DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် လက်မှတ်ထိုးရေး လက်နက်ကိုင် ၁၅ ဖွဲ့ထံ သမ္မတ ဖိတ်ကြားစာပို့
DVB
·
August 15, 2015
အပစ်ရပ် လက်မှတ်ထိုးရေး လက်နက်ကိုင် ၁၅ ဖွဲ့ထံ သမ္မတ ဖိတ်ကြားစာပို့
Donate to DVB

တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၅ ဖွဲ့ထံ သမ္မတ ဦးသိန်းစိန်က သြဂုတ် ၁၁ ရက်မှာ ဖိတ်ကြားစာပေးပို့ထားတယ်လို့ အစိုးရနဲ့ တပ်ဖွဲ့တို့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သမ္မတ လက်မှတ်ထိုးထားတဲ့ ဖိတ်ကြားစာကို တပ်ဖွဲ့တဖွဲ့ချင်းစီထံ ပေးပို့ခဲ့တာဖြစ်ပြီး လက်မှတ်ထိုးတဲ့အခါမှာလည်း တဖွဲ့ချင်းစီနဲ့ လက်မှတ်ထိုးမှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

“လက်မှတ်ရေးထိုးတယ်ဆိုတာက တဖွဲ့ချင်းနဲ့ ထိုးရမှာ ခင်ဗျ၊ တဖွဲ့ချင်းနဲ့ပဲ ထိုးရမှာဖြစ်တဲ့အတွက် တဖွဲ့ချင်းကိုပဲ ဖိတ်စာ ပို့တာပါ။ ဖိတ်ကြားတယ်ဆိုတာကလည်း အစိုးရရဲ့ သူ့ရဲ့ ဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ဟာကို ဆောင်ရွက်တယ်လို့ပဲ ကျနော့်အနေနဲ့ နားလည်ပါတယ်။”

အစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က နိုင်ဟံသာက သူတို့ဆီ သမ္မတဖိတ်စာရောက်ရှိတယ်လို့ ပြောပြီး အစိုးရက ရသလောက်ဆွဲပြီး လက်မှတ်ထိုးမယ့် ပုံစံမျိုးဖြစ်နေတယ်လို့ မှတ်ချက်ပေးပါတယ်။

“ကျနော် မြင်တာကတော့ စုစည်းနေတဲ့ အင်အားစုတွေကို သူတို့က ခွဲပြီးတော့မှ ရသလောက်ဆွဲမယ်ဆိုတဲ့ ပုံစံမျိုး သက်ရောက်တယ်လို့ ကျနော် ထင်တယ်။ ဒါကတော့ တဘက်က အလားအလာ မကောင်းဘူးလို့ မြင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တနိုင်ငံလုံးမှာ တည်ရှိနေတဲ့ လက်နက်ကိုင်အားလုံးနဲ့ ပါဝင်ပြီး ဆွေးနွေးတာကတော့ ပြီးမယ်ဆိုရင်တော့ အားလုံး ပြေလည်သွားတာပေါ့လေ၊ ဟို တခြမ်း ဒီတခြမ်းနဲ့ကတော့ တနိုင်ငံလုံး အသွင် မဆောင်ဘူး။”

အပစ်ရပ်စာချုပ်ပါ အချက်အားလုံးကို နှစ်ဘက် သဘောတူထားပြီးဖြစ်ပေမယ့် တိုင်းရင်းသားတို့ဘက်က တပ်ဖွဲ့အားလုံးပါဝင်ရေး တောင်းဆိုနေတာဖြစ်ပြီး အစိုးရဘက်က တပ်ဖွဲ့ ၁၅ ခုနဲ့ပဲ လက်မှတ်ထိုးမယ်လို့ ပြောဆို ရပ်တည်နေကြတာ ဖြစ်ပါတယ်။

ဒီကြားထဲ သြဂုတ် ၂၅ ရက် ၀န်းကျင်မှာ သမ္မတနဲ့ တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တချို့ တွေ့ဆုံ ဆွေးနွေးကြဖို့ရှိပြီး လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ လက်မှတ်ထိုးကြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013