DVB Logo
Home
Lead Story
နိုင်ငံနှစ်ခုထဲ ကွဲနေရတဲ့ ရွာလေးတစ်ရွာ
DVB
·
August 15, 2015
နိုင်ငံနှစ်ခုထဲ ကွဲနေရတဲ့ ရွာလေးတစ်ရွာ
1 / 8
Donate to DVB

တရုတ်-မြန်မာ နယ်နိမိတ်မျဉ်းက ရွာကလေးကို ပိုင်းခြားပစ်လိုက်လို့ ရွာကလေးက တရွာတည်းနဲ့ နှစ်နိုင်ငံ ကွဲနေရပါတယ်။

၁၉၆၀ ခုနှစ်မှာ ၀န်ကြီးချုပ် ဦးနုနဲ့ ချူအင်လိုင်းတို့ တရုတ် မြန်မာနယ်နိမိတ်ကို တိုင်းတာခွဲခြားကြရာမှာ နယ်စပ်မျဉ်းက တရုတ်မြန်မာနယ်စပ် မှတ်တိုင်အမှတ် ၇၁ မှာ ရွာကို ၂ ပိုင်းဖြတ်သွားတယ်။ ရွာတရွာတည်းကို နှစ်နိုင်ငံ ခွဲယူ ပိုင်ဆိုင်သွားတယ်။

ကျနော်က နယ်ခြားမှတ်တိုင် အမှတ် ၇၁ အနီးမှာ ရောက်နေပါတယ်။ မလှမ်းမကမ်းမှာ တရုတ်နိုင်ငံရဲ့ အ၀င်ဂိတ် မုခ်ဦးကြီး ရှိပြီး တရုတ်ရဲတွေ စောင့်ကြပ်နေတယ်။ မြန်မာနိုင်ငံဘက်မှာတော့ လူဝင်မှုကြီးကြပ်ရေးရုံး ဆိုင်းဘုတ်ပြာပြာကို မြင်ရပြီး ဖြူနီကြား မောင်းတန်တခု ရှိပေမယ့် မ တင်ထားတယ်။

တရုတ် မြန်မာနယ်စပ်ကို ဖြတ်ကျော်ရင် ဒဏ်ငွေ ယွမ် ၅၀၀ ရိုက်တာ ခံရမယ်လို့ တရုတ် မြန်မာ ၂ ဘာသာနဲ့ သတိပေးထားတဲ့ဆိုင်းဘုတ်ကြီး ရှိတယ်။ ဒါပေမယ့် ဆိုင်းဘုတ်ကြီးက ဆေးသားတွေ လွင့်ပြယ်နေပါပြီ။

မြန်မာနိုင်ငံဘက်က အမျိုးသမီးတယောက် ဆိုင်ကယ်စီးပြီး ထွက်လာတယ်။ တရုတ်ပြည်ဘက်ထဲကို တောက်လျှောက်စီးဝင်သွားတယ်။  ရပ်စောင့်နေတဲ့ တရုတ်ရဲကို ရှိလေတယ်လို့ သဘောထားပုံ မရဘူး။ နိုင်ငံတခုက အခြားနိုင်ငံတခုထဲကို ဖြတ်ကျော်ဝင်ရောက်တာ ဖြစ်ပေမယ့် ဆိုင်ကယ်ပေါ်က ဆင်းတွန်းရတာမျိုး၊ ဆိုင်ကယ်ရပ်ပြီး ၀င်ခွင့်တောင်းတာမျိုး မတွေ့ရဘူး။ တဆက်တည်းပဲ မြန်မာဘက်က ကလေး ၂ ယောက် နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်လာပြန်တယ်။ တရုတ်ပြည်ဝင်မုခ်ဦးကို ဖြတ်ပြီး ခပ်တည်တည်ပဲ ဆက်လျှောက်သွားတယ်။ မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံဘက်ကို နေ့စဉ် လာရောက်ကျောင်းတက် နေတဲ့ ကျောင်းသား ကျောင်းသူ ဦးရေ ၅၀ လောက် ရှိတယ်လို့ ဆိုတယ်။ နယ်စပ်ကို အပြန်အလှန်ဖြတ်ကျော် ကူးသန်းနေတဲ့ ဒီက ဒေသခံတွေကို နှစ်ဘက် တာဝန်ရှိသူတွေက သိရှိ မှတ်မိပြီး အစစ်အဆေးမရှိ ကူးသန်းခွင့် ပေးထားတယ်တဲ့။

