DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ဒေသ ညမထွက်ရအချိန် လျှော့ချသတ်မှတ်
DVB
·
August 17, 2015
ကိုးကန့်ဒေသ ညမထွက်ရအချိန် လျှော့ချသတ်မှတ်
Donate to DVB

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ၆ လကြာ စစ်အုပ်ချုပ်ရေး သက်တမ်း ယနေ့ ကုန်ဆုံးသွားပြီဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး သက်တမ်းထပ်တိုးမတိုး အစိုးရက တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

ဒါပေမယ့် လောက်ကိုင်ဒေသမှာ ညမထွက်ရ အမိန့်ကို မူလက ည ၇ နာရီ၊ မနက် ၅ နာရီ သတ်မှတ်ထားရာက ည ၈ နာရီ၊ မနက် ၅ နာရီထိ တနာရီ လျှော့ချသတ်မှတ်ထားတယ်လို့ ဒေသခံ လွှတ်တော်အမတ်တဦးက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီ လောက်ကိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က  “အခြေအနေက ကောင်းတော့ ကောင်းလာပါပြီ၊ ပုံမှန်အတိုင်းတော့ နေနိုင်ကြပြီ။ ဒါပေမယ့် ပါစင်ကျော်ရဲ့ အပေါ်ခြမ်းတွေကတော့ မသွားနိုင်သေးဘူးပေါ့။ ရွာတွေတော်တော်များများ  ကျန်သေးတယ်၊ ညမထွက်ရ အမိန့်လည်း ဒီရက်ပိုင်း ည ၈ နာရီကနေ မနက် ၅ နာရီထိ ထားဦးမယ်၊ ဒီကနေ့ကနေစပြီး။ ကျနော်တို့ကလည်း တနာရီလျှော့ပေးဖို့ တောင်းဆိုထားတော့။ စစ်အုပ်ချုပ်ရေး လိုဦးမယ်ထင်တယ်။ ကျနော်တို့ သမ္မတကနေတဆင့် စစ်ရုံးကနေ ကြေညာချက် ထုတ်မှာပေါ့ ”

ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်ကနေ မေလ ၁၇ ရက်ထိ ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာပြီး သက်တမ်းပြည့်သွားခဲ့ပေမယ့် မူလ အခြေအနေကို ပြန်မရောက်သေးလို့ သမ္မတက စစ်အုပ်ချုပ်ရေးကာလကို သြဂုတ် ၁၇ ရက်ထိ နောက်ထပ် ၃ လ တိုးမြှင့်သတ်မှတ်ခဲ့တာပါ။

မြန်မာနိုင်ငံတ၀န်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် တဖြည်းဖြည်း နီးကပ်လာနေပေမယ့် ကိုးကန့်ဒေသမှာ ရွေးကောက်ပွဲ ကျင်းပမယ်၊ မကျင်းပဘူးဆိုတာ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးမြင့်ဆန်းဦးကတော့ ကိုးကန့်ဒေသ မဲဆန္ဒနယ်တွေ အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ကော်မရှင်ပိုင်းကတော့ မဲစာရင်းပြုစုတာတွေကော မဲရုံတွေနဲ့ ရပ်ကျေးအဖွဲ့ ကော်မရှင်ဖွဲ့စည်းမှုတွေ အဲဒါတွေ စလုပ်ပြီးတော့ သတ်မှတ်တဲ့အချိန် အတွင်းဝင်အောင်၊ မဲစာရင်းပြုစုတာလည်း ဒုတိယအကြိမ် ပြန်ပြီးတော့ ကြေညာမယ့် သြဂုတ်လကုန်ပိုင်း ကြေညာနိုင်အောင်လည်း မဲစာရင်းတွေ ပြုစုနေပြီ။ စစ်အုပ်ချုပ်ရေးကာလကလည်း ပြည့်တော့မယ်ဆိုတော့ လွှတ်တော်တင်ပြပြီး သက်တမ်းထပ်တိုးမလား၊ ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ပဲ လုပ်မလား မသိသေးဘူး။ ဒေသခံတွေကတော့ စစ်အုပ်ချုပ်ရေးကို ဆက် အုပ်ချုပ်စေချင်ကြတယ်။ တည်ငြိမ်မှုက ကောင်းကောင်း ရာနှုန်းပြည့်မဖြစ်သေးတော့။ စစ်အုပ်ချုပ်ရေးနဲ့လည်း ကော်မရှင်နဲ့ သက်ဆိုင်ရာ ထွေအုပ်တွေ ရဲတပ်ဖွဲ့တွေ ပေါင်းဖက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် လုပ်သွားမှာပါ”

ကိုးကန့်ဒေသမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ၂ ပါတီက အမျိုးသားလွှတ်တော်အတွက်  ကိုယ်စားလှယ်လောင်း ၂ ဦး၊  ပြည်သူ့လွှတ်တော်အတွက် ၄ ဦး၊ ပြည်နယ်လွှတ်တ်ာအတွက် ၈ ဦး၊ စုစုပေါင်း ၁၄ ဦး ရွေးကာက်ပွဲ ၀င်ပြိုင်ဖို့  ကော်မရှင်မှာ စာရင်းသွင်းထားပါတယ်။

လောက်ကိုင်ဒေသမှာ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) တပ်တွေနဲ့ အစိုးရတပ်တွေအကြား ဖေဖော်ဝါရီ ၉ ရက်က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဘက် ရာနဲ့ချီသေဆုံးခဲ့ကြပြီး တိုက်ပွဲတွေအတွင်း သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ တရုတ်ပြည်ထဲ ထွက်ပြေးခဲ့ကြသလို မြန်မာအလုပ်သမားတွေလည်း လာရှိုးမြို့ကို ထွက်ပြေးခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013