DVB Logo
Home
Lead Story
နာမည်ကျော် ဘီဖူကျန်းရဲ့သရော်ချက်နဲ့ သူ့ကံကြမ္မာ
DVB
·
August 17, 2015
နာမည်ကျော် ဘီဖူကျန်းရဲ့သရော်ချက်နဲ့ သူ့ကံကြမ္မာ
Donate to DVB

တရုတ် ဗဟိုတယ်လီဗေးရှင်းဌာန (စီစီတီဗွီ) က “ကြယ်ပွင့်တို့ရဲ့လမ်းမကျယ်” အနုပညာ တင်ဆက်မှု အစီအစဉ်ရဲ့ တင်ဆက်သူ ဘီဖူကျန်းဟာ တရုတ်တော်လှန်ရေးခေါင်းဆောင်နဲ့ တရုတ်နိုင်ငံရဲ့ ဗိသုကာလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီးလည်းဖြစ်ခဲ့တဲ့ မော်စီတုံးကို သရော်စော်ကားလုပ်ခဲ့တဲ့အတွက် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးခံရနိုင်ချေရှိတယ်လို့ ဒေသ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

တကယ်တော့ ဒီသရော်စော်ကားပြောဆိုမှု တချို့ပါတဲ့ ဗွီဒီယိုကို ပြီးခဲ့တဲ့ ဧပြီလက အွန်လိုင်းပေါ်ကို လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ပုဂ္ဂလိက တွေ့ဆုံစုဝေး စားသောက်ပွဲတခုမှာ တုပသဏ္ဌာန်လုပ် သရုပ်ဆောင်ရင်း မော်ကို ဝေဖန် သရော်စကားလုံးတွေ ပါတဲ့ သီချင်းတပုဒ် ဆိုနေတာကို တွေ့ခဲ့ကြရတာပါ။ အဲဒီဗွီဒီယိုကို လူအများကြည့်ခွင့်ရသွားပြီး နောက်ပိုင်းမှာတော့ ဘီ ကို စီစီတီဗွီ သတင်းဌာန တာဝန်တွေကနေ ခေတ္တ ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ ဗွီဒီယိုကိုလည်း ဖြစ်ပြီး ချက်ချင်းလိုလိုပဲ အွန်လိုင်းကနေ ဖြုတ်ချပစ်လိုက်ပေမယ့် ဒီကိစ္စဟာ အွန်လိုင်းပေါ်မှာ ပွက်လောရိုက် အချေအတင်ပြောဆို ငြင်းခုံမှုတွေကို ဖြစ်စေခဲ့တယ်လို့ သတင်းမီဒီယာတွေက တနင်္လာနေ့က ဆိုပါတယ်။

ဘီရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ထိပ်တန်း အကျင့်ပျက်လာဘ်စားမှု စောင့်ကြည့်ရေးအဖွဲ့နဲ့ တွဲဖက်ထားတဲ့ တရုတ်နိုင်ငံ စည်းကမ်းထိန်းသိမ်းရေး နေ့စဉ်ကတော့ “ဘီက ကွန်မြူနစ်ပါတီရဲ့ မျိုးဆက်ဟောင်းကြီးဖြစ်သူအပေါ် လူထုအထင်အမြင်အရ ထိခိုက်သွားအောင် နောက်ပြောင်လိုက်တာပါပဲ။ သူ့ရဲ့ကောက်ချက်က စည်းမျဉ်းစည်းကမ်းကို သာမန်ချိုးဖောက်မှုမျိုး မဟုတ်ခဲ့ပါဘူး” လို့ ဖော်ပြခဲ့ပါတယ်။ သတင်းပေးပို့ချက်က အာဏာပိုင်တွေက စီစီတီဗွီရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီ အနေနဲ့ ဒီကိစ္စကို အလေးအနက် ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ ဌာနကိုလည်း ဒီလို အပြုအမူမျိုး မလုပ်ဖို့ သတိပေးတဲ့အနေနဲ့ ပညာပေးဖို့လည်း တောင်းဆိုထားတဲ့အကြောင်း ဖော်ပြထားခဲ့တယ်လို့ ဆောက်ချိုင်းနား မောနင်းပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဒီအငြင်းပွား ပြောဆိုစရာဖြစ်ခဲ့တဲ့ ဗွီဒီယိုမှာ ဘီက တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း ထုတ်လုပ်ခဲ့တဲ့ တော်လှန်ရေး အော်ပရာ ၈ ခုထဲက တခုဖြစ်တဲ့ “မဟာဗျူဟာအရ ကျားတောင်ကိုသိမ်းယူခြင်း” ထဲမှာပါတဲ့ သီချင်းတပုဒ်ထဲက ယူသုံးခဲ့တာ ဖြစ်ပါတယ်။ ဘီက သီချင်းစာသားတချို့ကို ပြောင်းလဲပြီး “မော်လက်ထက်မှာ ဒုက္ခခံစားခဲ့ရတာ ၀ နေပါပြီ” ဆိုတဲ့ အဓိပ္ပါယ်ထွက်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။ သူက ၁၉၄၉ ခုနှစ်မှာ တရုတ်နိုင်ငံသစ်ကို တည်ထောင်ခဲ့ပြီး သူကွယ်လွန်ခဲ့တဲ့ ၁၉၇၆ ခုနှစ်အထိ နိုင်ငံကို ဦးဆောင်သွားခဲ့တဲ့ ဥက္ကဋ္ဌကြီး မော်ကို သရော်မော်ကားလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဗွီဒီယိုကို ကမ္ဘာတ၀ှမ်းလုံးက အွန်လိုင်းပရိသတ်တွေက ယူကျု(ပ်) (Youtube) ကနေ အကြိမ်ပေါင်း ၄၈၀၀၀၀ ကျော် တက်ရောက်ကြည့်ရှုခဲ့ကြပါတယ်။ တီဗွီအစီအစဉ်တင်ဆက်သူ ဘီက သူ့ရဲ့စားသောက်ပွဲ စားပွဲဘေး သရုပ်ဆောင်တင်ဆက်မှုမှာ “ဒီ ခွေးမသား အဘိုးကြီးကို ပြောမနေပါနဲ့တော့၊ သူက ကျနော်တို့ကို အကြီးအကျယ် နှိပ်စက်ခဲ့တယ်လေ” ဆိုတဲ့ အပြောမျိုး အပါအ၀င် ခပ်တိုးတိုး သရော်ချက်တွေကို ဆက်တိုက် ရွတ်ဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဘီက သူ့ရဲ့ ကြည့်ရှုသူ ၁ ဒသမ ၃ သန်းရှိတဲ့ ကိုယ်ပိုင် ဝေဘို အကောင့်ကနေပြီး သူ့ရဲ့ဝေဖန်သရော်မှုတွေက တရုတ်ပြည်သူလူထုအပေါ် ပြင်းထန်တဲ့ အဖျက်သဘော သြဇာသက်ရောက်မှုကို ဖြစ်သွားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့ ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ အဲဒီသရော်ချက်တွေက တကယ်လည်း တရုတ်ပြည်သူတွေကြားမှာ ဂယက်ရိုက်သွားခဲ့ပြီး တော်လှန်ရေးသူရဲကောင်းကြီးရဲ့ ရှုပ်ထွေးတဲ့ အမွေအနှစ်တွေနဲ့ ပတ်သက်ပြီး အငြင်းပွား ပြောဆိုမှုတွေ ပြန်ပြီး ဖြစ်ပေါ်လာစေခဲ့တယ်လို့ ပြောရမှာပါပဲ။

