DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်ပေါက်ကွဲမှု သံသယရှိသူအား ထိုင်းရဲတပ်ဖွဲ့မှ အတည်ပြု
DVB
·
August 18, 2015
ဘန်ကောက်ပေါက်ကွဲမှု သံသယရှိသူအား ထိုင်းရဲတပ်ဖွဲ့မှ အတည်ပြု
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ဧရာဝဏ် နတ်ကွန်းအနီးမှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့  ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး  ထိုင်းအမျိုးသားရဲတပ်ဖွဲ့က စောင့်ကြည့်ကင်မရာထဲက လူတဦးကို သံသယရှိသူအဖြစ် အတည်ပြုပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၁၈ ရက် နေ့ခင်းပိုင်းက  ထိုင်းဝန်ကြီးချုပ်၊ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီတို့နဲ့ အစည်းအဝေးအပြီး ထိုင်းအမျိုးသားရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က သတင်းထောက်တွေ ကို ပြောကြားခဲ့တာလို့  ထိုင်းပီဘီအက်စ် သတင်းမှာ ဖော်ပြပါတယ်။

လူပေါင်း ၂၀  သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရစေတဲ့ ပေါက်ကွဲမှုကို ထိုင်းအထူးစုံစမ်းရေး အဖွဲ့က ညတွင်းချင်းစစ်ဆေးရှာဖွေရာမှာ မသင်္ကာဖွယ် လူတစ်ဦးရဲ့ပုံကို စောင့်ကြည့်ကင်မရာ ကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။

စောင့်ကြည့် ကင်မရာမှ ဖမ်းယူထားတဲ့ပုံမှာ  အဲဒီလူဟာ အ၀ါရောင်တီရှပ်၊ ဘောင်းဘီတိုနဲ့  မျက်မှန်တပ်ပြီး အညိုရောင်ကျောပိုးအိတ်လွယ်ကာ လက်က အပြာရောင်ပလပ်စတိတ် အိတ်တလုံး ကိုင်ဆွဲထားပါတယ်။  အခင်းမဖြစ်ခင်ရှေ့က သူဟာ တုတ်တုတ်သုံးဘီးကားနဲ့ ဆာလားဒိုင်းလမ်းဘက်ကနေထွက်လာပြီး ဧရာဝဏ်ဟိုတယ်ရှေ့မှာဆင်းပါတယ်။ သူဟာ နတ်ကွန်းထဲ လျှောက်လာပြီး ထိုင်ခုံတစ်ခုံမှာ ၀င်ထိုင်ပါတယ်။ သူ့ ကျောပိုးအိတ်ကိုလည်း ခုံအောက်ကို ထည့်သွင်းလိုက်ပါတယ်။ ခဏအကြာ သူဟာ ကျောပိုးအိတ်မပါဘဲ ထိုင်ရာက ထလာပြီး တယ်လီဖုံးနှိပ်ကာ နတ်ကွန်းထဲမှ ထွက်ခွာလာပုံ၊ အငှားဆိုင်ကယ်နဲ့ ဆီလုံးလမ်း ဘက်ကို ထွက်သွားတဲ့ပုံတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က သူ့ကိုသယ်ဆောင်သွားတဲ့ အငှားဆိုင်ကယ်မောင်းသမားကို သက်သေအဖြစ် လာရောက်ထွက်ဆိုပေးဖို့နဲ့ သူ့ရဲ့လုံခြုံရေးကိုလည်း အပြည့်အ၀တာဝန်ယူပေးမယ့်အကြောင်း ပြောဆိုလိုက်ပါတယ်။ အဲဒီလူဟာ ဘယ်နိုင်ငံသားလည်းဆိုတာကို မသိရသေးပေမယ့် ဒီအမှုမှာ လူတဦးထက်မက ပါဝင်ပတ်သက်နိုင်တယ်လို့လည်း  ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါပေမယ့် ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်နိုင်တယ်ဆိုတာတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြော ဆိုခြင်းမရှိသေးပါဘူး။

ဘန်ကောက်အရေးပေါ် ကယ်ဆယ်ရေးဌာနရဲ့ သြဂုတ်လ ၁၈ ရက်နေ့လည် ၁၂ နာရီ ထုတ်ပြန်ချက်အရ ဧရာဝဏ်နတ်ကွန်းအနီးပေါက်ကွဲမှုမှာ လူ ၂၀ ဦးသေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အဆိုပါ သေဆုံးသူတွေမှာ ထိုင်းနိုင်ငံသား ၅ ဦး၊ တရုတ်နိုင်ငံသား ၂ ဦး၊ ဟောင်ကောင်မှ ၂ ဦး ၊ မလေးရှားမှ ၂ ဦး၊ စင်ကာပူမှ ၁ ဦး နဲ့ နောက်ထပ် အမည်မသိ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး ၊ မိန်းကလေးငယ် ၁ ဦးတို့ ပါဝင်ပါတယ်။

ဒဏ်ရာရသူတွေမှာလည်း တရုတ်၊ ဟောင်ကောင်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိုမန်၊ ကာတာ စတဲ့ နိုင်ငံသားတွေနဲ့  အမည်မသိ ၄၃ ဦးပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုမှာ အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပြီး အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်စတဲ့ နိုင်ငံအစိုးရတွေက ထိုင်းအစိုးရကို ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့ပြီး  ထိုင်းနိုင်ငံရောက် သူတို့နိုင်ငံသားတွေကို လုံခြုံရေးအတွက်သတိထားနေထိုင်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာသံရုံးကလည်း    အန္တရယ်ရှိရာ ဒေသအဖြစ်သတ်မှတ်ထားတဲ့ ဘန်ကောက်က နေရာ ၁၀ ခုကိုရှောင်ရှားကြဖို့ မြန်မာနိုင်ငံသားတွေကို ဒီကနေ့ သတိပေးထုတ်ပြန်ကြေညာထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သြဂုတ် ၁၈ ရက် ညနေပိုင်းက  ထိုင်းနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးနဲ့ ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတွေကို ဖိတ်ခေါ်ပြီး ဖြစ်စဉ်ကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013