DVB Logo
Home
Lead Story
မျိုးစပါး ၊ မြေသြဇာ၊ ထွန်စက်နဲ့ ချေးငွေ ထောက်ပံ့ဖို့လိုပါတယ် - ဒေါက်တာစိုးထွန်း
DVB
·
August 19, 2015
မျိုးစပါး ၊ မြေသြဇာ၊ ထွန်စက်နဲ့ ချေးငွေ ထောက်ပံ့ဖို့လိုပါတယ် - ဒေါက်တာစိုးထွန်း
Donate to DVB

နိုင်ငံတ၀န်း ရေကြီးရေလျှံမှုတွေကြောင့် လယ်မြေဧက ၇ သိန်းလောက် ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြန်လည်ထူထောင်ရေးအတွက် မျိုးစပါး၊ မြေသြဇာ၊ ငွေကြေးနဲ့ လယ်ယာသုံးပစ္စည်း အထောက်အပံ့လိုနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ လက်ရှိမှာတော့ အစိုးရနဲ့ အရပ်သားအလှူရှင်တွေက မျိုးစပါး၊ တိရစ္ဆာန်အစာ လှူဒါန်းမှုတွေတော့ တပိုင်တနိုင်လုပ်ဆောင်နေကြပါတယ်။

တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ သက်ရောက်ခဲ့တဲ့ ဒီရေဘေးကြောင့် မြန်မာနိုင်ငံ ဆန်စပါးတင်ပို့မှု လျော့ကျနိုင်ဖွယ်ရှိတယ်လို့လည်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုတွေကြောင့် ဆန်စပါးလောကနဲ့ ပတ်သက်လို့ လယ်ယာမြေဧက ဘယ်လောက်လောက် နစ်နာဆုံးရှုံးခဲ့သလဲ။

“တကယ်တမ်း ရေမြုပ်တာတော့ ဧက ၁ သန်းခွဲ နီးပါးမြုပ်ခဲ့တာပေါ့။ ထိခိုက်တဲ့ဟာက အကြမ်းဖျင်း ၇ သိန်းကျော်လောက် ထိခိုက်ပျက်စီးတာပေါ့။”

ပျက်စီးမှုတွေကို ပြန်လည်အစားထိုးရေးအခြေအနေတွေကရော။

“တချို့နေရာတော့လည်း ပြန်စိုက်ပျိုးလို့ရပါတယ်။ တချို့နေရာတော့လည်း စိုက်ပျိုးဖို့ မမီဘူးပေါ့နော်။ နောက် လယ်သမားကလည်း ဆိုပါတော့ မင်းလှဘက်တို့၊ ဘာတို့ကတော့ စပါးပြန်မစိုက်တော့ဘူးပေါ့။ သူတို့က မတ်ပဲကိုပဲ စိုက်ဖို့ စဉ်းစားတယ်ပေါ့။ မတ်ပဲရာသီကို ထိခိုက်မှာစိုးလို့ အဲဒီလိုရှိတယ်။ တချို့နေရာကျတော့လည်း ရေပြန်ရဖို့ အခက်အခဲရှိတဲ့ ဟာမျိုးတွေရှိတယ်။ တချို့ကျတော့ စိုက်ရက်မမီတဲ့ဟာမျိုးပေါ့နော်။ ပြန်လည်ပြုပြင်ဖို့အတွက် ငွေကြေးခက်ခဲတဲ့ ဟာမျိုးရှိတယ်။ စိုက်ပျိုးတဲ့ဟာက လောလောဆယ်အနေအထားကတော့ အကြမ်းဖျင်းတော့ ဧက ၁ သိန်းခွဲလောက် ပြန်ပြီးစိုက်ပျိုးပြီးတဲ့ဟာတော့ရှိတယ်။”