သူက “ကျနော် တကယ့်ကို အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ကျနော်က ရိုးရိုးသားသား နက်နက်နဲနဲ ပြည်သူလူထုကို တောင်းပန်ပါရစေ” လို့ ရေးသားဖော်ပြခဲ့ပြီး လူသိများတဲ့ တင်ဆက်သူတယောက်အနေနဲ့ သူ သင်ခန်းစာယူရမှာဖြစ်သလို သူ့ကိုယ်သူလည်း ပိုပြီးကောင်းမွန်တဲ့ စည်းကမ်းသတ်မှတ်ရမှာ ဖြစ်တယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် သူ့လုပ်ရပ်နဲ့ပတ်သကပြီး သူ့ကို အပြစ်ပေးဖို့ တောင်းဆိုသူတချို့ ရှိသလို သူ့ကို ကန့်သတ်ဟန့်တားမယ်ဆိုရင် လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ ယူဆကြသူတွေကြားမှာ အယူအဆ ကွဲလွဲမှုတွေ ရှိနေခဲ့တယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်တော်လှန်ရေးခေါင်းဆောင်နဲ့ နိုင်ငံတည်ထောင်သူ ဗိသုကာတယောက်ဖြစ်တဲ့ မော်စီတုန်းနဲ့ ပတ်သက်ပြီး အခြေခံလူတန်းစားတွေဖြစ်တဲ့ တောင်သူလယ်သမားနဲ့ အလုပ်သမား အများစုကြီးက ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုအဆင့်အထိ လေးစားကြည်ညိုမှုတွေ ရှိခဲ့တယ်ဆိုတာကလည်း သမိုင်းမှာ အထင်အရှား တွေ့နိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ တော်လှန်တဲ့ အတွေးအခေါ်၊ ထက်မြက်မှု၊ ပြည်သူလူထုကို အသိပညာအရ နိုးကြားတိုးတက်လာအောင် ပြုစုပျိုးထောင် စည်းရုံးသိမ်းသွင်းနိုင်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ရဲရင့်ပြတ်သားမှု စတဲ့ အရည်အချင်းတွေနဲ့ ပြည်သူလူထုကို လွတ်မြောက်ရေးရတဲ့အထိ၊ အောင်ပွဲရတဲ့အထိ မှန်ကန်တဲ့ တော်လှန်ရေးလမ်းကြောင်းနဲ့ ဦးဆောင်ဦးရွက် ပြုနိုင်ခဲ့တဲ့ ခေါင်းဆောင်မှုတွေကြောင့် တော်လှန်တိုးတက်တဲ့ အတွေးအခေါ်ရှိကြတဲ့ လူငယ်မျိုးဆက်တွေက လေးစားနှစ်သက် ကြည်ညိုကြသလို နိုင်ငံတကာက အမျိုးသားလွတ်မြောက်ရေး၊ လူတန်းစားလွတ်မြောက်ရေးနဲ့ အဖိနှိပ်ခံ ပြည်သူလူထုရဲ့ အခွင့်အရေးတွေအတွက် တော်လှန်ရေး တိုက်ပွဲဝင်နေကြတဲ့ လူငယ် လူကြီးတွေကလည်း လေးစားချစ်ခင်မှုရှိခဲ့၊ ရှိနေဆဲဖြစ်တယ်လို့ ပြောရင်လည်း မှားမယ်မဟုတ်ပါဘူး။

အဲဒီလို မော်စီတုံးကို လေးစားချစ်ခင် တန်ဖိုးထားကြသူတွေ ရှိသလို လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ စည်းရုံးစုစည်းခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး သူ့ကို ပြစ်တင်ဝေဖန်လိုသူတွေလည်း ရှိနေပါတယ်။ တရုတ်လူမျိုးတွေအဖို့ ၁၉၅၉ ကနေ ၁၉၆၁ ခုနှစ်အတွင်း အငတ်ဘေးသင့်ခဲ့ရမှုနဲ့ ၁၉၆၆ ခုနှစ်မှာ တော်လှန်ရေးကို ဆန့်ကျင်သူတွေကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် သူကိုယ်တိုင် ပြည်သူလူထုကြားဆင်းပြီး စည်းရုံးလှုပ်ရှားခဲ့တဲ့ ဆယ်စုနှစ်တခုကြာ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ ၀ရုန်းသုန်းကား ဖြစ်စဉ်တွေအတွက် မော်စီတုံးမှာ တာဝန်ရှိတယ်လို့ ယူဆ ပြစ်တင်ဝေဖန်သူတွေ ရှိနေတယ်ဆိုတာကိုလည်း ငြင်းလို့မရနိုင်ပါဘူး။

ခု ဘီဖူကျန်းရဲ့ သရော်ချက် ဗွီဒီယိုက အဲဒီ တော်လှန်ရေးခေါင်းဆာင် မော်စီတုံးရဲ့ တာဝန်ရှိမှုနဲ့ ချို့ယွင်းအားနည်းချက်တွေအပေါ် ဝေဖန်ပြစ်တင်လိုသူတွေကို ပြန်ပြီးဆွပေးသလို ဖြစ်သွားစေခဲ့တယ်လို့ ဆိုရမှာပါပဲ။ နာမည်ကြီး ဘီက သူ့ပရိသတ်ကို ၁၉၄၀ ခုနှစ်အတွင်း တရုတ်ပြည် အရှေ့မြောက်ဒေသထဲက ဓားပြတွေကို တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ စစ်သားတွေက ၀င်ရောက်တိုက်ခိုက် ချေမှုန်းခဲ့တဲ့ ဖြစ်ရပ်ကို အရွှန်းဖောက် သီဆိုပြခဲ့ပြီး ပရိသတ် ပွဲကျရအောင် သီချင်းစာသားတွေကြားမှာ သူ့ရဲ့ ကိုယ်ပိုင်ဝေဖန်ချက် စကားတွေကိုပါ ထည့်သွင်းပြောဆိုသွားခဲ့တဲ့အတွက် ပိုပြီး အားပြင်းတဲ့ ထိုးနှက်သရော်ချက်တွေ ဖြစ်သွားခဲ့ပါတယ်။ ပိုပြီးဆိုးသွားတာက မော်အကြောင်း ဖော်ပြပြောဆိုထားတဲ့ သီချင်းစာသားတွေ အပြီးမှာ ဘီက အမျိုးသမီးလိင်အင်္ဂါကို ရည်ညွှန်းထားတဲ့ ရိုင်းပြတဲ့ တရုတ်စကား စော်ကားချက် တခုကိုပါ ထည့်သုံးလိုက်ပြီး “သူက ကျနော်တို့အားလုံးကို ပျက်စီးစေခဲ့ပြီ” လို့ ပြောလိုက်တာပါပဲ။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်သားတွေရဲ့ စစ်ပွဲတွေဟာ ရည်ရွယ်ချက်ကင်းမဲ့ပြီး သူတို့ရဲ့ အောင်ပွဲသီချင်းတွေဟာလည်း ကြွားလုံးထုတ်တာတွေပါလို့ သူက ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။

