DVB Logo
Home
မြန်မာသတင်း
ရေဘေးဒဏ်သင့် ကလေးမြို့ ဆန်ဈေး ၂ ဆခန့် မြင့်တက်
DVB
·
August 19, 2015
ရေဘေးဒဏ်သင့် ကလေးမြို့ ဆန်ဈေး ၂ ဆခန့်  မြင့်တက်
1 / 2
Donate to DVB

ရေကြီးမှုဒဏ် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆန်ပြတ်လပ်မှုကြောင့် ဆန်ဈေးနှုန်းတွေ ၂ ဆလောက် မြင့်တက်သွားတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ရေကြီးမှုကြောင့် လမ်းတံတားတွေ၊ လယ်မြေတွေတော်တော်များများ နှုန်းမြေတွေဖုံးပြီး ပျက်စီးသွားတဲ့ အပြင်ဆန်စပါး သိုလောင်ရုံတွေ ပျက်စီးကုန်တဲ့အတွက် အခုလို ဆန်ဈေးနှုန်းတွေ ၂ ဆ မြင့်တက်သွားတာလို့ မြို့ခံ ကိုစလိုင်းဗန်ထောင်းက ပြောပါတယ်။

“ဆန်ဈေးက တော်တော်လေးတက်တယ်။ ၂ ဆ နီးပါးတက်တယ်။ အခု နှစ်ပတ်လောက်ရှိသွားပြီ။ အခုဟာက ဧရာမင်းတွေဆိုရင်တော့ ၄ သောင်းဝန်းကျင် လောက်ရှိတယ်။ ပေါ်ဆန်းဆိုရင် ၃၂၀၀၀-၃၃၀၀၀ ရောင်းတယ်။ အရင်တုန်းက ဧရာမင်းဆန်ကို အများဆုံး ၂၈၀၀၀ နဲ့ ပဲရောင်းတာ။”

ကလေးမြို့ရဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း တနေ့ကမှ ကားတွေ ကလေးမြို့ကို ပြန်ဝင်လာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

ကလေးမြို့မှာ ဇူလိုင် ၂၇ ရက်နေ့ကစပြီး တမြို့လုံးနီးပါး ရေလွှမ်းမိုးခံခဲ့ရတာ ဖြစ်ပြီး  သြဂုတ် ၅ ရက်နေ့လောက်ကမှ ရေပြန်ကျသွားခဲ့တာပါ။

ရေကြီးမှုကြောင့် တမြို့လုံးနီးပါး ရွှံ့နွံတွေနဲ့ပြည့်နေပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း သေကုန်တဲ့အတွက် မြို့တွင်းအနံ့အသက်တွေ ဆိုးဝါးနေပြီး ပြန်လည်ထူထောင်ရေး အကူအညီတွေ အတော်လေးလိုအပ်တယ်လို့  ကလေးမြို့ မေတ္တာရှင် ပရဟိတ္တအဖွဲ့က ကိုနဂါးက ပြောပါတယ်။

“ကျနော်တို့က နွံတွေကို ဖယ်ပြီးတော့မှ နေနေရတယ်။ ရေတွင်းတွေ၊ ရေကန်တွေကလည်း မသန့်ဘူးလေ။ ရှိတဲ့ဟာနဲ့ပဲနေနေရတာပေါ့။ သန့်ရှင်းတွေတွေကလည်း မပြီးသေးဘူး။ အစိုးရဘက်ကလည်း သူတို့ယန္တရားတွေက နည်းနေတဲ့အခါကျတော့ လုပ်တော့ လုပ်နေကြတယ်။ အဓိက မိန်းလမ်းကိုပဲ လုပ်နေကြတယ်။”

ဒါ့အပြင် ပျက်စီးသွားတဲ့အိမ်တွေ ပြန်လည်ပြုပြင်ရာမှာလည်း အစိုးရတာဝန်ရှိသူတွေကဆီကနေ တစုံတရာ ကူညီထောက်ပံ့မှုမရသေးဘဲ လက်ရှိ မြို့ပေါ်မှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပဲ အစားအသောက်တွေအတွက် လှူဒါန်းပေးနေတယ်လို့ ဆိုပါတယ်။

ကလေးမြို့ပေါ်မှာ မနေ့ကစပြီး ကျောင်းတွေပြန်ဖွင့်လို့ ကလေးတွေ အတွက် သင်ထောက်အကူပစ္စည်းတွေ၊ ကျောင်းဝတ်စုံတွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ အစားအသောက်နဲ့ သောက်ရေသန့်ရရှိရေးက အဓိကလိုအပ်ချက်ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013