DVB Logo
Home
Lead Story
ရေဘေးသင့် သူတွေကို အရင်ဆုံး စိတ်ပိုင်း၊ ရုပ်ပိုင်း ကုစားပေးသင့်တယ် - ဒေါ်ဒေ၀ီသန့်စင်
DVB
·
August 14, 2015
ရေဘေးသင့် သူတွေကို အရင်ဆုံး စိတ်ပိုင်း၊ ရုပ်ပိုင်း ကုစားပေးသင့်တယ် - ဒေါ်ဒေ၀ီသန့်စင်
Donate to DVB

မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေဟာ သစ်တောပြုန်းတီးမှုကြောင့် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရတာလို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားတဲ့ မြန်မာအစိမ်းရောင်ကွန်ရက် တာဝန်ခံ ဒေါ်ဒေ၀ီသန့်စင်က ပြောပါတယ်။ ရေဘေးကယ်ဆယ်ရေးမှာ အစိုးရရဲ့ နှောင့်နှေးမှုကို သူက ဝေဖန်ပြီး အခု ပြန်လည်ထူထောင်ရေးမှာ ဦးစားပေးအဖြစ် ရေဘေးသင့်သူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးကို ကုသပေးသင့်တယ်လို့ သူက ပြောပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ၁၂ ခုမှာ ရေကြီးဒဏ်ခံရပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ရသလို အိမ်ခြေအမြောက်အမြား ရေနစ်မြုပ်ပျက်စီးခဲ့ရပါတယ်။ ဧက သိန်းပေါင်းများစွာသော စိုက်ပျိုးမြေတွေနဲ့ ဥယျာဉ်ခြံတွေလည်း ရေနစ်မြုပ်ခဲ့ပါတယ်။

အောင်ပင်လယ် သဘာဝပတ်ဝန်းကျင်မဂ္ဂဇင်း အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဒေါ်ဒေ၀ီသန့်စင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

နှစ်ပေါင်း ၅၀ လောက်မှာ ပြည်နယ်နဲ့တိုင်း ၁၄ ခုအနက် ၁၂ ခုမှာ ရေကြီးခဲ့တယ် ဘာကြောင့်ပါလဲ။

“ကျမတို့က ကမ္ဘာမြေဂြိုဟ်တခုပေါ်မှာ လူသားမျိုးနွယ်အနေနဲ့ တကမ္ဘာလုံး နေနေကြတာလေ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာကတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ရယ်လို့ စည်းခြားထားတာ မရှိဘူးရှင့်။ တောတောင်ရေမြေကိုက အားလုံးဆက်စပ်နေတာ။ ကျမတို့ကို စိတ်ပိုင်းပြီးတော့ လုပ်လို့မရဘူး။ စာချုပ်စာတမ်းနဲ့ ကျောက်တိုင်စိုက်တာလောက်ပဲ ကျမတို့က သတ်မှတ်လို့ရတာ နယ်ခြားမြေခြားဆိုတာ။ အဲဒီတော့ သဘာဝတ်ဝန်းကျင်အနေနဲ့ ခွဲခြားစိတ်ဖြာလို့ မရတဲ့အတွက် ကမ္ဘာကြီး ပူနွေးမှု ဖြစ်လာရင် ရာသီဥတုတွေ ကမောက်ကမနဲ့ မမှန်မကန်ဖြစ်လာတယ်ဆိုတာ ဗမာပြည်တခုတည်းလည်း ခံရမှာ မဟုတ်ဘူး။ အကုန်လုံး ကမ္ဘာမြေဂြိုဟ်ပေါ်မှာနေတဲ့ လူသားအားလုံး မျှဝေခံရမယ့် အကြောင်းအရာတခုပါ။ အဲတော့ ဒါကို လျှော့ချဖို့ဆိုတာက တိုင်းပြည်တခုတည်းလည်း မရဘူး။ လူသားအဖွဲ့အစည်း၊ တဦးချင်းပေါ့ အဲလိုမျိုးလည်း မဖြစ်နိုင်ဘူး။ တကမ္ဘာလုံးမှာရှိတဲ့ ခုန ကျမပြောခဲ့တဲ့ အရှေ့အနောက်တောင်မြောက်မှာရှိတဲ့အားလုံး၊ အာဏာပိုင်အဖွဲ့အစည်း၊ policy maker တွေ၊ ဥပဒေပြဌာန်းတဲ့လူတွေ၊ နောက် ဒီအကြောင်းအရာတွေကို ဘယ်လိုပြောင်းလဲမှုတွေနဲ့ ဘာတွေ တိုးပြီးဖြစ်လာနိုင်တယ်၊ ဘာတွေဟာ အရင်ကဖြစ်ခဲ့တယ်ဆိုတဲ့ဟာတွေကို သုတေသနနဲ့ စူးစမ်းမှုလုပ်တဲ့ သိပ္ပံပညာရှင်တွေ၊ နောက်ဆုံး ပြည်သူလူထုပါ ပါဝင်ပြီးတော့ ပူးပေါင်းပြီးလုပ်မှ သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ကနေ လျှော့ချနိုင်မှာ။”

