DVB Logo
Home
မြန်မာသတင်း
ကိုယ်စားလှယ် ရုပ်သိမ်းဥပဒေကြမ်း အစီရင်ခံစာတင်
DVB
·
August 19, 2015
ကိုယ်စားလှယ် ရုပ်သိမ်းဥပဒေကြမ်း အစီရင်ခံစာတင်
Donate to DVB

ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းနိုင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ထံ ဒီနေ့ တင်သွင်းလိုက်ပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဒီအစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက သြဂုတ် ၂၀ ရက်နေ့ ဆွေးနွေးကြမှာဖြစ်ပြီး ဆွေးနွေးချက်တွေပြီးရင်တော့ ဥပဒေကြမ်းကို ဆိုင်းထားမလား ဆက်လက်ဆွေးနွေး အတည်ပြုမလားဆိုတာ လွှတ်တော်ထဲ မဲခွဲ ဆုံးဖြတ်ကြမယ်လို့ ပြောပါတယ်။

“အစီရင်ခံစာအပေါ် ပထမဆုံး ဆွေးနွေးရမယ်၊ ဒီနေ့ နာမည်စာရင်းတွေ တင်မယ်၊ မနက်ဖြန်မှာ ဆွေးနွေးကြမယ်၊ ဆွေးနွေးတဲ့အခါ တချို့ကိုယ်စားလှယ်တွေက ဒါကို အတည်ပြုသင့်တယ်လို့ ဆွေးနွေးကြသလို တချို့ကိုယ်စားလှယ်တွေက ဆိုင်းငံ့ထားဖို့ ဆွေးနွေးကြ၊ အဲ့ဒါတွေ ပြီးပြီဆိုတဲ့အခါကျ လွှတ်တော်က မဲခွဲမယ်ဗျ။”

မဲခွဲလို့ အတည်ပြုသင့်တဲ့ဘက်က အနိုင်ရရင် ဥပဒေကြမ်းအပေါ် အသေးစိတ်ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ ဆက်လက်ဆွေးနွေး အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ လွှတ်တော်က ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ရင်တော့ ရွေးကောက်ပွဲကျင်းပချိန်ထိ ဥပဒေ ပေါ်ထွက်လာဖို့ အကြောင်း မရှိတော့ပါဘူး။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကိုတင်တဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို ဆက်လက်ဆောင်ရွက်ရန် သင့် မသင့် ချပြဆွေးနွေးပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူဖို့ တင်ပြထားပါတယ်။

ဆက်လက်ဆောင်ရွက်ဖို့ မသင့်ဘူးလို့ လွှတ်တော်ကဆုံးဖြတ်ရင် ဥပဒေကြမ်း အတည်ပြုရေးကို ဆိုင်းငံ့ထားဖို့လည်း အကြံပြုထားပါတယ်။

တခါ ဆက်လက်လုပ်ဆောင်သင့်တယ်ဆိုရင်လည်း ကော်မတီရဲ့ ၂၀၁၅၊ ဇူလိုင်၂၃ မှာ တင်ခဲ့တဲ့ အစီရင်ခံစာအပေါ် မူတည်ပြီး ထပ်မံပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်ညှိနှိုင်းဆွေးနွေးပြီးမှ အတည်ပြုဖို့ဆိုပြီး ဖော်ပြပါရှိပါတယ်။

သြဂုတ် ၂၀ ရက်ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်စည်းဝေးပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးပြီး လွှတ်တော်အဆုံးအဖြတ်ခံယူမယ့် အစီအစဉ် ထည့်သွင်းထားပါတယ်။

အာဏာရပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ထဲရှိ ပါတီကိုယ်စားလှယ်တွေကို ဥပဒေကြမ်း အတည်ပြုရေး ထောက်ခံဖို့ ဖိအား တစုံတရာပေးမှုရှိခဲ့ရင် ဥပဒေအတည်ပြုရေးဘက်က အနိုင်ရသွားနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်နေကြပါတယ်။

ဒီဥပဒေကြမ်းကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေရာက ဦးရွှေမန်းကို ဖယ်ရှားခဲ့တဲ့နေ့မှာပဲ ပြုစုတင်ပြတဲ့ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ထံ ၄ ကြိမ်မြောက် ပေးပို့ခဲ့တာ ဖြစ်ပြီး ကော်မရှင်ထံ တိုင်တန်းထားတဲ့ ကိုယ်စားလှယ်တွေထဲ ဦးရွှေမန်းလည်း ပါပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013