DVB Logo
Home
မြန်မာသတင်း
ရေဘေးကယ်ရန် အမျိုးသားလွှတ်တော် ရပ်နား၊ ရွေးကောက်ပွဲပြီးမှ ပြန်စမည်
DVB
·
August 19, 2015
ရေဘေးကယ်ရန် အမျိုးသားလွှတ်တော် ရပ်နား၊ ရွေးကောက်ပွဲပြီးမှ ပြန်စမည်
Donate to DVB

ရေဘေးကယ်ဆယ်ပြန်လည်ထူထောင်ရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေ၊ လွှတ်တော်အမတ်တွေ ကွင်းဆင်းဆောင်ရွက်နိုင်ဖို့ လက်ရှိကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေးကို ရပ်နားရန် ဒီကနေ့ သြဂုတ်လ ၁၉ ရက် အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုပြီး ရပ်နားလိုက်ပါတယ်။

မနေ့က အမျိုးသားလွှတ်တော် ပြန်စတဲ့နေ့မှာပဲ ရေဘေးကယ်ဖို့ လွှတ်တော်ရပ်နားသင့်ကြောင်း ကြံ့ခိုင်ရေးပါတီအမတ်တွေက အရေးကြီးအဆို တင်ခဲ့ပြီး ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၃၄ မဲ၊ ကြားနေမဲ ၁၄ မဲနဲ့ အဆိုကို အတည်ပြုခဲ့တာပါ။

လာမယ့် ၁၃ ကြိမ်မြောက် လွှတ်တော်ကို ရွေးကောက်ပွဲပြီးမှ ပြန်စဖြစ်တော့မယ်လို့  လွှတ်တော်ရပ်နားမယ့် ကိစ္စကို ကန့်ကွက်ခဲ့တဲ့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ဥက္ကဋ္ဌ မိန့်ခွန်းပြောတာတော့ ၁၂ ကြိမ်က ပြီးသွားပြီဗျ၊ ဘာလို့ဆိုတော့ မဲဆွယ်ကာလ ရက် ၆၀ ကလည်း ရက်ပိုင်းပဲ လိုတော့တာကိုး၊ ဒီအတွက်လည်း လွှတ်တော်နားဖို့ ပြောတဲ့အခါကျတော့ ၁၃ ကြိမ် စဖြစ်မယ်ဆိုရင်လည်း ရွေးကောက်ပွဲပြီးတဲ့အခါကျမှပဲ ၁၃ ကြိမ် အမျိုးသားလွှတ်တော် စမှာပါ။”

အမျိုသားလွှတ်တော် ရပ်နားသွားပေမယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲရှိရင် သွားတက်နိုင်ကြကြောင်း ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောတယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၈ ရက် အမျိုးသားလွှတ်တော်မှာ မကွေးတိုင်း မဲဆန္ဒနယ်အမှတ်(၁) က ဦးကြည်ထွန်းက လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ရေဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့နဲ့ အထွေထွေရွေးကောက်ပွဲဝင်မယ့် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလောင်းတွေ အနေဖြင့် ကိုယ်စားလှယ်စိစစ်ရေးကိစ္စတွေ ဆောင်ရွက်နိုင်ဖို့နဲ့ စည်းရုံးရေးကာလမှာ မဲဆန္ဒနယ်အတွင်း ကွင်းဆင်းဆောင်ရွက်နိုင်ဖို့  အမျိုးသားလွှတ်တော် ရပ်နားပေးဖို့ အရေးကြီးအဆို တင်ခဲ့တာပါ။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) က  ဒေါက်တာ ဝင်းမြင့်အောင် ကလည်း ရေဘေးကူညီဖို့ အမျိုးသားလွှတ်တော် နားသင့်တယ်လို့ တင်ပြခဲ့ပါတယ်။

လွှတ်တော်စောင့်ကြည့်ရေး မြန်မာ့ရှေ့ဆောင်အဖွဲ့က ဦးအေးကျော်ကတော့ အခုလို ရပ်နားလိုက်တာဟာ လွှတ်တော်ကို ရုပ်ပျက်ဆင်းပျက်နိုင်တယ်လို့ ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်မှာက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ဖြစ်နေတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်က ခေါ်ရင် သွားတက်ရမယ့်သဘော ရှိနေတာပေါ့။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ခွင့်ယူမယ်ဆိုတာလည်း ဖြစ်လာနိုင်တာပေါ့လေ။ ဖြစ်လာနိုင်တော့ တကယ်လို့များသာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံးက ပြည်ထောင်စုလွှတ်တော်မှာ ခွင့်ယူခဲ့ရင် အမျိုးသားလွှတ်တော် မပါတဲ့ ပြည်ထောင်စုလွှတ်တော်ကြီး ဖြစ်နေမှာပေါ့။ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ချက်ချတဲ့အခါ ပြဿ နာ နည်းနည်းရှိလာနိုင်တယ်။ အဲ့တော့ အမျိုးသားကိုယ်စားလှယ်တွေအားလုံး ခွင့်ယူမယ်ဆိုရင်တော့ နည်းနည်းရုပ်ပျက်ဆင်းပျက်တော့ ရှိမှာပေါ့။”

သြဂုတ် ၁၈ ရက် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာလည်း အလားတူ ရေဘေးအကြောင်းပြပြီး ရပ်နားဖို့ ကြံ့ခိုင်ရေးပါတီ အမတ်တွေက အရေးကြီးအဆို တင်ခဲ့ပေမယ့် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပယ်ချခဲ့ပြီး လွှတ်တော်ဆက်လက်ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013