နှစ်နိုင်ငံနယ်စပ်ဆိုတာက သစ်ပင်စည်းရိုးလေးနဲ့ ၁၀၀၀ လောက်သာ ကျယ်တဲ့ ရေချောင်းလေးပါ။ နယ်စပ်မျဉ်းရဲ့ နှစ်ဘက်လုံးမှာ လူနေအိမ်တွေ ရှိတယ်။ တကယ်တော့ ဒါက ရွာတရွာတည်းပါပဲ။ ရွာကို မြန်မာဘက်မှာ မန်လျှိုးရွာ (မန်ဟီးရိုးမြို့)လို့ခေါ်ပြီး တရုတ်ဘက်မှာ ရင့်ကျင်းရွာလို့ ခေါ်ပါတယ်။ ရှမ်းတွေ နေတာ များတယ်။ အချို့နေရာမှာဆိုရင် နယ်နိမိတ်ဆိုတာက သတ်မှတ်ချက်သာရှိပြီး အတားအဆီး မရှိဘူး။ အမှတ်မထင် လမ်းလျှောက်သွားရင်း နှုတ်ခွန်းဆက်သပါ၏ ဆိုတာကို တွေ့ရနိုင်တာမျိုးပါ။

၂၀၁၂ ခုနှစ်မှာ စတင်ပြီး ရွှေလီနိုင်ငံခြားရေး ခရီးသွားလာမှု ကုမ္ပဏီလီမီတက်က ရှမ်းရွာလေးကို ခရီးသွားဧည့်သည် လာလည်ချင်အောင် ဆွဲဆောင်မှုတွေ လုပ်ပါတယ်။ ၀င်ကြေးတယောက်ကို ယွမ် ၃၀ ကောက်တယ်။ ရွာကလေးက ယူနန်ပြည်နယ် ရွှေလီမြို့နဲ့ ၈ ကီလိုမီတာပဲ ကွာဝေးပါတယ်။ ဒီလိုဖြစ်နေတဲ့ ရွာကလေးကို သဘာဝက ပေးအပ်တဲ့ သယံဇာတလို သဘောထားအသုံးချကာ တရွာ နှစ်နိုင်ငံဆိုပြီး တိုးရစ်ပွိုင့် ကို တည်ဆောက်နေပါတယ်လို့ တရုတ်ခရီးသွားလုပ်ငန်းလုပ်သူတွေက ပြောတယ်။

ရွာကလေးကို သာသာယာယာဖြစ်အောင် ပြုပြင်ထားတယ်။ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ၊ ကြည့်စရာရှု့စရာတွေ ၊စားသောက်ဆိုင်တွေနဲ့ အပန်းဖြေစရာ နေရာတွေ ဖန်တီးထားတယ်။

ကျနော် ရွာကလေးထဲကို လျှောက်လည်ကြည့်တယ်။

ရွာလယ်လမ်းအတိုင်း လျှောက်သွားရင်း (တရုတ်ပုံစံ) ရေတွင်းတတွင်းကို တွေ့တယ်။  ရေတွင်းမှာ ရေခပ်ပုံးတပုံးကို ရေငင်မောင်းတန်ထိပ်မှာ တပ်ဆင်ထားတယ်။ ရေငင်မောင်းက မြန်မာနိုင်ငံဘက်မှာ ရှိပြီး မြန်မာဘက်က ရေခပ်ရင် ရနိုင်တဲ့ ပုံမျိုး ဖြစ်ပါတယ်။ ရေတွင်းမှာ နှစ်ပြည်တရွာ ရေတွင်းလို့ စာတန်းကို မြန်မာ တရုတ် ၂ ဘာသာ နဲ့ ရေးထိုးထားတယ်။

