DVB Logo
Home
မြန်မာသတင်း
ဦးနေမျိုးဇင်၊ နော်အုန်းလှအပါအ၀င် ၅ ဦးကို ထောင်ဒဏ် ၄ လ စီရင်ချက်ချ
DVB
·
August 20, 2015
ဦးနေမျိုးဇင်၊ နော်အုန်းလှအပါအ၀င် ၅ ဦးကို  ထောင်ဒဏ် ၄ လ စီရင်ချက်ချ
Donate to DVB

ထောင်တွင်းအကျဉ်းကျခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်၊ နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ဦးဘမြင့်နဲ့ ကိုသန်းဆွေတို့ ၅ ဦးကို ဒီကနေ့ ရန်ကုန် အလုံမြို့နယ် တရားရုံးက ထောင် ဒဏ် ၄ လစီ ထပ်မံ ချမှတ်လိုက်ပါတယ်။

“ဒီကနေ့ ကျနော်တို့ကို ထောင်ဒဏ် ၄ လချမှတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း သူက ယခင်ချမှတ်တဲ့ ၄ နှစ် ၈ လထဲမှာ တပေါင်းထဲ ကျခံစေဆိုတော့ ထပ်ပြီးတော့ တိုးမသွားဘူးပေါ့။ ပေါ်လွင်ထင်ရှားကြောင်းတော့ သူတို့ဆုံးဖြတ်တယ်။ သို့ပေမယ့် တပေါင်းတည်းကျခံစေဆိုတာနဲ့ ပြန်ဖြေလျော့လိုက်ပါတယ်။ အပြစ်မရှိဘူးလို့ ပြောတဲ့သဘောပါပဲ။ အပြစ်မရှိဘူလို့ လွှတ်လိုက်လို့ရှိ တရားသူပြစ်ဒဏ်ကျမှာစိုးလို့ အပြစ်တော့ချလိုက်တယ်။ ယခင်ပြစ်မှုဟောင်းများ နဲ့ တပေါင်းထဲကျခံစေဆိုပြီးတော့ ဆုံးဖြတ်ပေးလိုက်တာဖြစ်ပါတယ်”လို့ စီရင်ချက်ချခံရသူ ဦးနေမျိုးဇင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လက်ပံတောင်း အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေး အတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့လို့ အလုံမြို့နယ်မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရပြီး စီရင်ချက် ချခံရတာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်သံရုံးရှေ့ သွားရောက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီးတော့လည်း သူတို့တွေကို ကျောက်တံ တားမြို့နယ်တွေမှာ ပုဒ်မ ၁၈ နဲ့ ထောင်တွင်း အမှုရင်ဆိုင်နေရဆဲ ဖြစ်ပြီး လာမယ့် ၂၄ ရက်နေ့ ရုံးချိန်း ရှိပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အခုလို ထောင်ဒဏ်ချမှတ်တဲ့ပေါ် ဦးနေမျိုးဇင်က ဝေဖန်ပါတယ်။

“အခု ပြစ်ဒဏ်ချပြီးတာက ၄ နှစ်နဲ့ ၈ လ ပြီးသွားပြီ။ အခုလည်း နောက်ထပ် ၃ မှုကျန်သေး တယ်။ ဒီဟာကိုပဲ။ တမှုကို ၄ လနဲ့ ၆ ထပ်ချမယ်ဆိုရင် ကျနော်တို့က ၂ နှစ်နီးပါးထပ်ကျဦးမှာ။ အဲတော့ ဆန္ဒလေးပြတဲ့ ဒီအမှုတွကို ၆ နှစ်နဲ့ ၇ နှစ်ကြားကို ထောင်တွေပြင်းပြင်းထန်ထန်ကို ချပြီးတော့ တနိုင်ငံလုံး သံယံဇာတတွေ ပြုတ်ပြုတ်ပစ်အောင် ခိုးတဲ့သူတွေ၊ ဥပဒေဖောက်ဖျက်တဲ့ လူတွေက တော့ နိုင်ငံခြားသားတွေကိုကျတော့ ၈ ရက်နဲ့ပြန်လွှတ်တယ်ဆိုတဲ့ အုပ်ချုပ်ရေးတရား စီရင်ရေး စနစ်ကိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ သမိုင်းအမဲစက်တခုပဲ ပြောရမှာပဲ။ မမျှတတဲ့ လုံးဝကို ဘက်လိုက်တဲ့၊ အုပ်ချုပ်သူ အလိုကျ စီရင်နေတဲ့ တရားစီရင်ခြင်းတခုဖြစ်ကြောင်း ကျနော်တို့က ပိုပြီးသက်သေပြနေခြင်းလို့ပဲ ပြောလို့ရမှာပါ။ ”

လက်ရှိထောင်တွင်းမှာလည်း မိမိကိုယ်ကို မနည်းကျန်းမာအောင် ဂရုစိုက်နေရပြီး ဥပဒေအရ သူတို့ကို သီးခြားခံစားခွင့်၊ ရပ်တည်ပိုင်ခွင့်နဲ့ အကာအကွယ်ပေးခြင်းမရှိဘူး လို့လည်း လည်း ဦးနေမျိုးဇင်က ပြောပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေး၊ ဒေါ်ဆန်းဆန်းဝင်း (ခေါ်) ဒေါ်လေးလေးနဲ့ ကိုတင်ထွဋ်ပိုင်တို့ အပါအ၀င် ၇ ဦးကို ၀တ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ ခုနဲ့ ပြီးခဲ့တဲ့ မေလတုန်းက ထောင်ဒဏ် ၄ နှစ်နဲ့ ၈ လ ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။

မနှစ် ဒီဇင်ဘာလအတွင်းဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ချီ ဆန္ဒပြခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013