မည်သည့်ပြည်တွင်းရုပ်သံလိုင်းကိုမဆို လုပ်ငန်းရပ်စဲနိုင်ဟု ပြန်ကြားရေး သတိပေး
ပိုင်စိုး
·
August 18, 2015
လက်ရှိ ပြည်တွင်းမှာ ရုပ်သံလွှင့်ဥပဒေ မရှိသေးဘဲ မြန်မာ့အသံနဲ့ ပူးပေါင်းဆောင်ရွက်နေရတာဖြစ်လို့ ဘယ်ရုပ်သံလွှင့်လုပ်ငန်းကို မဆို ရပ်နားပစ်နိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
“လက်ရှိချုပ်ထားတဲ့စာချုပ်မှာ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် အစိုးရ၀န်ကြီးဌာန တခုခုရဲ့ အောက်မှာရှိတဲ့ မီဒီယာတခုခုနဲ့ Joint Venture (အကျိုးတူဖက်စပ်) လုပ်ကိုင်နေတဲ့ ရုပ်သံလွှင့်သူတယောက်ကို လုပ်ငန်းရပ်စဲနိုင်တဲ့ အခြေအနေ ရှိပါတယ်” လို့ အမြဲတမ်းအတွင်းဝန် ဦတင့်ဆွေက ပြောပါတယ်။
သက်ဆိုင်ရာဝန်ကြီးဌာန တခုခုနဲ့ ချိတ်ဆက်ပြီး အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ရမှ လုပ်ခွင့်ရှိတာကြောင့် အဲဒီ သက်ဆိုင်ရာ ၀န်ကြီးဌာနက ခွင့်မပြုတဲ့နေ့ဟာ စာချုပ်ပျက်တဲ့နေ့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
မကြာသေးခင်က ချယ်ရီအက်ဖ်အမ် ရေဒီယိုလိုင်းကို အသံလွှင့်ထုတ်ခွင့် မပေးတော့ဘဲ ထားခဲ့ပြီး သြဂုတ်လ ၁၆ ရက်နေ့က ပြန်ကြားရေးတာဝန်ရှိသူတွေနဲ့ ချယ်ရီအက်ဖ်အမ် တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ချယ်ရီအက်ဖ်အမ်အနေနဲ့ စာချုပ်ပါ စည်းကမ်းနဲ့ ကျင့်ဝတ်တွေ ဖောက်ဖျက်တာ မရှိဘူးလို့လည်း ဦးတင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်နယ်ကိုယ်စားပြု ချယ်ရီအက်ဖ်အမ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့သားနဲ့ ပတ်သက်နေတဲ့ အသံလွှင့်လုပ်ငန်းတခုဖြစ်ပြီး ဦးရွှေမန်းကို ပါတီထိပ်ပိုင်းတာဝန်က ဖယ်ရှားလိုက်ပြီးတဲ့နောက် ရေဒီယိုထုတ်လွှင့်မှုလည်း ရပ်သွားခဲ့တာပါ။
ချယ်ရီအက်ဖ်အမ်ရဲ့ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်ကတော့ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။