DVB Logo
Home
မြန်မာသတင်း
စက်တင်ဘာ ၈ ရက် အမတ်လောင်းများ စတင်မဲဆွယ်နိုင်ပြီ
DVB
·
August 18, 2015
စက်တင်ဘာ ၈ ရက် အမတ်လောင်းများ စတင်မဲဆွယ်နိုင်ပြီ
Donate to DVB

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့က စတင်ပြီး ရွေးကောက်ပွဲရက် မတိုင်ခင် ၂ ရက်အလိုအထိ ရက်ပေါင်း ၆၀ ကြာ မဲဆွယ်ဖို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ အားလုံးထံ ပေးပို့တဲ့ အကြောင်းကြားစာမှာ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အရ မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုထားတာကြောင့် စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ မဲဆွယ်စည်းရုံးခွင့် ရှိတယ်လို့ ပါရှိတာပါ။

မဲဆွယ်စည်းရုံးရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ   ကိုယ်ရေးအချက်အလက်၊ စွမ်းဆောင်ရည်နဲ့ မူဝါဒသဘောထား၊ လုပ်ငန်းစဉ်တွေကို အများပြည်သူသိရှိဖို့ မဲဆွယ်စည်းရုံးတဲ့ ပိုစတာတွေ စိုက်ထူ၊ ချိတ်ဆွဲ၊ ကြော်ငြာလိုပါက သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီထံ တင်ပြ ခွင့်ပြုချက်တောင်းခံ ဆောင်ရွက်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

မဲဆွယ်ကြော်ငြာ၊ ပိုစတာတွေကို မဲဆွယ်စည်းရုံးခွင့် ပြုထားတဲ့ နောက်ဆုံးရက် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ နောက်ဆုံးထား မဖြုတ်သိမ်းပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နဲ့ စည်ပင်က ဖြုတ်သိမ်းသွားမှာဖြစ်ပြီး ဒီအတွက် လုပ်ငန်းဆောင်ရွက်ရတဲ့ ကုန်ကျစရိတ် ကျသင့်ငွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြန်လည်ပေးချေဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပုဂ္ဂလိက ၃၂၃ ဦး အပါအ၀င် နိုင်ငံရေးပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၁၈၉ ဦး  ကော်မရှင်မှာ အမည်စာရင်း တင်သွင်းထားပြီး ဒါဟာ မြန်မာ့ရွေးကောက်ပွဲ သမိုင်းမှာ အရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ဥပဒေနှင့်အညီ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် မဲဆွယ်စည်းရုံးရာမှာ  ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ကြဖို့လည်း ကော်မရှင်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013