေတယ်လို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလ ၂၀ ရက်နေ့က မလေးရှားအစိုးရက အိုင်အက်စ်နဲ့ ဆက်နွယ်သူလို့ ယူဆရသူ အမျိုးသမီး ၂ ဦး အပါအ၀င် လူ ၃၀ လောက်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းမှာ ဖော်ပြခဲ့တဲ့အတွက် အဲဒီအုပ်စုတွေ လက်ချက်များ ဖြစ်လေမလားလို့ စဉ်းစားစရာ ရှိလာပေမယ့် ရိုဘာဆာကိုယ်တိုင်ကပဲ အဲဒီအုပ်စုတွေက တိုက်ခိုက်တယ်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်မှုအတွက် တာဝန်ယူ ထုတ်ဖော်ပြောဆိုလေ့ ရှိတဲ့အတွက် မဖြစ်နိုင်လောက်ဘူးလို့ ပြန်ပြီး စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်သူတွေကများ ဒီလို ရက်စက် လူမဆန်တဲ့ အကြမ်းဖက်မှုမျိုးကို ကျူးလွန်ခဲ့တာပါလဲ။ နောက်ထပ်ရော ထိုင်းနိုင်ငံ ဒါမှမဟုတ် ဒေသတွင်းမှာ ဘာတွေ ဖြစ်ပေါ်လာနိုင်ပါသေးသလဲ…။ စဉ်းစားစရာတွေ အများကြီး ရှိနေပါတယ်။ ။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013