DVB Logo
Home
Lead Story
ရွေးကောက်ပွဲဆိုရာဝယ်
DVB
·
August 25, 2015
ရွေးကောက်ပွဲဆိုရာဝယ်
Donate to DVB

ရွေးကောက်ပွဲနဲ့ မဲပေးခြင်းဆိုတာ ကိုယ်စားပြုဒီမိုကရေစီ (Representative Democrac) နဲ့ အများဆုံး ဆက်နွယ်နေပါတယ်။ ကိုယ်စားပြုခြင်း (representation) ဆိုတာကို နိုင်ငံရေးရှုထောင့်ကနေ အနက်အဓိပ္ပာယ်ပြန်ဆိုတဲ့အခါ လူအများကို ကိုယ်စားပြုပြီး၊ လူတဦးတယောက်ကနေ (သို့မဟုတ်) လူတစုကနေ ရပ်တည်တာ၊ လုပ်ငန်းဆောင်တာတွေ ပြုလုပ်တာလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီဆိုတာကတော့ အစိုးရနဲ့ ပြည်သူတွေအကြားမှာ ကိုယ်စားပြုမှုဆိုတဲ့ သဘောတရား ပါဝင်လာတဲ့အတွက် အစိုးရဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောတွေနဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးစနစ်တခု ဖြစ်ပါတယ်။ ဒီတော့ လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့ အခြေအနေ (necessary condition) တခု ဖြစ်လာပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အရေးအကြီးဆုံး နှလုံးသား ဖြစ်တယ်လို့ တွေးမြင်ယူဆသူတွေလည်း ပေါ်ထွက်လာပါတယ်။ ဒီအတွေးအမြင်ကို ရောင်ပြန်ဟပ်စေတဲ့ အယူအဆတွေကို Joseph Schumpeter ရေးသားတဲ့ Capitalism, Socialism, Democracy (1942) စာအုပ်ထဲမှာ အတိအကျ တွေ့မြင်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက သူတို့ကို အုပ်ချုပ်မယ့်သူတွေကို လက်ခံခြင်း၊ ကန့်ကွက်ခြင်း ဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။ သူ့ရဲ့အဆိုကို လက်ခံပြီး ဒီမိုကရက်တစ်အစိုးရ ဆိုတာကို ရွေးကောက်ပွဲ ပြုလုပ်ပေးတဲ့ အစိုးရအနေနဲ့သာ ယုံကြည်ရေးသားကြတဲ့ နိုင်ငံရေးသီအိုရီ ပညာရှင်တွေ အများအပြားပါပဲ။ ဒါပေမယ့် အာဏာရှင်အစိုးရတွေကလည်း ရွေးကောက်ပွဲတွေ ကျင်းပလာပြီး ဒီမိုကရေစီ အစိုးရတွေအနေနဲ့ အသွင်ဆောင်လာတဲ့ အခါမှာကျတော့ အတုနဲ့ အစစ်ကို ခွဲခြားနိုင်ဖို့အတွက် စစ်မှန်သော ရွေးကောက်ပွဲဆိုတဲ့ သဘောတရားက ထပ်မံထွက်ပေါ်လာရပါတော့တယ်။

စစ်မှန်သော ရွေးကောက်ပွဲ

စစ်မှန်သော ရွေးကောက်ပွဲဆိုတာကို တိုင်းတာဖို့အတွက် နိုင်ငံရေးပါတီတွေအကြား၊ အဖွဲ့အစည်းတွေအကြား ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။ တပါတီစနစ်ကို တပါတီအာဏာရှင်စနစ်အဖြစ် သတ်မှတ်ပုံဖော်ခြင်းဟာ ဒီအချက်နဲ့ ဆိုင်ပါတယ်။ အပြိုင်အဆိုင် ကင်းမဲ့နေတာ ဖြစ်တဲ့အတွက် ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်သော ရွေးကောက်ပွဲလို့ မသတ်မှတ်နိုင်ပါဘူး။ စစ်မှန်သော ရွေးကောက်ပွဲမဟုတ်တဲ့ ရွေးကောက်ခံရပြီး တက်လာတဲ့ အစိုးရဟာလည်း အာဏာရှင်အစိုးရပဲ ဖြစ်ပါတယ်။ ဒီလို အစိုးရရှိနေတဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးစနစ်ကိုလည်း အာဏာရှင်စနစ်လို့ပဲ သတ်မှတ် ခေါ်ဆိုနိုင်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲဆိုတာက တခြား နိုင်ငံရေးဆက်ဆံရေး လမ်းကြောင်းတွေလိုပဲ အစိုးရနဲ့ လူထုအကြား၊ ရေပေါ်ဆီ နိုင်ငံရေးသမားတွေနဲ့ အများပြည်သူတွေကြားမှာ တဦးနဲ့တဦး လွှမ်းမိုးခွင့်ကို ကြိုးပမ်းအားထုတ်ကြရတဲ့ ၂ လမ်းသွား ပုံသဏ္ဌာန်ပဲ ဖြစ်ပါတယ်။

အပြိုင်အဆိုင်ရှိတဲ့ ရွေးကောက်ပွဲတွေရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့...