မော်စီတုန်းရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး တရားဝင် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် တရုတ်ကွန်မြူနစ်ပါတီကတော့ ပါတီရဲ့ တရားဝင်ဖြစ်မှု တည်ဆောက်မှု အများစုကို တော်လှန်ရေးခေါင်းဆောင် မော်ရဲ့အတွေးအခေါ် အရေးအသား  အပြောအဆိုတွေကနေ ရယူတည်ဆောက်ခဲ့ရတာ ဖြစ်တဲ့အတွက် သူ့ကို ပြစ်တင်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။ ကနေ့အထိ ဘေဂျင်းမြို့လယ် အချက်အချာ နေရာမှာ ကြီးမားတဲ့ မော်ရဲ့ ရုပ်ပုံကြီးကို ချိတ်ဆွဲထားဆဲ ဖြစ်ပါတယ်။ ဘီရဲ့ သရော်ချက်တွေက တရုတ်နိုင်ငံတခုလုံးကို ဂယက်ရိုက်သွားခဲ့ပြီး အစိုးရ သတင်းမီဒီယာတွေက ပြင်းထန်တဲ့ ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို မော်ကို ယုံကြည်လေးစားသူတွေကလည်း ကျယ်ကျယ်လောင်လောင် ထောက်ခံအားပေးမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ စီစီတီဗွီကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီလို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

တော်လှန်ရေးသမားပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် နိုင်ငံခေါင်းဆောင် တယောက်ပဲဖြစ်ဖြစ် လုံးဝ အပြစ်အနာအဆာ ချို့ယွင်းအားနည်းချက်မရှိ ပြည့်စုံကောင်းမွန်တယ်ဆိုတာ မရှိနိုင်ပါဘူး။ ဒါပေမယ့် သူ့ကို အကောင်းအဆိုး ပြောဖို့ကတော့ သူ့ရဲ့အပြောနဲ့ အလုပ်အရ လက်တွေ့ အများပြည်သူအကျိုး၊ တိုင်းပြည်အကျိုးကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်နိုင်ခဲ့သလဲ ဆိုတာကိုလည်း ကြည့်ရှုရမှာဖြစ်သလို ချို့ယွင်းအားနည်းချက်တွေကိုလည်း လေ့လာကြည့်ရှုရမှာ ဖြစ်ပါတယ်။ သဘောတရားအရရော လက်တွေ့အရပါ တခုချင်း စစ်ဆေးမှတ်တမ်းပြုပြီး ကောင်းတဲ့ဘက်က ရာနှုန်းများပြီး ချို့ယွင်းအားနည်းချက်ဘက်က ရာနှုန်းနည်းနေတယ်ဆိုရင်တော့ ဘယ်လိုခေါင်းဆောင်မျိုးကိုမဆို ကောင်းတယ်လို့ပဲ ဝေဖန်မှတ်ချက်ပြုသင့်တယ်လို့ ယူဆပါတယ်။  သူ့ရဲ့ ရာနှုန်းနည်းပါးတဲ့ ချို့ယွင်းအားနည်းချက်တွေကိုပဲ ပုံကြီးချဲ့ ထောက်ပြပြစ်တင် သရော်တာမျိုးကတော့ သင့်လျော်မှန်ကန်တဲ့ ဝေဖန်ပြောဆိုမှု မဖြစ်နိုင်ပါဘူး။

ဘီဖူကျန်းကတော့  သူမှားပါတယ်လို့ ပြည်သူလူထုကို တောင်းပန်ပြီးပါပြီ။ သူ့ကို အရေးယူ အပြစ်ပေးမလား၊ ခွင့်လွှတ်ပေးမလား ဆိုတာကတော့…..။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013