DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲ ပြင်ဆင်မှု ယခင်ထက်ပိုမိုကောင်းမွန်ဟု ကာတာစင်တာ ထုတ်ပြန်
DVB
·
August 20, 2015
၂၀၁၅ ရွေးကောက်ပွဲ ပြင်ဆင်မှု ယခင်ထက်ပိုမိုကောင်းမွန်ဟု ကာတာစင်တာ ထုတ်ပြန်
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုနဲ့ ပွင့်လင်းမြင်သာမှုဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက် ပိုမိုကောင်းမွန်လာပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကျန်ရှိနေသေးတယ်လို့  ကာတာစင်တာ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

မြန်မာ့ရွေးကောက်ပွဲကို တရားဝင် စောင့်ကြည့်လေ့လာခွင့် ရထားတဲ့ အမေရိကန် အခြေစိုက် ကာတာစင်တာက မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိ အကြံပြုချက်တွေကို သြဂုတ် ၁၉ ရက်က ဒုတိယအကြိမ် အစီရင်ခံစာ ထုတ်ပြန် သုံးသပ်ထားတာပါ။

ဒါပေမယ့် ရွေးကောက်ပွဲလုံခြုံရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေဟာ ပွင့်လင်းမြင်သာမှု မရှိသလို မဲရုံတွေကို လုံခြုံရေးပေးမယ့် အရန်ရဲတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍဟာလည်း စိုးရိမ်စရာဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ နိုင်ငံရေးပါတီတွေအားလုံး လွတ်လပ်စွာ တန်းတူညီမျှ မဲဆွယ် စည်းရုံးနိုင်ဖို့  ဗျူရိုကရေစီနဲ့ အုပ်ချုပ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို လျှော့ပေးဖို့၊ သတင်းသမားတွေ ရွေးကောက်ပွဲကို လွတ်လပ်စွာ သတင်းယူ ရေးသားနိုင်ရန် အသရေဖျက်မှုနဲ့ တခြား ဥပဒေကြောင်းအရ အရေးယူမှုတွေကို ရှောင်ကြဉ်ဖို့ အကြံပြုပါတယ်။

ဒါ့ပြင် ယာယီသက်သေခံလက်မှတ်တွေကို ဖျက်သိမ်းတာဟာ ယခင်က မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ မဲပေးခွင့် ဆုံးရှုံးခြင်းမျိုး မဖြစ်အောင် နိုင်ငံသားစိစစ် လုပ်ငန်းစဉ်တွေကို အချိန်မီ လုပ်ဆောင်ဖို့နဲ့  ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ ဆန္ဒမဲပေးခွင့် ဆုံးရှုံးမှု မဖြစ်ရေး လုပ်ဆောင်ပေးဖို့လည်း အစိုးရကို တိုက်တွန်းပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း ရွေးကောက်ပွဲဖြစ်စဉ်ပေါ်မှာ  အများပြည်သူ ယုံကြည်စိတ်ချမှု တိုးလာအောင်ဆောင်ရွက်ဖို့၊ မဲစာရင်းတွေရဲ့ အရည်အသွေးအပေါ် ယုံကြည်မှု မြှင့်တင်ဆောင်ရွက်ဖို့နဲ့ စစ်တပ်အပါအ၀င်  ကြိုတင်မဲတွေအားလုံးကို အပြည့်အဝ လေ့လာစောင့်ကြည့်နိုင်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲအလွန်ကာလ အငြင်းပွားမှုတွေအတွက် ရွေးကောက်ပွဲခုံအဖွဲ့တွေ ဖွဲ့စည်းရာမှာ လွတ်လပ် အမှီအခိုကင်းတဲ့ ပညာရှင်တွေ ခန့်အပ်ဖို့နဲ့ ရွေးကောက်ပွဲဖြစ်စဉ် အဆင့်တိုင်းကို  အနှောင့်အယှက်မရှိ လေ့လာစောင့်ကြည့်နိုင်ရေး အာမခံပေးဖို့ ကော်မရှင်ကို အကြံပြုထားပါတယ်။

နိုင်ငံရေးပါတီတွေ အနေနဲ့လည်း နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းမှာ ပါဝင်တဲ့ ကတိက၀တ် စည်းကမ်းတွေကို လေးစားလိုက်နာဖို့နဲ့ ဘာသာရေးနဲ့ လူမျိုးရေးအရ ခွဲခြားဆက်ဆံတဲ့ အသုံးအနှုန်းတွေကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ဖို့ ကာတာစင်တာက တောင်းဆိုပါတယ်။

ဒီအစီရင်ခံစာကို ၂၀၁၅ ခုနှစ် မေလမှ ဇူလိုင်လအထိ ချင်း၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ တွေ့ဆုံမေးမြန်း ကွင်းဆင်းလေ့လာချက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကလည်း အလားတူ  ပထမအကြိမ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ကာတာစင်တာကို အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနဲ့ ဇနီး ရိုဇလင်းတို့က ကမ္ဘာတ၀န်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ကျန်းမာရေးမြှင့်တင်ဖို့ ၁၉၈၂ ခုနှစ်ကတည်းက ထူထောင်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013