DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်း လူသတ်မှုတွင် မြန်မာလူငယ် ၂ ဦးပေါ် ဒီအန်အေ စစ်ဆေးချက် လုပ်ထုံးလုပ်နည်းမညီ
DVB
·
August 19, 2015
လိပ်ကျွန်း လူသတ်မှုတွင်  မြန်မာလူငယ် ၂ ဦးပေါ် ဒီအန်အေ စစ်ဆေးချက် လုပ်ထုံးလုပ်နည်းမညီ
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း ခေါ် ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကော့စမွေခရိုင်တရားရုံးက အမှုစစ်ဆေးနေတာမှာ တရားလိုပြ သက်သေ ထွက်ဆိုချက်အရ ဒီအန်အေစစ်ဆေးချက်က လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့    မြန်မာသံရုံး အတိုင်ပင်ခံရှေ့နေက ပြောပါတယ်။

သြဂုတ် ၁၈ ရက်နေ့က တရားရုံးရဲ့ တတိယအကြိမ်မြောက် ပထမနေ့ စစ်ဆေးချက်ကို ပါဝင်ကြားနားခဲ့ပြီးတဲ့နောက် မြန်မာသံရုံး အထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ခုလို သုံးသပ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"မနေ့က ရဲတပ်ကြပ်ကြီးရော၊ ရဲမှူးကြီးပါ အားလုံး ရဲဝန်ထမ်း ၄ ယောက်ကိုစစ်တယ်။ သူတို့က ကြိုတင်ညှိထားတဲ့ ပုံစံတွေနဲ့ ထွက်ဆိုတယ်။ အဓိကက ဒီအန်အေစစ်တဲ့ကိစ္စ။ ဒါပေမယ့် စစ်ထားတာက လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ တွေ့ရပါတယ်။ ဥပမာ ကလေး ၂ ယောက်ကို ဒီအန်အေစစ်မယ်ဆိုရင် သူတို့လက်မှတ်ပါရမယ်၊ ရဲလက်မှတ်လည်း ပါရမယ်။ အဲဒါ လက်မှတ်လည်း ထိုးမထားဘူး။ ပြီးတော့ သူတို့တင်ပြတဲ့ ရက်စွဲတွေမှာ စဉ်းစားစရာတွေ အများကြီး ရှိနေတယ်။"

ရဲတွေက ဒီအန်အေစစ်ဆေးချက်ကို ၂၀၁၄ စက်တင်ဘာ ၁၆ ရက်နေ့ကနေ အောက်တိုဘာ ၃ ရက်နေ့ထိ စစ်ခွင့်ရှိတဲ့အတွက် ၁၆ ရက်နေ့ နောက်ပိုင်းကတည်းက ကလေးတွေကို ခနခနခေါ်ပြီး ဒီအန်အေယူထားကြောင်း၊ ရဲမှူးကြီးက ဒီအန်အေကို ၂-၁၀-၂၀၁၄ က ပို့လာတယ်လို့ ပြောတဲ့အတွက် တရားခံတွေကို ဖမ်းပြီးမှ ဒီအန်အေပို့တယ်ဆိုတာ ပေါ်လွင်ကြောင်း၊ ဒါကြောင့် သူတို့ဟာ မြန်မာလူငယ် ၂ ဦးဆီကရတဲ့ ဒီအန်အေကို သေသူဆီမှာ သွားသုတ်လိမ်းထားရင် ရသလို နောက်တချက်က ဒီအန်အေ ၂ ခုခွဲပြီး သေသူဆီ သွားထည့်လို့လည်း ရတယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။

မနေ့က ထိုင်းတရားရေးဝန်ကြီးဌာန လက်အောက်ခံ မှုခင်းဆေးသိပ္ပံ ဦးစီးဌာနက ၀န်ထမ်းတွေရောက်လာပြီး လူငယ် ၂ ဦးရဲ့ ဒီအန်အေကို ပြန်ယူသွားတယ်လို့ ဦးအောင်မျိုးသန့်က ဆက်ပြောပါတယ်။

ဒီတကြိမ် ဒီအန်အေစစ်ဆေးမှုကိုတော့ ထိုင်းမှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာဖွန်းထစ်ကိုယ်တိုင် စစ်ဆေးမယ်လို့ ဆိုပါတယ်။

အခုတကြိမ် တရားလိုပြသက်သေ စစ်ဆေးမှုကို သြဂုတ် ၁၈ ရက်ကနေ ၂၁ ရက်နေ့ထိ ၄ ရက်တာ ပြုလုပ်ဖို့ ရှိနေပါတယ်။

ထိုင်းစစ်တပ်ဘက်က တရားလိုလုပ်ပြီး စွဲဆိုထားတဲ့ ဒီလူသတ်မှုမှာ တရားလိုပြသက်သေပေါင်း ၆၅ ဦး အမည်စာရင်း တင်သွင်းထားပြီး ၁၅ ဦးကို စစ်ဆေးသွားပြီးဖြစ်ပါတယ်။

စစ်ဆေးပြီးစီးချက်တွေထဲမှာ လူငယ် ၂ ဦး လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံကို မပြနိုင်သေးတဲ့အပြင် လွဲချော်မှုတွေပါ ရှိနေတယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013