DVB Logo
Home
နိုင်ငံရေး
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားလှယ်နှစ်ဦး ပွဲဦးထွက် အနိုင်ရ
DVB
·
June 15, 2011
Donate to DVB

ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီက ကိုယ်စား​လှယ်နှစ်ဦး​ကို ကြံ့​ခိုင်​ရေး​ပါတီက စွဲဆိုထား​တဲ့​အမှုမှာ ရခိုင်ကိုယ်စား​လှယ်နှစ်ဦး​ အနိုင်ရရှိတယ်လို့​ ​မြေပုံမြို့​နယ် ရခိုင်ပါတီကိုယ်စား​လှယ် ဦး​ဖေသန်း​က အတည်ပြု​ပြောပါတယ်။

ကျောက်ဖြူမြို့​နယ် အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​အုန်း​တင်နဲ့​ ပြည်နယ်လွှတ်​တော်ကိုယ်စား​လှယ် ဦး​ကျော်လွင်တို့​နှစ်ဦး​အ​ပေါ် ပြိုင်ဘက် ကြံ့​ခိုင်​ရေး​ ကိုယ်စား​လှယ်​တွေက မဲရုံမှူး​တွေနဲ့​ပေါင်း​ပြီး​ မဲမသမာမှုလုပ်တယ်လို့​ စွပ်စွဲချက်အ​ပေါ် ​နေပြည်​တော်​ကော်မရှင်က စစ်​ဆေး​ပြီး​ ဇွန်လ ၁၅ ရက် ဒီ​နေ့​မှာပဲ ရခိုင်ကိုယ်စား​လှယ်​တွေကို အနိုင်​ပေး​လိုက်တာပါ။

တရား​စရိတ်အ​နေနဲ့​ တရာစွဲတဲ့​ ကြံ့​ခိုင်​ရေး​ကိုယ်စား​လှယ်​တွေက ​ငွေကျပ်ဆယ်သိန်း​စီ ​ပေး​ဆောင်ဖို့​လည်း​ အမိန့်​ချတယ်လို့​ သိရပါတယ်။

ဒါဟာ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီကို ကြံ့​ခိုင်​ရေး​ပါတီက စွဲဆိုထား​တဲ့​အမှု ကိုး​မှုအနက် နှစ်မှုမှာ ပွဲဦး​ထွက် အနိုင်ရတာလို့​ ဦး​ဖေသန်း​က ​ပြောပါတယ်။

ဦး​ဖေသန်း​ အပါအဝင် ​မြေပုံ၊​ ရ​သေ့​တောင်နဲ့​ ​ပေါက်​တောမြို့​နယ်​တွေက ကိုယ်စား​လှယ်ခုနှစ်ဦး​ကို ကြံ့​ခိုင်​ရေး​ပါတီက စွဲဆိုထား​တဲ့​ စွပ်စွဲချက်​တွေကိုလည်း​ ​ကော်မရှင်စစ်​ဆေး​နေပုံကို သူက ခုလို​ပြောပါတယ်။

“ရခိုင်တပြည်လုံး​မှာ RNDP ကို စွဲတဲ့​အမှု (၉) မှုလုံး​ အတူတူပဲ။ မဲရုံး​မှူး​တွေကိုပဲ အပြစ်ဖို့​ထား​တယ်။ ​နောက်ပြီး​ တချို့​တဝက်က ရွာသား​တွေကပဲ မတော်မတရား​လုပ်တယ်ဆိုပြီး​ အ​ကြောင်း​ပြချက်​တွေ ​သေး​သေး​လေး​တွေပါ။ အဲဒါမျိုး​နဲ့​ ဆွဲထား​တာ၊​ ပုံစံက​တော့​ အတူတူ​လောက်ပဲ။ ကျ​နော်တို့​လည်း​ ၁၃ ရက်​နေ့​က မဲ​ရေတယ်။ မဲ​ရေတဲ့​အခါမှာ ကျ​နော့်​ပြိုင်ဘက်ဖြစ်တဲ့​ ပြည်ခိုင်ဖြိုး​ပါတီက ဦး​ရွှေမန်း​တင်နဲ့​ မဲ​ရေ​တော့​ မဲရုံ ၂၆ ရုံမှာ စ​ရေတယ်။ သူတို့​ရှေ့​မှာပဲ​ရေပြီး​တော့​ ကျ​နော်က ၆၆ဝဖြစ်တယ်။ ဦး​ရွှေမန်း​တင်က ၇၄ မဲပဲရတယ်။ ​နောက်တ​နေ့​မှာ ဆက်​ရေမယ်လုပ်​တော့​ ဦး​ရွှေမန်း​တင်က မ​ရေပါနဲ့​တော့​ ကျ​နော်အရှုံး​ပေး​တယ်ဆိုပြီး​ သူကတင်ပြတယ်။ ဒါ​ပေမယ့်​ သူစွဲချက်​တွေရှိ​သေး​တာ​ပေါ့​။”

ဇွန်လ ၁၄ ရက်​နေ့​က ​ကော်မရှင်ကချမှတ်တဲ့​ ဆုံး​ဖြတ်ချက်​တွေမှာလည်း​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီက ကိုယ်စား​လှယ်တဦး​နဲ့​ဒီမိုကရက်တစ်ပါတီ မြန်မာပြည်က ကိုယ်စား​လှယ်တဦး​တို့​ အနိုင်ရခဲ့​တယ်လို့​ သိရပါတယ်။ သူတို့​ကိုလည်း​ ပြိုင်ဘက်ကြံ့​ခိုင်​ရေး​ကိုယ်စား​လှယ်​တွေကပဲ တရား​စွဲခဲ့​တာဖြစ်ပါတယ်။

ရွေး​ကောက်ပွဲရလဒ်​တွေနဲ့​ပတ်သက်ပြီး​ ​ကော်မရှင်ကိုတိုင်ကြား​ထား​တဲ့​ အမှု​ပေါင်း​ ၂၉ မှု ရှိပြီး​၊​ ခုချိန်ထိ ၁၀ မှုကို ​ကော်မရှင်က ဆုံး​ဖြတ်ချက်ချထား​ပေး​ပြီး​ ဖြစ်ပါတယ်။ ဒီ၁ဝမှုစလုံး​ ကြံ့​ခိုင်​ရေး​က တိုင်ကြား​တဲ့​အမှု​တွေချည်း​ဖြစ်ပြီး​ ဒီမိုကရက်ပါတီ ကိုယ်စား​လှယ်​တွေချည်း​ အနိုင်ရခဲ့​ကြတာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013