DVB Logo
Home
မြန်မာသတင်း
ထောက်လှမ်းရေးများက ကိုယ်စားလှယ်လောင်းများထံက ကိုယ်ရေးရာဇ၀င်တောင်းခံ
DVB
·
August 17, 2015
ထောက်လှမ်းရေးများက ကိုယ်စားလှယ်လောင်းများထံက ကိုယ်ရေးရာဇ၀င်တောင်းခံ
Donate to DVB

အုပ်ချုပ်ရေး အာဏာပိုင်တွေက ၂၀၁၅ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးရာဇ၀တ်တွေကို သက်ဆိုင်ရာနယ်ပယ်အလိုက် ကွဲပြားခြားနားတဲ့ အဖွဲ့အမည် အမျိုးမျိုး သုံးပြီး အကြိမ်ကြိမ် ကောက်ယူနေပါတယ်။

မွန်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတဦးက သူတို့ ကိုယ်စားလှယ်လောင်းလျောက်လွှာတင်ပြီးတော့ တပတ်လောက်အကြာမှာ ရဲအထူးသတင်းတပ်ဖွဲ့က ကိုယ်ရေးရာဇ၀င် တောင်းတယ်လို့ ပြောပါတယ်။

“ပထမဆုံး အက်စ်ဘီက ကျနော်တို့ ပရိုဖိုင်းမေးတယ်။ အဲဒါပြီးရင် နယ်ထိန်းတွေကလည်း ပရိုဖိုင်း မေးတယ်၊ အဲဒါပြီးရင် မပြီးသေးဘူး စီအိုင်ဒီကလည်း သိချင်တာမေးတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ လိပ်စာနဲ့ ရွာတွေအထိ ဆင်းမေးတာတို့လုပ်တယ်။ ဘယ်သူ မေးခိုင်းလဲလို့ မေးလိုက်ရင် အပေါ်က အပေါ်ကလို့ပဲ ပြောတယ်။ အခုနောက်ဆုံး စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့)က ကိုယ်ရေး ပရိုဖိုင်းတောင်းနေတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်လည်း မပါဘူး။ ဒီတော့ တချို့က မပေးဘူး။ တချို့ကလည်း ဇာတ်လမ်းမရှုပ်ချင်တော့ ပေးလိုက်ကြတယ်” လို့ ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေကိုသာ အဖွဲ့အစည်းတခုတည်းက မေးမြန်းတာမဟုတ်ဘဲ အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတွေက ခဏခဏ မေးတာကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ကြရတယ်လို့ ဆိုပါတယ်။

သူက “စီအိုင်ဒီက မေးတယ် ညီအကိုမောင်နှမ ဘယ်နှစ်ယောက်ရှိလဲ၊ ငါးယောက်လို့ ဖြေလိုက်တယ်။ အဲဒါဆို သူတို့တတွေရဲ့ နာမည်က ဘယ်သူလဲမေးတယ်။ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်မှာ သွားတင်တောင်မှ ညီအကိုမောင်နှမ မဖြည့်ရဘူး။ အဖေ အမေရဲ့ အလုပ်အကိုင် မှတ်ပုံတင် အဲလောက်ပဲ ဖြည့်ရတယ်။ အခုကျတော့ အိမ်က မိသားစုတွေ အတွက်က နည်းနည်းလေး စိတ်အနှောင့်အယှက်ဖြစ်တာပေါ့” လို့ ပြောပါတယ်။

အလားတူ ကိုယ်စားလှယ်လောင်းတွေထံက ကိုယ်ရေးရာဇ၀င်တောင်းခံမှုဟာ တခြားနေရာတွေ မှာလည်း ရှိပါတယ်။