လယ်သမားတွေ အခက်အခဲ ပြေလည်အောင် အဓိက ဘာအကူအညီ ဦးစားပေးလိုအပ်သလဲ။

“နံပါတ် ၁ ကတော့ မျိုးစပါးပေါ့။ မျိုးစပါးက ကျနော်တို့ဆီမှာတော့ လက်ရှိ မျိုးလို့သာပြောတာ မျိုးအနေနဲ့ မကျန်တော့ဘူးပေါ့။ လက်ရှိတော့ ရိုးရိုးစပါးကိုပဲ မျိုးအနေနဲ့ ပြန်သုံးနေတဲ့အပိုင်း ဖြစ်သွားတာပေါ့။ အဲဒီတော့ မျိုးစပါး လောလောဆယ်လိုမယ်။ နောက် မြေသြဇာပေါ့နော်၊ မြေသြဇာကတော့ ပြန်လည်စိုက်ပျိုးတဲ့နေရာအတွက်လည်း လိုမယ်၊ နောက်တခုက တချို့ ရေတက်ပြီး ပြန်ဆင်းသွားတဲ့အခါကျတော့ လုံးဝတော့ ပျက်သွားတာတော့ မဟုတ်ဘူး၊ သို့သော်လည်း ပြန်လည်ပြုပြင်ဖို့ လိုတဲ့အခါကျတော့ မြေသြဇာကျွေးဖို့လိုတော့ မြေသြဇာကို သူတို့ အရေးတကြီး လိုအပ်နေတာပေါ့။ အနည်းဆုံးတော့ ယူရီးယားလောက်တော့ သူတို့လိုချင်တယ်ပေါ့နော်။ နောက်တခုက ပြန်လည်ထွန်ယက်စိုက်ပျိုးဖို့အတွက်လည်း စက်ပစ္စည်းကိရိယာ လယ်ထွန်စက်လိုဟာမျိုးလိုတယ်။ အဲဒီအတွက် သုံးစွဲမယ့် ဆီပေါ့နော်။ အချို့ဒေသတွေကျတော့ ပွင့်ဖြူတို့ ဘာတို့ကျတော့ အစိုးရဆီက ထွန်စက်တော့ရမယ်၊ သို့သော်လည်းပဲ ဆီက ကိုယ့်ဖာကို စိုက်ရမယ်ပေါ့နော်။ မောင်းခ ပေးရမယ်ဆိုတော့ သူတို့အတွက် အဆင်မပြေတာရှိတယ်။ နောက်တခုက ငွေကြေးပေါ့နော် ၁ ဧက ကုန်ကျစရိတ် အကြမ်းဖျင်း ကျပ် ၁ သိန်းခွဲ၊ ၂ သိန်းလောက် ကုန်ကျတဲ့အတွက်ကြောင့်မို့လို့ ကုန်ကျစရိတ်ငွေကြေးလည်း သူတို့လိုတာပေါ့။ ဒါတွေကတော့ လောလောဆယ် အရေးတကြီး လိုနေတာပေါ့နော်။”

ရေကြီးမှုဟာ ပြည်ပဆန်တင်ပို့မှုကို ထိခိုက်နိုင်လား။

“ကျနော်တို့အနေနဲ့ လောလောဆယ်ပြောရတာတော့ နည်းနည်းလေးတော့ အချိန်စောသေးတာပေါ့နော်။ သို့သော်လည်းပဲ အရင်နှစ် ၁ ဒသမ ၈ သန်း လောက်တော့ မပို့နိုင်တော့ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်မှာ ၄၅ ရက်လောက်ပေါ့။ စက်တင်ဘာလ ၁၅ ရက်နေ့အထိ အိပ်စပို့က နားထားတဲ့အပိုင်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ အကြမ်းဖျင်း ၁ ရက်ကို အိတ် ၁ သိန်းလောက် ထွက်နေတာပေါ့နော်။ ၁ လခွဲလောက်နားလိုက်တယ်ဆိုရင် အနည်းဆုံး တန်ချိန် ၂ သိန်းလောက်တော့၊ ၂ သိန်းနဲ့ ၃ သိန်းကြား လျော့သွားတဲ့ အနေအထားရှိတာပေါ့။ တဖက်မှာလည်း ပြည်တွင်း ဆန်ဈေး၊ စပါးဈေးတက်လာတဲ့ အပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အိတ်စပို့ ပို့တဲ့သူအတွက်ကလည်း တွက်ခြေမကိုက်တဲ့ အပိုင်းဖြစ်လာတော့ အိပ်စပို့တော့ အများကြီးမဟုတ်သော်လည်း လျော့ကျသွားမယ့်အနေအထားမှာ ရှိတာပေါ့။”

တရုတ်နယ်စပ်ကနေ ဆန်တင်ပို့ရာမှာ  မြန်မာဆန်ကုန်သည်အချို့ အကြွေးဆုံးတာရှိခဲ့ကြတယ်။ ဆန်ကုန်သည်တွေရဲ့ အလားအလာက လာမယ့်စပါးရာသီမှာ ဘယ်လိုရှိမလဲ။

