DVB Logo
Home
Lead Story
အန်စီအေ လက်မှတ်ထိုးရင် အာမခံချက် ၇ ချက်ရမည် - ဗိုလ်မှူးကြီး စိုင်းလကို မေးမြန်းချက်
DVB
·
August 17, 2015
အန်စီအေ လက်မှတ်ထိုးရင်  အာမခံချက် ၇ ချက်ရမည် - ဗိုလ်မှူးကြီး စိုင်းလကို မေးမြန်းချက်
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် မိမိတို့ရဲ့ လက်နက်ကို ဆက်လက်ကိုင်စွဲထားနိုင်ပြီး မိမိလူမျိုးနဲ့ ဒေသကိုကာကွယ်တယ်ဆိုတဲ့ အချက်နဲ့ မတရားအသင်းအဖြစ်မှကင်းလွတ်ခွင့်အ၀င် အချက် ၇ ချက် အာမခံချက်ရရှိမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ပူးတွဲကြေညာလိုက်တယ်။

ကရင်အမျိုသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ရဲ့ ဒီကနေ့ ပူးတွဲကြေညာချက်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလကို မေးမြန်းထားပါတယ်။

ဒီပူးတွဲကြေညာချက်မှာ ဒီအဖွဲ့ ၄ ဖွဲ့ဟာ အန်စီအေကို လက်မှတ်ရေးထိုးမယ်ဆိုတဲ့ သဘောလား။
“ဟုတ်ပါတယ်ခင်ဗျာ။ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်ပါပြီဆိုတဲ့အကြောင်း၊ ဆုံးဖြတ်ထား တယ်ဆိုတဲ့ အကြောင်းပေါ့နော်။”

ဒီကြေညာချက်မှာ အချက်(က)ကနေ (ဆ)အထိ ၇ ချက်ကို ထုတ်ပြန်ထားတယ်။ ဥပမာ မိမိလက်နက်မိမိကိုင်စွဲထားနိုင်မယ် နောက်မတရားအသင်းကနေ ကင်းလွတ်ခွင့်ရမယ်ဆိုတဲ့ အချက်တွေက အန်စီအေ စာချုပ်ထဲမှာ ပါလို့လား။
“အန်စီအေထဲမှာ တိုက်ရိုက်မရေးထားပေမယ့်လည်း နိုင်ငံရေးဆွေးနွေးပြီး အားလုံးပြေလည်ပြီးမှ ကျနော်တို့ SSR/DDR တွေကို ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောမျိုးရှိပါတယ်။”

ဒါဆိုရင် ဘာကြောင့် ဒီအာမခံချက်မျိုးတွေ ရှိမယ်ဆိုပြီး ထုတ်ပြန်ရတာလဲ။
“ဒီနိုင်ငံရေး တစုံတရာ ပြေလည်မှုရသည်အထိတော့ ကျနော်တို့ လက်နက်ကို ကျနော်တို့ လက်တွင်းမှာ ကိုင်ဆောင်ထားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်ဆိုတဲ့ အကြောင်းကို ကျနော်တို့ ဖော်ပြခြင်းပဲဖြစ်ပါတယ်။”

(က - ဆ) အထိ ဒီအာမခံချက်တွေ ၇ ချက်ရရှိမယ်လို့ ရေးထားလို့လေ။ ဆိုတော့ ဘာကြောင့် ဒီအချက်တွေကို အာမခံချက်ရမယ်လို့ ပြောနိုင်တာလဲ။
“အန်စီအေထဲမှာပဲ ပါတဲ့အချက်တွေကို ကိုးကားပြီးတော့ ဖော်ပြတာပဲဖြစ်ပါတယ်။ ”

မတရားအသင်း ပုဒ်မ ၁၇/၁ နဲ့ ၁၇/၂ ကနေ ကင်းလွတ်ခွင့်ရမယ်ဆိုတာ အန်စီအေထဲမှာ ရှိတာပေါ့ အဲလိုလား။
“ဟုတ်ပါတယ်ခင်ဗျာ။ မတရားအသင်းကနေ ပယ်ဖျက်ပေးဖို့ အန်စီအေထဲမှာ ပါပါတယ်။”

မိမိလက်နက်ကို ဆက်လက်ကိုင်စွဲထားနိုင်ပြီး၊ မိမိလူမျိုးတွေနဲ့ ဒေသတွေကို ဆက်လက် ကာကွယ်နိုင်မယ်ဆိုတဲ့ အချက်ကရော။
“အခုနက ကျနော်ပြောသလိုမျိုးပါပဲ ဒီ SSR/DDR လုပ်နိုင်တဲ့အဆင့်အထိတော့ ကျနော်တို့ လက်ထဲမှာ ကျနော်တို့ သေနတ်တွေ ကိုင်ဆောင်ထားနိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ”

နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ကျင်းပပြုလုပ်နေချိန်မှာ မိမိဒေသ အတွင်း လူထုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။
“နိုင်ငံရေးဆွေးနွေးနေတဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်အဆင့်မှာ ကျနော်တို့ ပြည်သူလူ ထုတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်ရှိတယ်။ ပြည်သူလူထုရဲ့ဆန္ဒတွေကို ကျနော်တို့ နားထောင်ခွင့်ရှိမယ်။ တခြားအဖွဲ့အစည်းတွေနဲ့လည်း လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်ရှိမယ်။ အမြင်ချင်းတွေ ဖလှယ်ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေးအတွက် ဘယ်လို ဆက်လက်ပြီးတော့ ဆောင်ရွက်ကြမလဲဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေ ကောက်ယူပြီးတော့ ဆောင်ရွက်တဲ့အပိုင်းမှာ ပံ့ပိုးမှုတွေပေးနိုင်ဖို့၊ ရယူနိုင်ဖို့ ကျနော်တို့ အဲလိုမျိုးအခွင့်အရေးတွေ ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း ကျနော်တို့ ဖော်ပြတာပဲဖြစ်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံရေးဆွေးနွေးပွဲကနေဆင့် ရရှိလာတဲ့ သဘောတူညီချက် တွေနဲ့အညီ ပြင်ဆင်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာက ဒီလွှတ်တော်ကနေ မသွားဘဲ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေကနေ ပြင်ဆင်နိုင်တယ်ဆိုတဲ့ သဘောလား။
“ကျနော်တို့ အန်စီအေထဲမှာ ရေးဆွဲထားတာကတော့ ပြင်ပမှာပဲ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်မယ်။ အထူးသဖြင့်တော့ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဒီတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ကျနော်တို့ ပြုပြင်ရေးဆွဲ နိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလိုမျိုးအချက်အလက်တွေ၊ သဘောတူညီချက်တွေ ကို ပြည်ထောင်စု ညီလာခံမှာ ကျနော်တို့ သဘောတူညီချက်တွေ ရယူပြီးတော့ ကျနော်တို့ လွှတ်တော်ကို တင်သွင်းမှာဖြစ်ပါတယ်။ အဲလိုမျိုး ရသင့်ရထိုက်တဲ့အခွင့်အရေးကို ဒီအန်စီအေထဲမှာ ဖော်ပြတဲ့ အနေအထားမျိုးရှိတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ အခွင့်အရေးတရပ်လို့ပဲ ကျနော်တို့ မှတ်ယူပါ တယ်။”

တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ပြဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်နဲ့ပတ်သက်ပြီး လွှတ်တော်မှာတင်သွင်းရင် လွှတ်တော်က အတည်ပြုနိုင်မယ်လို့ထင်လား။
“အဲလိုပဲ ထင်ပါတယ်။ ကျနော်တို့ အန်စီအေ ၈ ကြိမ်မြောက်၊ ၉ ကြိမ်မြောက်မှာလည်း ဒီကိစ္စ ကို ဆွေးနွေးဖြစ်ပါတယ်။ SD ဖက်ကတော့ လွှတ်တော်က ဘာမှ ပြောစရာမလိုဘဲနဲ့ ပြည်ထောင်စု ညီလာခံက သဘောတူညီချက်ကို တင်သွင်းတဲ့အခါမှာ အတည်ပြုပေးရုံပဲ လိုအပ်ပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးကြပါတယ်။ ဒါပေမယ့် လွှတ်တော်ရဲ့သဘောက သူတို့ကို သွားပြီးတော့ အမိန့်ပေးလို့ မရဘူး။ ဒီစာချုပ်ထဲမှာလည်း အဲလိုမျိုး ရေးသားထားလို့ မရပါဘူးဆိုပြီးတော့ နောက်ဆုံးတော့ ဒီလိုပဲ လွှတ်တော်ကိုတင်သွင်းမယ်၊ လွှတ်တော်ကနေ အတည်ပြုပေးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ သဘောတူညီချက်တွေ ရရှိသွားပါတယ်။ အကယ်၍ ပြင်ဆင်မှုတွေ မလုပ်ပေးဘူး ဆိုရင်လည်း ထပ်မံပြီးတော့ ညှိနှိုင်းဆွေးနွေးရမှာဖြစ်ပါတယ်။ ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013