မကွေးတိုင်း အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး ဦးနေမျိုးကျော်က “အခုလေးပဲ ဆိပ်ဖြူမြို့နယ်က အတွင်းရေးမှူးတယောက်က ဖုန်းဆက်တယ်။ အဲဒါက ရဲသတင်းတပ်ဖွဲ့က၊ လ၀က (လူဝင်မှုကြီးကြပ်ရေး)တို့၊ စသုံးလုံး (စုံစမ်းစစ်ဆေးရေးအဖွဲ့)တွေက ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးကိစ္စတွေ၊ သူတို့သိချင်တဲ့အချက်အလက်တွေ လာတောင်းတယ်လို့ ပြောတယ်။ သူတို့ ကိုယ်နှိုက်ကလည်း ပါတီရဲ့ မူအရရော၊ လူ့အခွင့်အရေး အရရော၊ လတ်လပ်စွာရပ်တည်လှုပ်ရှားတဲ့ နိုင်ငံရေး ပါတီဝင်တွေရဲ့ ပိုင်ခွင့်အရရော ဒါ ပေးစရာ မလိုဘူး။ ကိုယ့်ဌာနက လိုချင်တဲ့အချက်အလက်ကို ကိုယ့်ရဲ့ဌာန လုပ်ထုံးလုပ်နည်းနဲ့အညီသာ စုံစမ်းဖို့ အကြောင်းပြန်ထားတာရှိတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းစဉ်က ကိုယ်ရေးအချက်အလက်တွေ ပေးအပ်ခဲ့ ကြပြီး ဖြစ်ပါတယ်။  ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကသာ ကိုယ်စားလှယ်လောင်းတွေကို ဥပဒေနဲ့ညီညွတ်မှုရှိမရှိ၊ နိုင်ငံရေးပါတီများရဲ့ဥပဒေနဲ့ ညီညွတ်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေး စီစစ်ပြီးတော့မှ ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာမှာဖြစ်ပါတယ်။

ဦးနေမျိုးကျော်က “ကျနော်တို့နဲ့ အဓိက စကားပြောရမယ့်အဖွဲ့အစည်း၊ အပြန်အလှန်ညှိနှိုင်းရမယ့်၊ အချက်အလက်ဖလှယ်ရမယ့်အဖွဲ့အစည်းဟာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ပဲ ဖြစ်တယ်”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်တုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအချက်အလက်ကို ရဲသတင်းတပ်ဖွဲ့က လိုက်လံမေးမြန်းစဉ် က အဖွဲ့ချုပ်ပြောခွင့်ရှိသူ ဦးဥာဏ်ဝင်းက အဖွဲ့ချုပ်အနေနဲ့ ပေးအပ်သွားဖို့ မရှိဘူးလို့ မီဒီယာကနေ တဆင့် ပြောခဲ့ပါတယ်။

ဦးဥာဏ်ဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ “ရွေးကောက်ပွဲဥပဒေများအရသော်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားချက်များအရ သော်လည်းကောင်း ရွေးကောက်ခံမည့် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ကိုယ်ရေးမှတ်တမ်းများနှင့် ဓာတ်ပုံများ၊ အချက်အလက်များကို သတင်းတပ်ဖွဲ့(SB)သို့ ပေးရမည်ဟု တစုံတရာညွှန်ကြားထားခြင်း မရှိပါ။” လို့ လူမှုအင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်က မဲဆန္ဒနယ်မြေအများစုမှာ ၀င်ပြိုင်မယ့် ရှမ်းအမျိုးဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ်ကတော့ သူ့တို့ကိုယ်စားလှယ်တွေထံကနေ ကိုယ်ရေးအချက်အလက် တောင်းခံတာ မကြားမိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဆီကတော့ ဒါမျိုးတွေ ဖြစ်တယ်လို့ မကြားပါဘူးခင်ဗျ။ နယ်ကလည်း လှမ်းပြောတာ မရှိပါဘူး။” လို့ ပြောပါတယ်။

ကရင်အမျိုးသားပါတီ ဥက္ကဋ္ဌ မန်းကျော်ငြိမ်းက သူတို့ပါတီကိုယ်စားလှယ်လောင်းတွေထံကလည်း နယ်မြေခံအာဏာပိုင်တွေက ကိုယ်ရေးရာဇ၀င် ထပ်တောင်းကြတယ်လို့ ပြောပါတယ်။

“ပေးရတာတော့ တင်ကတည်းကိုက ကိုယ်ရေးအကျဉ်း တင်ရတယ်။ ပေးရတဲ့အခါကျတော့ နယ်မြေခံပဲခေါ်မှာပေါ့ နယ်မြေခံစသုံးလုံးတို့ဘာတို့ကလာစစ်တယ်။ အဲဒါ တိုက်စစ်တာပေါ့။ ကျနော်ကတော့ ရွေးကောက်ပွဲမပါတော့ မသိဘူး။ ကိုယ့်ဆီကလူတွေ အဲလို စစ်ဆေးခံရတာတော့ သိတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013