“ကျနော်တို့က အဲဒီ ၂ ခုကို ချိန်နေရတယ်။ ဘာကိုချိန်နေရလဲဆိုရင် ၁ ကတော့ လောလောဆယ် ဆန်ဈေး၊ စပါးဈေးကြီးတဲ့အတွက်ကြောင့်မို့လို့ အိတ်စပို့ကို ပိတ်တယ်။ ဆန်ဈေး၊ စပါးဈေးကျအောင် လုပ်တယ်ပေါ့နော်။ ဒီရက်ပိုင်းအတွင်း ၃၊ ၄ ရက်ဆိုရင်တောင်မှ ဆန်ဈေးက တအိတ်ကို ၅ ရာ၊ ၁ ထောင်လောက် ပြန်ကျလာတာပေါ့နော်။ သို့သော်လည်းပဲ စပါးပေါ်တဲ့ ရာသီပေါ့ အကြမ်းဖျင်း အောက်တိုဘာလဆိုရင် စပါးပေါ်ပြီ။ အောက်တိုဘာ၊ နိုဝင်ဘာဆို ပေါ်တယ်ဆိုတော့ အိတ်စပို့ရပ်တဲ့ဟာကိုလည်း စက်တင်ဘာ ၁၅ ပြည့်ပြီးရင် ပြန်ပို့ဖို့အတွက်တော့ ကျနော်တို့ ကြေညာချက်လေး ထုတ်ထားတာရှိတယ်။ ဘာလို့လဲဆိုတော့ အဲလို ပြန်မပို့နိုင်ဘူးဆိုရင် လက်ထဲမှာ လက်ကျန်စပါးများတဲ့၊ ဆန်များတဲ့ အခါကျရင် တောင်သူတွေက စပါးပေါ်တဲ့အချိန်မှာ ဧက ၁၅ သန်းလောက်က တပြိုင်နက်တည်းပေါ်မှာကိုး။ အဲဒီအချိန်မှာ စပါးဈေးထိုးကျသွားရင်လည်း ရှိတဲ့တောင်သူတွေအနေနဲ့ ဆုံးရှုံးမှု ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒါကို သတိကြီးစွာ ကိုင်တွယ်ဖို့လိုတယ်လို့ ကျနော်တို့ မြင်တယ်ပေါ့လေ။ အဲဒီတော့ ပြည်ပပို့တဲ့အပိုင်းတွေ၊ ပြည်တွင်းအပိုင်းနှစ်ခု အကြားမှာ အစိုးရအနေနဲ့ စနစ်တကျ ထိန်းကျောင်းကိုင်တွယ်ဖို့လိုမယ်လို့ မြင်တယ်။”

ဦးစိုးထွန်းတို့ ဆန်စပါးအသင်းချုပ်က ပုဂ္ဂိုလ်တွေ တလောက ဥရောပဘက်ကို ခရီးထွက်ကြတာ ဆန်တင်ပို့မှုကိစ္စလို့သိတယ်။ ဘာတွေ ထူးခဲ့သလဲ။

“လောလောဆယ်တော့ တချို့ရောင်းချဖို့အတွက်တော့ စကားပြောခဲ့တာတော့ရှိတာပေါ့။ သို့သော်လည်းပဲ ဒီဘက်ပိုင်းမှာလည်း ကျနော်တို့သွားတဲ့အချိန်မှာပဲ ပြည်တွင်းမှာ ရေကြီးနစ်မြုပ်မှုရှိတယ်။ ဆန်စပါးပိတ်မယ့်ကိစ္စတွေ ပေါ်လာတော့ လောလောဆယ်တော့ အမ်အိုယူ (နားလည်မှုစာချွန်) ထိုးတဲ့အပိုင်းတော့ မလုပ်ခဲ့ဘူး။ သူတို့ကိုတော့ စက်တင်ဘာလ အကုန်လောက် ဖိတ်ထားတာရှိတယ်။ အဲဒီကျရင်တော့ ဗမာပြည်လာမယ်၊ တဖက်ကလည်း ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့အတွက်ပေါ့နော် ဒါကိုလည်း သူတို့က စိတ်ဝင်စားကြတဲ့အတွက်ကြောင့်မို့ စက်တင်ဘာလကုန်မှာ သူတို့ဆီကအဖွဲ့တွေ ပြန်လာဖို့ရှိတယ်။ အဲဒီကျရင်တော့ ပိုပြီးအသေးစိတ်ဆွေးနွေးနိုင်မယ်။ ဒီဘက်က ၁ က ရင်းနှီးမြှုပ်နှံမှုကိစ္စရယ်၊ ဥရောပဈေးကွက်ကို တင်ပို့တဲ့ကိစ္စကိုတော့ ဆွေးနွေးဖို့ရှိပါတယ် ထပ်ပြီးတော့။”