နှစ်ပြည်တရွာရေတွင်းကနေ ဆက်လက်လျှောက်သွားတော့ ဒန်းတခု။ ဒန်း စီးရင် နှစ်နိုင်ငံ ရောက်နိုင်တယ်လို့ စာတန်းရေးထားတယ်။ နှစ်နိုင်ငံနယ်စပ်ပေါ်မှာ ဒန်း ဆင်ထားတယ်။ ဒန်းကို လွှဲပြီးစီးလိုက်ရင် တရုတ်နိုင်ငံမြေပေါ် ရှိလိုက် မြန်မာ့မြေပေါ် ရောက်လိုက် ဖြစ်အောင် လုပ်ထားတာပါ။ ဒန်းကို အခမဲ့ လွှဲစီးရုံနဲ့ နှစ်နိုင်ငံ ရောက်နိုင်တော့ စီးသူတွေအများသား။

ခြေနဲ့ နင်းပြီး လျှောက်နေတဲ့ ကွန်ကရစ်လမ်းကို ငုံ့ကြည့်လိုက်တော့ ကွန်ကရစ်ပြားတွေပေါ်မှာ စာတွေ ရေးထားတာ တွေ့ရတယ်။ ပျော်ရဲ့လား၊ ဖြည်းဖြည်းသွားပါ၊ နေကောင်းလား၊ စတဲ့ နေ့စဉ်ပြောစကားအချို့ကို တရုတ်မြန်မာ ဘာသာ ၂ မျိုးနဲ့ တွဲပြီး ရေးထားတယ်။ လေ့လာသင်ယူဖို့ ၊ ချစ်ကြည်ရေး သဘော ဖြစ်ပါမယ်။

မကြာခင်မှာ ကြာကန်ကြီးကို တွေ့ရတယ်။ ကြာဖက်စိမ်းစိမ်းတွေကြားက ပန်းရောင်ကြာပွင့်ကြီးတွေ ထိုးထွက်နေတယ်။ လေအသွဲ့မှာ ကြာပွင့်ကြီးတွေ ယိမ်းနွဲ့နေကြတယ်။ ကြာရနံ့က သင်းပျံ့ပါတယ်။ ကြာကန်သာ ကြီးထဲမှာ ရွှေရောင်ပ၀င်းနေတဲ့ ကရ၀ိတ် ၂ ကောင်နဲ့ ဖောင်ကြီးတခုလည်း ရှိတယ်။

ကြာကန်ကို လွန်လာတော့ ရေကန်ကျယ်ကြီးကို တွေ့ရတယ်။ ရေကန်ဘေးမှာ မြန်မာဆန်ဆန် ၀ါးထရံကာ ၀ါးကပ်မိုး အိမ်ကလေး ဆောက်ထားတယ်။ ရွှေရောင်ဝင်းဝင်းစေတီကိုလည်း ဖူးမြင်ရတယ်။ ကန်ဘေးမှာ ကျိုက်ထီးရိုးပုံတူကိုလည်း မြင်ရပါတယ်။ လှိုဏ်ပါတဲ့ ဘုရား ၁ ဆူကိုလည်း တွေ့ရတယ်။ သူရဿတီ မယ်တော် ရုပ်တုလည်း တွေ့ရတယ်။ တရုတ်ပြည်ထဲမှာ ပေမယ့် အရာရာက မြန်မာနိုင်ငံမြင်ကွင်းနဲ့ တူနေတယ်။ ကျွန်းပင် ၊ညောင်ပင်၊ သစ်သား တံတားတွေနဲ့ ခရီးသွားဧည့်သည်ကို ဆွဲဆောင်ဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။

