DVB Logo
Home
မြန်မာသတင်း
NCA ကို တော်လှန်ရေးအဖွဲ့စုံ ပါဝင်လက်မှတ်ထိုးဖို့ အရပ်ဘက်အဖွဲ့များတောင်းဆို
DVB
·
August 18, 2015
NCA ကို တော်လှန်ရေးအဖွဲ့စုံ ပါဝင်လက်မှတ်ထိုးဖို့ အရပ်ဘက်အဖွဲ့များတောင်းဆို
Donate to DVB

အားလုံးပါဝင်တဲ့ နိုင်ငံရေးမူဘောင်ဆွေးနွေးမှုကို စတင်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) မှာ ပါဝင်ခွင့်ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီက အစိုးရကို တောင်းဆိုပါတယ်။

(NCA) ဟာ တိုင်းရင်းသားဒေသ အားလုံးအပေါ် သက်ရောက်ဖို့ လိုအပ်တာကြောင့် စုံစုံလင်လင်လက်မှတ်ရေးထိုးနိုင်မှသာ အကျိုးရှိမယ်လို့ ထုတ်ပြန်ပါတယ်။

ကော်မတီ ပြောခွင့်ရသူ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ဦးစိုးထွန်းက “အားလုံးပါဝင်တဲ့လက်မှတ်ရေးထိုးမှုဖြစ်မှပဲ အားလုံးပါဝင်တဲ့ နိုင်ငံရေးမူဘောင်တွေ ဆက်ပြီးတော့ ဆွေးနွေးနိုင်မှာဖြစ်တယ်။ အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တွေ လုပ်နိုင်မှာဖြစ်တယ်။ အဲဒီတော့ ခွဲခြားပြီးတော့ လက်မှတ်ထိုးနေခြင်းအားဖြင့်တော့ တိုင်းပြည်ဟာ ဘယ်တော့မှ ဒီမိုကရေစီတိုင်းပြည်ကို ရောက်မှာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် အားလုံးပါဝင်ပြီးတော့ လက်မှတ်ရေးထိုးနိုင်ဖို့ လိုတယ်လို့ ပြောတာပါ” လို့ပြောပါတယ်။

သမ္မတဦးသိန်းစိန်တက်လာပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အပစ်အခတ်ရပ်စဲရေး စတင်ကမ်းလှမ်းခဲ့ပြီး ၄ နှစ်အကြာ ဒီလဆန်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကုန်နီးပါးကို အချောသတ် နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လက်မှတ်ရေးထိုးကြမယ့် တိုင်းရင်းသားအဖွဲ့အစည်း အရေအတွက်နဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေဘက်က အဖွဲ့အစည်း အားလုံးပါဝင်ရေးကို လိုလားပြီး အစိုးရဘက်က အဖွဲ့ခြောက်ဖွဲ့ကို ထည့်သွင်းလိုခြင်းမရှိတာကြောင့် ညှိနှိုင်းကြရဦးမှာပါ။

လာမယ့်ရက်ပိုင်းအတွင်း တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တချို့နဲ သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံကြဖို့ရှိနေပါတယ်။

ကော်မတီရဲ့ထုတ်ပြန်ချက်မှာ NCA ပါ အချက်အလက်တွေကို လက်မှတ်မထိုးမီမှာ အများပြည်သူနားလည်သဘောပေါက်အောင် ပွင့်လင်းမြင်သာစွာရှင်းလင်းပြဖို့  အကြံပြုထားပါ တယ်။

အပစ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးတဲ့ကာလမှာ အစိုးရဘက်က တိုင်းရင်းသားဒေသတွေမှာ တပ်တိုးချဲ့တာ၊ တိုက်လေယာဉ်အပါအ၀င် ဖျက်စွမ်းအားကြီးတဲ့လက်နက်တွေ သုံးစွဲတိုက်ခိုက်နေ တာ။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတာဟာ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် အမြန်ဆုံးရပ်တန့်ဖို့နဲ့ အရေးယူ ဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

ကော်မတီပြောခွင့်ရသူ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ အကြံပေးဘုတ်အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က စစ်ပွဲအတွင်းမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အကြမ်းဖက်မှုတွေ ခံနေရတယ်လို့ ထောက်ပြပြီး    ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဖြစ်ဖို့လိုလား တယ်လို့ပြောပါတယ်။

“ငြိမ်းချမ်းရေးရဖို့ဆိုရင် အမျိုးသမီးတွေက တကယ်ပဲ လိုလားပါတယ်။ သို့သော်လည်းပဲ လက်မှတ်ထိုး စစ်ပွဲရပ်ယုံနဲ့ မကဘူး။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ပိုလိုလားတာကြောင့်  တဖွဲ့၊ နှစ်ဖွဲ့ ကျန်တာလည်း မကောင်းဘူးပေါ့နော်။ အစိုးရကို တော်လှန်နေတဲ့အဖွဲ့တွေအားလုံးက လက်မှတ်ထိုးကြမယ်၊ နှစ်ဘက်က အပစ်ရပ်တယ်ဆိုတာ နိုင်ငံတ၀န်းကြေညာရမယ်။ ပြန်လည် ထူထောင်ရေးမှာ အမျိုးသမီးနဲ့ ဒုက္ခသည်တွေ လုံခြုံရေးအတွက် စနစ်တကျ ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ ”လို့ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် လုံခြုံရေးနဲ့ အခြေခံစားဝတ်နေရေးလိုအပ်ချက်တွေအတွက် အထောက်အပံ့ရအောင် အစိုးရနဲ့ ကုလသမဂ္ဂအပါအ၀င် လူသားချင်းစာနာတဲ့ အဖွဲ့အစည်းတွေ က ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ခြောက်ဆယ်အတွင်း နိုင်ငံရေးမူဘောင်ရေးဆွဲဖို့နဲ့ စာချုပ်ချုပ်အပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ နှစ်ဘက် သဘောတူထားကြပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်ဟာ မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက်လူမှု အဖွဲ့အစည်း ပေါင်း ၂၆၀ ခန့်နဲ့ စုပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013