တရုတ်နိုင်ငံအစိုးရက မြန်မာ့ဆန်တရားဝင်ဝယ်ယူတဲ့ အစီအစဉ်ဟာ  ပိုးမွှားသန့်စင်မှုစစ်ဆေးရေးရုံး (အေကျူအက်စ်အိုင်ကျူ) က ရန်ကုန်မှာ ရုံးဖွင့်ဆောင်ရွက်နိုင်ပြီလား။ တရုတ်နိုင်ငံနဲ့ အစိုးရချင်း အသိအမှတ်ပြု ဆန်တင်ပို့ရေး ဘယ်တော့စနိုင်မလဲ။

ကျနော်တို့က တန်ချိန် ၁ ထောင်တော့ ဇွန်လတုန်းက ပို့ပြီးသွားပြီ။ သူက အေကျူအက်စ်အိုင်အကျူ တော့မဟုတ်ဘူး၊ စီစီအိုင်စီပေါ့ အရည်အသွေးစစ်တဲ့ရုံးတော့ အရေအတွက် မများတဲ့အတွက်ကြောင့်မို့လို့ သူတို့ မဖွင့်သေးဘူးပေါ့နော်။ သူတို့က လက်ရှိတော့ ဘန်ကောက်ရုံးကနေ လာစစ်ပေးတာပေါ့နော်။ ပြီးခဲ့တဲ့တခေါက်က တန်ချိန် ၁ ထောင်ပို့ပြီးပြီ၊ ကျန်တဲ့ဟာကတော့ ဆက်ပို့ဖို့က အခုလောလောဆယ်တော့ ပြည်တွင်းမှာလည်း ရေကြီးနစ်မြုပ်မှုအပိုင်း ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ လောလောဆယ်ရပ်ထားတဲ့ အပိုင်းရှိပါတယ်။ စက်တင်ဘာလကုန်ရင် ပြန်လည်တင်ပို့ဖို့ လုပ်ပါမယ်။”

ရေဘေးသင့်လယ်သမားတွေအခက်အခဲကို မြန်မြန်ဖြေရှင်းနိုင်ရေး ဘယ်လိုအိုင်ဒီယာရှိလဲ။ ဘယ်လိုအကြံပြုချင်လဲ။

“နံပါတ် ၁ အနေနဲ့ အရေးပေါ်အကူအညီကယ်ဆယ်ရေးအပိုင်း၊ စားနပ်ရိက္ခာ၊ ဆန်တို့ အ၀တ်အထည် ဆေးဝါးပံ့ပိုးတဲ့ အပိုင်းပြီးသွားရင်တော့ ဒုတိယလိုအပ်တာကတော့ ပြန်လည်ထူထောင်ရေးအတွက်ပေါ့နော်၊ ကျနော်တို့က လယ်ယာစိုက်ပျိုးရေးလုပ်တဲ့သူတွေ များတဲ့အတွက်ကြောင့်မို့လို့ သူတို့ပြန်လည်စိုက်ပျိုးနိုင်အောင် ထူထောင်ရေးအပိုင်းမှာ လိုအပ်တဲ့ ခုန ကျနော်လည်း ပြောခဲ့ပြီးပြီပေါ့နော်။ အင်ပို့တွေဖြစ်တဲ့ မျိုးစပါးတို့၊ မြေသြဇာတို့၊ ငွေကြေးတို့၊ လယ်ယာသုံးပစ္စည်းကိရိယာတို့ ဒါတွေကိုတော့ ထောက်ပံ့ကူညီဖို့လိုပါတယ်။ ဒါကို အစိုးရပိုင်းရော၊ အင်တာနေရှင်နယ် အေဂျင်စီအဖွဲ့အစည်းတွေရော၊ ကျနော်တို့ပြည်သူ အလှူရှင်တွေအနေနဲ့ရော ဒီနေရာမှာ ၀ိုင်းဝန်းပြီးတော့ ပံ့ပိုးပေးဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းချင်တာပေါ့နော်။ ဒါမှပဲ လယ်သမားတွေဘ၀ဟာ ပြန်လည်ရှင်သန်နိုင်ပြီးတော့မှ တဖက်မှာလည်း ပြည်တွင်းစားသုံးမှုဖူလုံရေးကို အထောက်အကူပြုမယ်လို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013