DVB Logo
Home
မြန်မာသတင်း
လွှတ်တော် ပြန်စရင် ကိုယ်စားလှယ်ရုပ်သိမ်းသည့်ဥပဒေ အတည်ပြုမည်
DVB
·
August 16, 2015
လွှတ်တော် ပြန်စရင် ကိုယ်စားလှယ်ရုပ်သိမ်းသည့်ဥပဒေ အတည်ပြုမည်
Donate to DVB

သြဂုတ် ၁၈ ရက်နေ့ ပြန်စမယ့် လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်ရုပ်သိမ်းနိုင်တဲ့ဥပဒေကို အတည်ပြု ပြဋ္ဌာန်းဖို့ရှိပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုစုတင်ပြထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကော်မရှင်က လွှတ်တော်ထံ လေးကြမ်မြောက် ပေးပို့ခဲ့ပြီးတဲ့နောက် အခု သတင်းထွက်လာတာ ဖြစ်ပါတယ်။

လွှတ်တော်အရပ်ရပ် ပြန်မစမီ သြဂုတ် ၁၆ ရက်နေ့မှာပဲ ပြည်သူ့လွှတ်တော်ဥပဒေကြမ် ကော်မတီစည်းဝေးပွဲ စတင်လိုက်ပြီး လွှတ်တော်တင်ဖို့ ကြိုတင်ညှိနှိုင်းခဲ့ကြတယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

“ကော်မရှင်က စာလည်း ရောက်လာတယ်။ အဲ့တော့ ၁၈ ရက်နေ့ လွှတ်တော် စည်းဝေးပွဲအပြီးမှာ နိုင်ငံရေးပါတီတွေကို ဖိတ်စာနဲ့ ဖိတ်မယ်၊ အဲ့ဒီစည်းဝေးပွဲမှာ ကျနော်တို့ တင်ပြမယ့် အကြောင်းအရာတွေကို ကြိုတင်ပြင်ဆင်တာပါ။ ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ လူက မစုံသေးတော့ ရှိတဲ့ဟာနဲ့ ကြိုပြီး ညှိနှိုင်းထားလိုက်တာပေါ့။ အဲ့ဒီစည်းဝေးပွဲမှာ ရှင်းပြဖို့ပါပဲ အဓိကက။”

သြဂုတ်လ ၁၈ ရက် ညနေပိုင်းမှာ လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီတို့ တွေ့ဆုံညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းပါ လွှတ်တော် နှစ်ရပ် သဘောထားကွဲလွဲချက်တွေအပေါ် ညှိနှိုင်းသဘောတူခဲ့ပြီး ဖြစ်တဲ့အချက်တွေကို ချပြဖို့လည်း ရှိပါတယ်။

လွှတ်တော်နှစ်ရပ် ကွဲလွဲချက် ၁၀ ချက်လောက်ရှိပြီး ကော်မတီက ညှိနှိုင်းရသလောက် အချက်တွေကို ရွေးကောက်ပွဲကော်မရှင်ကလည်း သဘောတူထားပြီး ဖြစ်ပါတယ်။

ဥပဒေကြမ်းကော်မတီအနေနဲ့ ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ထံ အမြန်ဆုံးတင်ပြဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခွင့်ဥပဒေကြမ်းမှာ ကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ်မြေရှိ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက ကန့်ကွက်တိုင်ကြားရင် ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး မှန်ရင် အရေးယူနိုင်တယ်လို့ ဖော်ပြပါရှိပြီး ဒီအချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာမို့ ပြင်လို့ မရဘူးလို့ ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

“ခုတော့ ဘာပဲပြောပြော ဖွဲ့စည်းပုံမှာ မပြင်တဲ့အတွက်  ၁ ရာခိုင်နှုန်းနဲ့ပဲပြန်ပြီးတော့  ဥပဒေကို အဆိုပြုရမှာပဲဗျ။”

ပြီးခဲ့တဲ့ လွှတ်တော်တရပ်အတွင်း မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း ကန့်ကွက်ရင် ဆိုတဲ့စကားရပ်ကို ပယ်ဖျက်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်တဲ့အတွက် ဒီတိုင်းပဲ အဆိုပြုရမှာဖြစ်ပြီး ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဥပဒေကြမ်း လွှတ်တော်မှာ ကြန့်ကြာနေတာလည်း အဲ့ဒီအတွက်ကြောင့်ပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှာ တိုင်ကြားထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၀ ယောက်ထက်မနည်း ရှိနေပြီး ဒီတိုင်ကြားချက်တွေကို စိစစ်အရေးယူနိုင်ဖို့ ဥပဒေအမြန် အတည်ပြုပေးပါလို့ ကော်မရှင်က တောင်းဆိုနေတာ ဖြစ်ပါတယ်။

ကော်မရှင်မှာ တိုင်ကြားခံထားရသူတွေထဲ မကြာသေးခင်က ပါတီဥက္ကဋ္ဌနေရာက ဖယ်ခံထားရတဲ့ သူရဦးရွှေမန်းလည်း ပါပါတယ်။

ဒီတကြိမ်ပြန်စမယ့် လွှတ်တော်အရပ်ရပ်ဟာ ဒီလကုန်ပိုင်းလောက်မှာ အပြီးသတ်ကြဖို့ရှိပြီး ဥပဒေအသစ်၊ အဟောင်း ၃၀ ကျော် အတည်ပြုဖို့ ကျန်နေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013