(၁) နိုင်ငံရေးသမားများကို ရွေးချယ်ခန့်ထားခြင်း

ရွေးကောက်ပွဲဆိုတာ နိုင်ငံတော်အတွက် လိုအပ်တဲ့ ပြည်သူ့ရေးရာဌာနတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့ နိုင်ငံရေးသမားတွေကို ရွေးချယ်ခန့်ထားခြင်း တမျိုးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးသမားတွေကို ကနဦး ရွေးချယ်ကြရပါတယ်။ ဒီနိုင်ငံရေးသမားတွေဟာ ပြည်သူ့ရေးရာဌာနတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ အတွေ့အကြုံတွေ ရှိနေဖို့ လိုအပ်သလို လူထုဆက်ဆံရေးမှာလည်း ကျွမ်းကျင်သူများ ဖြစ်ရပါမယ်။ ဒီနိုင်ငံရေးသမားတွေရဲ့ နောက်ကွယ်မှာလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ရှိရပါမယ်။

ပြည်သူ့ရေးရာဌာနတခုကို နိုင်နိုင်နင်းနင်း၊ မှန်မှန်ကန်ကန် တာဝန်ယူနိုင်မှုဆိုတာ ကမ္ဘာ့အမြင့်ဆုံး တောင်တွေကို တက်တာနဲ့ အတူတူပါပဲ။ တောင်ထိပ်ရောက်သွားတဲ့ တောင်တက်သမားတွေကိုပဲ လူအများက မှတ်မိ ချီးကျူးတတ်ကြတယ်၊ စံချိန်တင်တတ်ကြတယ်။ ဒီတောင်တက်သမားတယောက် တောင်ထိပ်ရောက်သွားဖို့ ဇွဲလုံ့လ၀ီရိယ၊ သတ္တိနဲ့ စိတ်ခွန်အားတွေ လိုအပ်သလို၊ စနစ်တကျ ပံ့ပိုးပေးနိုင်တဲ့ crew member ၄၀၀ ကျော် လိုအပ်ပါတယ်။ နောက်ကွယ်မှာ ပံ့ပိုးမှုတွေ မပါဘဲ ကမ္ဘာ့အမြင့်ဆုံးတောင်တွေရဲ့ တောင်ထိပ်တွေကို ရောက်သွားတဲ့ တောင်တက်သမားတွေ အတော်နည်းပါတယ်။

နိုင်ငံရေးသမားဆိုတာလည်း ဒီအတိုင်းပါပဲ။ ပြည်သူ့ရေးရာဌာနတခုခုကို တာဝန်ယူရမယ့် နိုင်ငံရေးသမားတွေလည်း ဒီအတိုင်းပါပဲ။ ဘယ်သူမှ ကဏ္ဍစုံမှာ နက်နက်နဲနဲ မကျွမ်းကျင်နိုင်ပါ။ ကဏ္ဍစုံမှာ ကျွမ်းကျင်သူတွေကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကသာ ကျွမ်းကျင်သယောင်ယောင်ဖြစ်နေတဲ့ အရည်အချင်းထက် ပိုတန်ဖိုးရှိပါတယ်။ ဒီအရည်အချင်းမှာ အားနည်းနေတဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်သလို၊ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်လည်း လက်တွေ့ လုပ်ငန်းဆောင်တာတွေကျရင် ကသောင်းကနင်း ဖြစ်တတ်ပါတယ်။

အစိုးရအဖွဲ့တခုမှာ တာဝန်ယူဖို့ မျှော်မှန်းတဲ့ နိုင်ငံရေးသမားမှာ ရွေးကောက်ခံခဲ့ရရင် သက်ဆိုင်ရာ နယ်မြေမှာ ထမ်းဆောင်ရမယ့် တာဝန်တွေ၊ အစိုးရအဖွဲ့ ကော်မတီတွေမှာ ပါဝင်တဲ့အခါ ကိုယ့်ပခုံးပေါ် ရောက်လာနိုင်မယ့် တာဝန်တွေ၊ အစိုးရ၀န်ကြီးဌာနတွေကို တာဝန်ယူဖွဲ့စည်းတဲ့အခါ ၀န်ကြီးဌာန ယန္တရား လည်ပတ်ပုံတွေ၊ ကိုယ်ပိုင်ရုံးမှာ ဘယ်လို အတွေ့အကြုံနဲ့ ဘယ်လို အသိပညာရှိတဲ့လူတွေ လိုအပ်တယ် ဆိုတာတွေကို သိရှိနေဖို့ အလွန်အရေးကြီးပါတယ်။

