DVB Logo
Home
နိုင်ငံတကာ
အီရန်စစ်ပွဲကြောင့် အခက်တွေ့နေသော်လည်း တရုတ်စီးပွားရေး တိုးတက်လာ
DVB
·
April 16, 2026
Photo: CCTV, CGTN
Photo: CCTV, CGTN
Donate to DVB

ကမ္ဘာတဝန်းမှာ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားက စစ်ပွဲရဲ့ သက်ရောက်မှုဒဏ်ကို ခံစားနေရချိန်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ မျှော်မှန်းထားတာထက် ပိုပြီး တိုးတက်ခဲ့ပါတယ်။

အခုနှစ် ပထမသုံးလပတ်အတွင်း ၄ ဒသမ ၈ ရာခိုင်နှုန်းလောက်သာ တိုးတက်နိုင်ကြောင်း စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားခဲ့ပေမဲ့လည်း တရုတ်နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၅ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီး အထူးသဖြင့် အာရှနိုင်ငံတွေအပေါ်မှာ သက်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဂျပန်နဲ့ တောင်ကိုရီးယားလိုမျိုး မဟုတ်ဘဲ ပင်လယ်ကွေ့ဒေသက ရေနံအပေါ်  မှီခိုမှု နည်းပါးတဲ့အလျောက် သက်ရောက်မှုဒဏ်ကို တိုက်ရိုက်ခံစားနေရတာမျိုးတော့ မရှိပါဘူး။

မကြာသေးတဲ့ မတ်လထဲမှာပဲ တရုတ်အစိုးရက ၅ နှစ်စာ စီမံကိန်းအသစ်နဲ့ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေကို ကြေညာထားသလို တိုးတက်ရမဲ့ နှုန်းထားကိုလည်း ၄ ဒသမ ၅ ကနေ ၅ ရာခိုင်နှုန်းကြား လျှော့ချခဲ့ပါတယ်။

ကမ္ဘာ့ဒုတိယမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံမှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ကျဆင်းနေပေမဲ့ ကား၊ လျှပ်စစ်ပစ္စည်းနဲ့ တခြားပို့ကုန်တွေ အပါအဝင် ကုန်ထုတ်လုပ်ရေး ကဏ္ဍအတွက်တော့​ အားရစရာ ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့လအတွင်း တရုတ်နိုင်ငံရဲ့  သွင်းကုန်ပမာဏဟာ ၂၈ ရာခိုင်နှုန်းနီးပါး တက်လာတယ်လို့လည်း တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံအတွက် ကုန်သွယ်ရေးပိုငွေပြမှုဟာ ဒေါ်လာဘီလီယံ ၅၀ ဝန်းကျင်သာ ရှိတော့တဲ့အတွက် တနှစ်ကျော်ကာလအတွင်း အနည်းဆုံးပမာဏ ဖြစ်ခဲ့ပါတယ်။

တရုတ်ပြည်တွင်းမှာတော့ ဝယ်ယူစားသုံးမှု အားနည်းတာ၊ လူဦးရေ ကျဆင်းလာတာနဲ့ အိမ်ခြံမြေ အကျပ်အတည်း ကာလကြာရှည် ဖြစ်နေတာကြောင့် အာဏာရ ကွန်မြူနစ်ပါတီကနေ တိုင်းပြည်ရဲ့  စီးပွားရေးကို ပြန်လည်ပုံဖော်နိုင်ဖို့ရာ ကြိုးပမ်းနေပါတယ်။

တရုတ်ပြည်ပမှာဆိုရင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ချမှတ်ထားတဲ့ စည်းကြပ်ခွန်တွေနဲ့ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်ပြဿနာ အပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေ တင်းမာနေတာမျိုးနဲ့ပါ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်ပဲ လာမဲ့ မေလအတွင်း တရုတ်နိုင်ငံမှာ သမ္မတ ရှီကျင့်ဖျင်နဲ့ ထရမ့်ပ်တို့ကြား တွေ့ဆုံဖို့အတွက် စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013