ကက်ရှ်မ်ကျွန်းပေါ်ရှိ အီရန်ဒုံးကျည်စခန်း ၁ ခုကို အမေရိကန် တိုက်ခိုက်

အမေရိကန်စစ်တပ်ဟာ နိုဝင်ဘာ ၁၇ ရက်က ဟော်မုဇ်ရေလက်ကြားထဲက ကက်ရှ်မ်ကျွန်းပေါ်မှာ ရှိတဲ့ အီရန် ဒုံးကျည်စခန်းတခုကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်ဘက်အရာရှိတယောက်က ပြောကြားခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ “ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်း” ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီတိုက်ခိုက်မှုဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ အီရန် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရန်လိုမှုတွေကို တုံ့ပြန်တာပါ” လို့ အဲဒီအရာရှိရဲ့ ပြောကြားချက်ကို ကိုးကားပြီး CBS News သတင်းဌာနက ဖော်ပြပါတယ်။
ဘာရိန်းနိုင်ငံက အမေရိကန် ရေဒါစခန်းတခုကို အီရန်က ပစ်မှတ်ထားခဲ့တယ်လို့ သတင်းထွက်ပေါ်အ ပြီး နာရီပိုင်းအကြာမှာပဲ အခုလိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ အမေရိကန်ဗဟိုကွပ်ကဲရေးဌာန ကတော့ အီရန်ရဲ့ တိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
CBS News ရဲ့ သတင်းဖော်ပြချက်အရ ဒါဟာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း အမေရိကန် စစ်စခန်းတခုကို တိုက်ခိုက်ဖို့ အီရန်ဘက်က တတိယအကြိမ်မြောက် ကြိုးပမ်းမှုဖြစ်ပြီး အဲဒီကြိုးပမ်းမှု အားလုံးကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက ဟော်မိုဇ်ဂန်ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုအုပ်ချုပ်ရေးမှူး အာမက် နာဖီစီရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြရာမှာတော့ ကက်ရှ်မ်ကျွန်းကို အမေရိကန်က တိုက်ခိုက်ခဲ့တာကို အတည်ပြုခဲ့ပေမဲ့ လူနေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံတွေနဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
Source: Reuters











