DVB Logo
Home
ရွေးကောက်ပွဲ
ကြံ့ခိုင်ရေးရော၊ အန်အယ်လ်ဒီပါ မဲလျော့သွားနိုင်တယ် - ဦးကျော်လင်းဦး
DVB
·
August 20, 2015
ကြံ့ခိုင်ရေးရော၊ အန်အယ်လ်ဒီပါ မဲလျော့သွားနိုင်တယ် - ဦးကျော်လင်းဦး
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီစာရင်းနဲ့ ကိုယ်စားလှယ်လောင်း စာရင်းအရ ပါတီသစ်တချို့ဟာ နာမည်ကြီး တိုင်းရင်းသားပါတီတွေထက် ကိုယ်စားလှယ်လောင်းအင်အား အများအပြား ၀င်ပြိုင်ဖို့ရှိတာ တွေ့ရပါတယ်။

မကြာသေးခင်ကမှ ပါတီမှတ်ပုံတင်ကျပြီး ရွေးကောက်ပွဲဝင်တဲ့ အမျိုးသားတိုးတက်ရေးပါတီဟာ ပါတီကိုယ်စားလှယ်လောင်း အမည်စာရင်း ၃၅၀ ကျော် တင်သွင်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း  ကိုယ်စားလှယ်လောင်း ၂၆၀ ကျော်ထိ အမည်စာရင်း တင်သွင်းထားပါတယ်။

ဒီပါတီတွေဟာ ကိုယ်စားလှယ်လောင်း အများအပြား ၀င်ပြိုင်နိုင်လောက်အောင် ဘယ်လို နောက်ခံအကြောင်းတရားတွေ ရှိနေလဲ၊ ကိုယ်စားလှယ်လောင်း အများအပြား ၀င်ပြိုင်ကြတဲ့အတွက် ပါတီကြီးတွေမှာ မဲပြားသွားနိုင်စရာ အကြောင်းတွေ ရှိနေလား၊ နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

အမျိုးသားတိုးတက်ရေးပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဆို မထင်မှတ်အောင် ကိုယ်စားလှယ်လောင်း အများအပြား အမည်စာရင်း တင်သွင်းတာ တွေ့ရတယ်။ ဒီပါတီတွေနဲ့ ပတ်သက်လို့ ဘာတွေသိထားလဲ။

"ကျနော်သိရသလောက် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုရင် ပါတီဝင်အင်အား တော်တော်များတယ်ဗျ။ သူတို့မှာ ပါတီဝင်အင်အား ၅ သန်းလောက်တောင် ရှိတယ်ပြောတယ်။ ပါတီဥက္ကဋ္ဌရဲ့ ဂျာနယ်အင်တာဗျူးတခုမှာ ပြောတာ။ ဒါပေမယ့် ဒီကိန်းဂဏန်း ဘယ်လောက်သေချာလဲဆိုတာ ဘယ်သူမှ အတည်ပြုချက် မလုပ်နိုင်ပါဘူး။ နောက်တခုက ဒီပါတီဟာ နယ်အတော်များများမှာ တောင်သူလယ်သမား အတော်များများကို စည်းရုံးထားနိုင်တယ်လို့လည်း သိရတယ်။ သူတို့ပါတီ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရင် တောင်သူလယ်သမားတွေကို ငွေချေးပေးမယ်၊ နိုင်ငံတကာက အကူအညီတွေရအောင် ဘယ်လိုလုပ်ပေးမယ်ဆိုတဲ့ ဟာမျိုးတွေနဲ့ စည်းရုံးထားနိုင်တာလည်း ရှိပါတယ်။ နောက် ဒေါက်တာနေဇင်လတ် ဦးဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီဟာ ဆိုရင်လည်း ထောင်တာတော့ သိပ်မကြာသေးဘူး။ ကျနော်မြင်တာကတော့ ကြံ့ခိုင်ရေးပါတီကိုရော စစ်တပ်ကိုရော အန်အယ်လ်ဒီပါတီ အပေါ်မှာရော စိတ်ပျက်နေတဲ့ အင်အားစုတွေက ပါတီနဲ့ နီးစပ်တဲ့သဘောရှိတယ်။ နောက်တခု အတည်မပြုနိုင်တာက ပါတီကနေ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲ အသုံးစရိတ်ကို ထောက်ပံ့မယ်ဆိုတဲ့ သဘောမျိုးတွေလည်း ကြားရတယ်။ ကျန်တဲ့ ပါတီတွေ အတော်များများကတော့ ကော်မရှင်ကိုတင်တဲ့ ၃ သိန်း အပါအ၀င် အသုံးစရိတ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာရတာပေါ့နော်။ အန်အယ်လ်ဒီပါတီတောင်မှ အဲ့လိုမျိုး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာရတယ် ကြားတယ်။ အဲ့ဒီလို ပါတီက ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့တဲ့အတွက် မြန်မာတနိုင်ငံလုံးမှာ ကိုယ်စားလှယ်လောင်း များတယ်လို့ ထင်ပါတယ်။"

မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ ပတ်သက်ဆက်နွယ်မှု ရှိတယ်လို့ရော ကြားရလား။

