DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက် ကျောင်းသားတွေကို စွဲဆိုထားတဲ့အမှု တရားမ၀င်ဟု ရှေ့နေလျှောက်ထား
DVB
·
August 18, 2015
သပိတ်မှောက် ကျောင်းသားတွေကို စွဲဆိုထားတဲ့အမှု တရားမ၀င်ဟု ရှေ့နေလျှောက်ထား
Donate to DVB

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်စဉ် ရိုက်နှက်ဖမ်းဆီး တရားစွဲခံကြရတဲ့ ကျောင်းသား တွေနဲ့ ၀န်းရံပြည်သူတွေကို ပဲခူးတိုင်း သာယာဝတီမြို့နယ်တရားရုံးမှာ ဒီနေ့ထပ်မံ ရုံးထုတ် စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ ရဲမှူးဘုန်းမြင့်ကို စစ်ဆေးရာမှာ လက်ရှိကျောင်းသားတွေကို စွဲဆိုထားတဲ့အမှု ဟာ တရားမ၀င်ဘဲ မူလကနေ ပျက်ပြယ်တဲ့နေတဲ့ တရားစွဲဆိုမှုတရပ်ဖြစ်ကြောင်း ကျောင်းသားတွေရဲ့ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

“ဒီကနေ့ တရားလို ရဲမှူး ဦးဘုန်းမြင့်ကို မေးတဲ့အခါကျတော့ သူတို့သည် ပင်မသပိတ်ကို ဖြိုခွင်း ခြင်းသည် ဥပဒေနဲ့မညီဘူး။ ဘာလို့မညီလဲဆိုတဲ့အခါကျတော့ လက်ပံတန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟရဲ့ အမိန့်စာအရ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၇၊ ၁၂၈ အရ အမိန့်ပေးလို့ သူက ဖြိုခွင်းခြင်းဖြစ်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီအမိန့်သည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထံမှာ အပ်နှင်းထားတဲ့ အာဏာမရှိဘူး။ ဒု-ရဲအုပ်အဆင့်နဲ့ တရားသူကြီးအဆင့်ကိုသာ အပ်နှင်း ထားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို အပ်နှင်းထားခြင်း မရှိဘူး။ အဲတော့ အပ်နှင်းထားခြင်း မရှိတဲ့အာဏာကို အသုံးပြုပြီးတော့ အမိန့်ထုတ်ခြင်းသည် မူလကပင် ပျက်ပြယ်နေတဲ့ အမိန့်ဖြစ်တယ်။”
ဒါ့အပြင် ကလေးသူငယ်ကို လူကြီးတွေက ဖမ်းဆီးပြီး တရားစွဲဆိုတာဟာလည်း ကလေးသူငယ် ဥပဒေဖောက်ဖျက်တာဖြစ်တဲ့အတွက် ဒါဟာ ပြစ်မှုမြောက်တဲ့အချက်ဖြစ်တယ်လို့လည်း ဦးလှမျိုးမြင့်က ပြောပါတယ်။

“ဒီဟာနဲ့ပတ်သက်ပြီးတော့ တရားစွဲဆိုမှုကလည်း ဥပဒေနဲ့မညီတဲ့အတွက်ကြောင် တရားစွဲဆိုမှု တရပ်လုံးက မူလကပင် ပျက်ပြယ်နေတယ်။ ဒါကြောင့် မူလကပင်ပျက်ပြယ်နေသောတရားစွဲဆိုမှု ဖြစ်တယ်ဆိုတာကျနော်လျှောက်လွှာတင်ခဲ့တယ်။ အဲတော့ တရားစီရင်ရေးအဖွဲ့ကနေ မြို့နယ် တရားသူကြီးကနေပြီး ခရိုင်တရားသူကြီးကိုတင်ပါ၊ ခရိုင်တရားသူကြီးကနေ တိုင်းဒေသကြီး ကိုတင်ပေးပါလို့ ပြောလို့ ကျနော်လျှောက်လွှာတင်ခဲ့ပါတယ်။”

ဒီလျှောက်လွှာနဲ့ပတ်သက်ပြီး လာမယ့်အပတ် ရုံးချိန်းမှာ လျှောက်လဲချက်ပေးရမှာဖြစ်ပြီး လျှောက်လဲချက်နောက်ပိုင်း အမိန့်ချမှတ်ရမှာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း အကြမ်းဖက်ဖမ်းဆီး တရားစွဲခံရသူ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၅ ဦး သာယာဝတီထောင်တွင်း ကျန်ရှိပြီး အချို့ဟာ ဖမ်းဆီးစဉ်က ရဲတွေက ရိုက်နှက်တဲ့ဒဏ်ကြောင့် အတွင်းဒဏ်ရာတွေ ရရှိနေကြပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ သွားရောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ဖခင် ဒေါက်တာနေ၀င်းက “ကျန်းမာရေးမကောင်းတာက သံလျှင်က ၀န်းရံပြည်သူ ကိုထင်လင်းအောင် တော်တော်မကောင်းဘူးဖြစ်ပြီးတော့ မူးပြီးချွေးစေးတွေပြန်နေတယ်။ ကျနော်တို့က သူ့ကို အပြင်မှာ ၀ိုင်းကြည့်နေတဲ့ အချိန်မှာ ရဲမှူးတယောက်က သူ့ကိုလာခေါ်ပြီး ဆေးရုံကားပေါ်မှာ သွေးပေါင်ချိန်တိုင်းတယ်။ သွေးပေါင်ချိန်တိုင်းတာ အပေါ်သွေး ၁၆၀ နဲ့ အောက်သွေး ၁၀၀ ဖြစ်နေတယ်။ ထောင်ထဲရောက်ရင်တော့ ကောင်းမကောင်း မသိဘူး။ အရိုက်ခံရတဲ့ ဒဏ်ရာတွေ ကလည်း ကိုက်ခဲတုန်းနာနေတုန်းပဲ”လို့ ပြောပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သာယာဝတီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
သပိတ်မှောက် ကျောင်းသားတွေကို စွဲဆိုထားတဲ့အမှု တရားမ၀င်ဟု ရှေ့နေလျှောက်ထား