ရေကန်ထဲမှာတော့ လှေကလေးတစင်း။ သေသေချာချာ ကြည့်လိုက်တော့ လှေလှော်သူက ရှမ်းခမောက်ကို ဆောင်းလို့ လှေကို အင်းသားလို ခြေနဲ့ လှော်ခတ်နေတာပဲ။

တနေရာမှာ ပိုစတာတခု ရှိတယ်။ အင်းလေးကန်ကို မရောက်နိုင်ပေမယ့် တရွာနှစ်နိုင်ငံ အင်းလေးကန်မှာ ခြေထောက်နဲ့ လှော်တဲ့လှေကို စီးကြည့်ပါ။ ရှမ်းပြည်မှာရှိတဲ့ အင်းသားတွေဟာ ရေကို မှီပြီး နေထိုင်ကြတယ်။

သူတို့ရဲ့ ရေမြေသဘာဝအရ ခြေထောက်နဲ့ လှေလှော်ခြင်းအတတ်ကို ယခုအထိ ထိန်းသိမ်း တတ်ကျွမ်းနေကြပါတယ်။ ဒါက မြန်မာနိုင်ငံ ဒါမှမဟုတ် တကမ္ဘာလုံးမှာ တခုတည်းသာရှိတာပါပဲ။

ဘာကြောင့် ခြေကို သုံးပြီး လှေလှော်ရတာလဲ။ ခြေထောက်က ပိုပြီး အင်အားရှိလို့ လှေသွားနှုန်းကို မြန်စေတယ်၊ လက်ကို လွတ်လပ်စွာ အသုံးပြုနိုင်တယ်၊ ခြေထောက်လှုပ်ရှားရလို့ ကြွက်သားနဲ့ အရိုးအကြောတွေ ကျန်းမာ သန်စွမ်းစေတယ်လို့ ရေးထားတာပါ။ ကန် ၁ ပတ် လှေစီးချင်ရင် ၁ ယောက် ၁၀ ယွမ်ပေးရတယ်။ လခစားဝန်ထမ်း အင်းသား မြန်မာ လူငယ်တယောက်က လှေလှော်ပေးတယ်။

တနေရာမှာတော့ မြန်မာအမျိုးသမီးတယောက် ထဘီရင်လျားနဲ့ ရေအိုးကို ခေါင်း ပေါ်တင်ကာ ရေခပ်ပြန်လာပုံ ရုပ်တုရှိပြီး တဘက်မှာတော့ ဘောင်းဘီဝတ် တရုတ်မ တယောက် သွပ်ရေချောင် ၂ ပုံးကို ထမ်းပိုးနဲ့ ရှေ့နောက်လျှိုထမ်းပြီး ရေခပ်လာပုံ ရုပ်တုကို ထုထားတယ်။ မတူတဲ့ ဓလေ့တွေ တွေ့ရတယ်။

“နှစ်နိုင်ငံက ရွာသူရွာသားတွေက ရှမ်းရိုးရာ ဓလေ့ထုံးစံကို ဆက်လက် ထိန်းသိမ်းနိုင်တယ်။ ချစ်ကြည်ရင်းနှီးစွာ ဆက်လက်နေထိုင်တယ်။ ရောင်းဝယ်စရာ ရှိတာကို ဆက်လက်ရောင်းဝယ်တယ်။ ဟိုဘက်ဒီဘက် ချစ်သူတွေ အိမ်ထောင်ပြုချင်ရင် ဆက်လက်ပြုပြီး ရွာတရွာတည်း ခံစားချက်ကို ဆက်လက်ခံစားနေကြပါတယ် ” လို့ ဆိုတယ်။

ကျော်ရင်မြင့်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013