(၂) အစိုးရ ဖွဲ့စည်းခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲရဲ့ တခြားလုပ်ငန်းတာဝန် တရပ်ကတော့ အစိုးရဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့မှာ ရွေးကောက်ပွဲတွေဟာ အစိုးရအဖွဲ့တွေကို တိုက်ရိုက်ရွေးချယ် ပေါ်ပေါက်လာစေပါတယ်။ တချို့နိုင်ငံတွေမှာကျတော့ ရွေးကောက်ပွဲတွေဟာ အစိုးရဖွဲ့စည်းခြင်းကို လွှမ်းမိုးသက်ရောက်မှု ရှိစေပါတယ်။ ပါတီစုံ၊ ၀ါဒစုံ အရွေးကောက်ခံ ကိုယ်စားလှယ်တွေအကြားမှာ အာဏာခွဲဝေမှုတွေအတွက် ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ လိုအပ်ချက်တရပ်ပါ။

(၃) ကိုယ်စားပြုမှု ဖော်ဆောင်ခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ လူထုရဲ့ ဆန္ဒသဘောထားကို ဆောင်ကြဉ်းပေးတဲ့ လူထုကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်မှန်တဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရဟာ လူ့အဖွဲ့အစည်းတခုလုံးကို ကိုယ်စားပြုထားတဲ့ microcosm လို့ ပညာရှင်များက သတ်မှတ်ကြတာ ဖြစ်ပါတယ်။

(၄) မူဝါဒများကို လွှမ်းမိုးထိန်းချုပ်ခြင်း

အစိုးရတွေဟာ အာဏာရှင်စနစ် အစိုးရတွေ ဖြစ်လာတဲ့အခါ အစွန်းရောက်မူဝါဒတွေ၊ ပြည်သူ့သဘောထားအမှန်နဲ့ မကိုက်ညီတဲ့ မူဝါဒတွေ၊ အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒတွေကို ပြဋ္ဌာန်းတတ်ပါတယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတွေကို ပေါ်ထွက်လာစေနိုင်တာကြောင့် ဒီလို မူဝါဒရေးရာကို အာဏာနဲ့ အလွဲသုံးစားပြုလုပ်မှုတွေကို တားဆီးပေးနိုင်ပါတယ်။

(၅) ပြည်သူလူထုအား နိုင်ငံရေးအသိပညာ ဖြန့်ဖြူးပေးခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲတခု မပေါ်ထွက်လာခင်မှာ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် သင့်တော်တဲ့ စည်းရုံးရေးကာလ တခုရှိဖို့ အရေးကြီးပါတယ်။ ဒီကာလတွေမှာ နိုင်ငံရေးပါတီတွေ၊ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးစနစ်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။ ဒီလို သတင်းအချက်အလက်တွေ ထုတ်ပေးနိုင်ဖို့အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးမှာ တန်းတူညီမျှ အခွင့်အရေးတွေရှိဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စည်းရုံးဟောပြော ထုတ်ဖော်ပြောကြားခွင့်တွေကို လက်ရှိအစိုးရက ကန့်သတ်ထိန်းချုပ်မှုတွေ ရှိရင်၊ လက်ရှိအစိုးရရဲ့ မူဝါဒနဲ့ သဘောထားတွေကိုပဲ စာနယ်ဇင်း၊ သတင်း၊ မီဒီယာတွေကနေ ဖြန့်ဝေတယ်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုနိုင်ပါတယ်။

(၆) Legitimacy တည်ဆောက်နိုင်ခြင်း

Legitimacy ဆိုတာ လက်တင်ဘာသာစကား legitimare ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ to make lawful (တရားဝင်ဖြစ်အောင် ပြုလုပ်ခြင်း) ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖြစ်၊ အာဏာရှင်ရွေးကောက်ပွဲပဲဖြစ်ဖြစ် Legitimacy ကို အတိုင်းအတာတခုအထိ တည်ဆောက်နိုင်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ သူတို့ကိုယ်တိုင်ပါဝင်တဲ့ အစိုးရတွေပဲဖြစ်ဖြစ်၊ သူတို့ကြိုးကိုင်ထားတဲ့ အစိုးရတွေပဲဖြစ်ဖြစ် အစိုးရသစ်တွေရဲ့ legitimacy ရဖို့အတွက် ရွေးကောက်ပွဲတွေ ကျင်းပလေ့ရှိကြပါတယ်။ အာဏာရှင် ရွေးကောက်ပွဲတွေဆိုတာ ဒီလုပ်ငန်းဆောင်တာပေါ်မှာ အဓိကဗဟိုပြုပြီး ထွက်ပေါ်လာကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးပညာရှင်တွေက ရွေးကောက်ပွဲတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဒီအချက်တွေနဲ့ ရည်ညွှန်းပြောဆိုလေ့ ရှိကြပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာလာကြပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတာကတော့ electoral process ကို တန်းတူညီမျှ အားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှုနဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။

မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့်မရှိအောင် အာဏာရှင်ဘက်တော်သားတွေက ခြိမ်းခြောက်နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဒီလို သွင်ပြင်လက္ခဏာ၊ လုပ်ငန်းဆောင်တာတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲများဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ဦးတည်စေသော ရွေးကောက်ပွဲများ ဖြစ်ရန်လိုအပ်ပြီး အာဏာရှင် ရွေးကောက်ပွဲ (authoritarian elections) များ မဖြစ်စေရန် လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013