DVB Logo
Home
မြန်မာသတင်း
ပါတီမူဝါဒ အပြောင်းအလဲမရှိဟု ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပြောဆို
DVB
·
August 18, 2015
ပါတီမူဝါဒ အပြောင်းအလဲမရှိဟု ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပြောဆို
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီရဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ အကောင်အထည်ဖော်တဲ့ လုပ်ငန်းလမ်းစဉ်တွေ အပြောင်းအလဲမရှိဘူးလို့ လွန်ခဲ့တဲ့သီတင်းပတ်က ပါတီဥက္ကဌတာဝန် ပူးတွဲထမ်းဆောင်ဖို့ ခန့်အပ်ခံရသူ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေး ရပ်နားချိန် သတင်းထောက်တွေမေးမြန်းချက်ကို ဖြေဆိုခဲ့တာပါ။

ဦးဌေးဦးက “ကျနော်တို့ မပြောင်းဘူး။ ဘာဖြစ်လို့မပြောင်းလဲဆိုတော့ ဒီနေ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ရောက်အောင် ကျနော်တို့ တော်တော်များများလုပ်ရတယ်။ ကျနော်တို့လုပ်ခဲ့တာ၊ ကျနော်တို့လုပ်ခဲ့တာ။ ကျန်တဲ့လူလည်း ပါပါတယ်။ ကျန်တဲ့လူတွေလည်း ပါတယ်။ အနှောင့်အယှက်တွေ အများကြီးပဲ။ အဲဒီလို အနှောင့်အယှက် များစွာထဲက ကြိုးစားထားတဲ့ဟာကို ဒီဥစ္စာတော့ မလုပ်တော့ဘူး၊ နောက်တခု သွားမယ်ဆိုတာ ဘယ်ဖြစ်ပါ့မလဲဗျာ၊ ၄ နှစ်ပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့ညက နေပြည်တော်က ပြည်ခိုင်ဖြိုးရုံးချုပ်မှာကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးမတိုင်ခင်ကတည်းက ပါတီဥက္ကဋ္ဌတာဝန်ကို သမ္မတဦးသိန်းစိန်က သူ့ကို လွှဲပြောင်း ပေးခဲ့တယ်လို့ ဦးဌေးဦးက ရှင်းပြပါတယ်။

ပါတီဥက္ကဌတာဝန်ပူးတွဲထမ်းဆောင်တဲ့ သူရဦးရွှေမန်းကို ဘာကြောင့်အစည်းအဝေးမဖိတ်သလဲ၊ ဘာကြောင့် ဒီအရေးကြီးတဲ့အစည်းအဝေးမှာ သူ့ကိုဘာကြောင့်ချန်ခဲ့ရပါသလဲလို့ မေးမြန်းချက်ကို ဖြေဆိုရာမှာ ဦးဌေးဦးက “တစ်အချက်ကတော့ လွှဲပြောင်းတာက အရင်ဗျ။  လွှဲပြောင်းတာက အရင်လေ၊ လွှဲပြောင်းပြီးပြီဆိုရင် စီအီးစီအစည်းအဝေးမှာ မရှိတော့ဘူးလေ။ ဒါပဲပေါ့။ လွှဲပြောင်းတာက နောက်မှမှ မဟုတ်တာပဲ။ လွှဲပြောင်းတယ်ဆိုတာက အရင်လာတာကိုး။ လွှဲပြောင်းတဲ့ဥစ္စာပြီးတော့မှ ကျနော်က ပူးတွဲဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်၊ ပူးတွဲဥက္ကဋ္ဌကနေမှ ဆောင်ရွက်ပါဆိုတော့ အဲဒီအချိန်မှာ စီအီးစီအဟောင်းပေါ့ လွှဲပြောင်းတော့ ကျနော်ဖြစ်နေတယ်။ ဖြစ်တော့ စီအီးစီအဟောင်းနဲ့ ကျနော်လုပ်တယ်။ လုပ်တော့ စီအီးစီအဟောင်းထဲကလူတွေက ‘ပြောင်းလဲဖွဲ့စည်းပါ၊ လူငယ်တွေရော၊ လူကြီးတွေရော၊ လူလတ်တွေရော ပြောင်းလဲဖွဲ့စည်းပါလို့ စီအီးစီအဟောင်းက ဆုံးဖြတ်တယ်။  စီအီးစီအဟောင်းကပဲ ဘယ်သူတွေနဲ့ဖွဲ့မလဲဆိုတာ သုံးသပ်တယ်။

ဦးဌေးဦးအနေနဲ့ သူရ ဦးရွှေမန်းနဲ့ ဦးဌေးဦးနဲ့ ရာထူးအပြောင်းအလဲလုပ်မယ်ဆိုတာကို ကြိုသိထားပါသလားလို့ အသေးစိတ် မေးမြန်းရာမှာ ဦးဌေးဦးက “ကျနော်တော့မသိဘူး။ မသိဘူး။ သိစရာလည်း မလိုဘူး။ မသိစရာလည်း မလိုဘူး” လို့ ဖြေပါတယ်။

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲဟာ ရွေးကောက်ပွဲအပေါ် သက်ရောက်နိုင်ခြေ ရှိမရှိမေးမြန်းရာမှာ သူက “ရွေးကောက်ပွဲကတော့ဗျာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း သွားမှာပေါ့။ ဘာမှလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ ကော်မရှင်က ချမှတ်ထားတဲ့ဥစ္စာပဲ၊ ကျနော်တို့ကလည်း မူတွေလည်းမပြောင်းဘူး။ ကိုယ်စားလှယ်လည်း မပြောင်းဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ချထားတဲ့လမ်းကြောင်းတွေလည်း မပြောင်းဘူးဆိုတော့ ဘာမှ ပြောင်းလဲမှု မရှိဘူး” လို့ ပြောပါတယ်။

ပါတီကနေ သူရဦးရွှေမန်းကို အရေးယူဖို့ဆောင်ရွက်နေတယ်လို့ ကောလာဟလပျံ့နှံ့မှုနဲ့ ပတ်သက်လို့ ဆောင်ရွက်မှု မရှိဘူးလို့ ဦးဌေးဦးက ယတိပြတ်ငြင်းဆိုပါတယ်။

သူရဦးရွှေမန်းဟာ လက်ရှိမှာ အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဝင်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်နာယက၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဝင်၊ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့ ပါတီထုတ်ပြန်ချက်မှာ  ‘ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အချိန်ပြည့် ထမ်းဆောင်နေရသူဖြစ်ပြီး အခုအခါ ပါတီလုပ်ငန်းတွေကို ပိုမို၍ ဖိဖိစီးစီးဆောင်ရွက်ရန် လိုအပ်တဲ့အတွက် ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆိုပါပူးတွဲတာဝန်ကို ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ (၁၂-၈-၂၀၁၅) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့တယ်” လို့ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013