"အဲ့ဒီလိုတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ပါတီတည်ထောင်သူ ပုဂ္ဂိုလ်က တချိန်တုန်း ဂျပန်နိုင်ငံမှာ နေခဲ့ဖူးတယ်လို့ ပြောပါတယ်။ သူက တချိန်တုန်းက ဦးထွန်းအောင်ကျော်တို့ အလံနီအုပ်စုနဲ့ ပူးပေါင်းပြီးတော့ တတိယလိုင်းလို ဟာမျိုးပေါ့နော်၊ စစ်အစိုးရလက်ထက်တုန်းက။ တတိယအင်အားစုလိုလို တတိယလိုင်းလိုလို ပုံစံမျိုးတွေမှာ ပါခဲ့တဲ့ ပုဂ္ဂိုလ်ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း သူတို့နဲ့နီးစပ်တဲ့ ပါတီတခုကနေ ၀င်ပြိုင်ခဲ့ဖူးပါတယ်။ မင်းဘူး စကုဘက်မှာ။ ဒါပေမယ့် မနိုင်ခဲ့ဘူး။ အဲ့ဒီကနေ ခွဲထွက်ပြီးတော့မှ တောင်သူလယ်သမား တိုးတက်ရေးပါတီဆိုပြီး ထောင်တဲ့သဘောပါ။ စစ်အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတယ်၊ ရွေးကောက်ပွဲတွေ ကျင်းပတာကို လက်ခံတယ်ဆိုတဲ့ အင်အားစုတွေထဲမှာ ပါခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်တယ်လို့တော့ အကြမ်းဖျင်း သိရပါတယ်။"

ဒေါက်တာနေဇင်လတ်ထောင်တဲ့ ပါတီဆို အချိန်တိုအတွင်းမှာ ဒီလောက် ကိုယ်စားလှယ်များများ ၀င်ပြိုင်နိုင်တယ်ဆိုတော့ သူတို့ပါတီနောက်မှာ ဘယ်သူ ဘယ်အဖွဲ့အစည်းတွေများ အထောက်အပံ့ ရှိနေတယ် ကြားရလဲ။

"ပါတီရန်ပုံငွေ ဘယ်လိုရသလဲဆိုတာ တိတိကျကျတော့ မသိဘူးပေါ့။ ကျန်တဲ့ပါတီတွေနဲ့စာရင် ကိုယ်စားလှယ်လောင်းတွေ အပေါ်မှာ တစုံတရာ ထောက်ပံ့နိုင်တဲ့အတွက် ရန်ပုံငွေ အားကောင်းတဲ့သဘော ရှိတယ်လို့ အကြမ်းဖျင်း သိရပါတယ်။ နောက် တောင်သူလယ်သမား ဖွံ့ဖြိုးရေးပါတီကတော့ ပါတီဝင်တွေအပေါ်မှာ ပါတီဝင်ကြေး ကောက်တယ်လို့ ပြောပါတယ်။ ပါတီဝင်အင်အား ၅ သန်းရှိတယ်ပြောတော့ ပါတီဝင်တယောက်ကို တလ ၁၀၀၀ နှုန်းပဲ ကောက်ဦးတော့ ပါတီရန်ပုံငွေ အတော်လေးများတဲ့ သဘောတော့ ရှိပါတယ်။"

အဲဒီတော့ ဒီပါတီနှစ်ခုပေါင်း ကိုယ်စားလှယ်လောင်း ၆၀၀ လောက် ၀င်ပြိုင်ဖို့ရှိတော့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်လ်ဒီအတွက် မဲပြား သွားနိုင်စရာ ရှိလား။

"မဲဆန္ဒနယ် အတော်များများမှာ မဲပြားနိုင်တဲ့အနေအထား ရှိပါတယ်။ တချို့နေရာတွေဆိုရင် ကိုယ်စားလှယ်လောင်း ၁၂ ယောက်လောက်တောင် ၀င်ပြိုင်မယ့် နေရာတွေ ရှိတယ်၊ ပြည်သူ့လွှတ်တော်တခုတည်းမှာတင်။ ဥပမာ တောင်သူလယ်သမားပါတီဆိုရင် သူ့ပါတီဝင် တောင်သူလယ်သမားတွေဆီကနေ မနိုင်ရင်တောင် မဲတစုံတရာ ရဖို့ရှိတယ်။ ကြံ့ခိုင်ရေးပါတီဆီကရော အန်အယ်လ်ဒီပါတီဆီကရော မဲတွေလျော့သွားနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ တတိုင်းပြည်လုံး မဟုတ်ပေမယ့် သူတို့အာရုံစိုက်တဲ့ နယ်မြေအလိုက် ဒီလို မဲလျော့သွားနိုင်တဲ့ ဖြစ်ရပ်တွေ ရှိလာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ စာရင်းတွေအရ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း ၁၁၅၀ ကျော် အများဆုံး တင်သွင်းထားပြီး အဲ့ဒီနောက် အာဏာရ ကြံ့ခိုင်ရေးပါတီက ၁၁၃၀ ကျော်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီက ၇၀၀ ကျော်တင်သွင်းပြီး အမျိုးသားတိုးတက်ရေးပါတီက ၃၅၀ ကျော် တင်သွင်းထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013