သဘာဝတ်ပန်းကျင် ပျက်စီးယိုယွင်းမှုဟာ သစ်တောတွေ ခုတ်ထွင်မှု၊ ပြုန်းတီးမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်သလား၊ သွယ်ဝိုက်ဆက်စပ်သလား။

“ဗမာပြည်မှာ သက်တမ်း ၅၀၊ ၆၀ တမ်းတွေတောင် တခါမှ မကြုံဖူးတဲ့ဆိုတာ ကျမတို့ ဗမာပြည်မှာ ၂ ခါဖြစ်ခဲ့ပြီးပြီလေ။ အဲဒါက နာဂစ် ၂၀၀၈ ခုနှစ်က ရေဘေးအန္တရာယ်ပေါ့။ ခုနလိုပဲ ကျမတို့က ကမ္ဘာ့မြေပေါ်မှာနေတယ်၊ ကမ္ဘာ့အပူချိန်တွေက တက်နေတယ်၊ အဲတော့ နိုင်ငံတိုင်းလိုလို ခံစားနေရတယ်။ ရာသီဥတုမှာ ဥပမာ ငလျင်လှုပ်တာတွေ ပိုဖြစ်လာမယ်၊ ရေကြီးတာတွေ၊ မုန်တိုင်းတွေ။ ဒါကြောင့်မို့လို့ ဆရာ သတိထားမိမလားမသိဘူး။ အကြောင်းအရာတခုကို နိုင်ငံတခုကနေပြီးတော့ သဘာဝဘေးအန္တရာယ်ကို သတင်းအဖြစ် ဖော်ထုတ်ပြီး ရေးတဲ့နေရာမှာ တအားကို တခါမှ သက်တမ်းတခုမှာ နှစ် ၅၀ လုံးလုံး မကြုံဖူးတဲ့ ဆီးနှင်းကျတာမျိုးတွေ၊ လေဆင်နှာမောင်းတွေ၊ ဆိုင်ကလုန်းဆိုတဲ့ အထူးဝိသေသနတွေ ပြုပြီးတော့ ခေါ်ဆိုတာတွေ တွေ့လာရလိမ့်မယ်။ အဲဒီတော့ ပြန်ကြည့်လိုက်ရင် ဒါတွေဟာ မရှိခဲ့ဘူးလား။ ကမ္ဘာနဲ့အတူ သဘာဝတရားကြီးရဲ့ ဘေးအန္တရာယ်တွေဟာ ဖြစ်လာတာ။ ဒါပေမယ့် ကျမတို့ရဲ့ လူသားသက်တမ်း ဒီဘက်ရောက်လာတော့ ဒါတွေဟာ ဘာကြောင့် စိပ်စိပ် တနှစ်တည်းမှာ ကပ်ပြီးတော့ ဖြစ်လာတာလဲ။ ဆူနာမီဆို ကျမတို့ သက်တမ်းလေးမှာကိုပဲ ၂၀၀၄ ခုနှစ် အိန္ဒိယဆူနာမီ၊ ၂၀၁၁ ဂျပန်ဆူနာမီဆိုပြီးတော့ ကျမတို့ မြင်တွေ့ကြားလိုက်ရတယ်။ အမှန်က ဆူနာမီဆိုတာ မရှိဘူးလား ဟိုးအရင်ကတည်းကရှိတယ်။ နှစ် ၁၀၀၊ ၁၀၀၀၊ ၅၀၀ လောက်မှာ ဖြစ်တဲ့ကိစ္စတွေ၊ သက်တမ်းတခုကို မမီနိုင်ဘူး။ ဒါမျိုးဖြစ်တယ်၊ ဟုတ်ပြီ ဖြစ်နေတဲ့ကြားထဲမှာ ဒီနှစ် ဗမာပြည်ရဲ့ရေဘေးဒဏ်ဟာ ဘာကြောင့် အရမ်းကို ဆိုးဆိုးဝါးဝါး ခံစားရလိုက်ရတာလဲ။ မေးခွန်းတခု ကျမတို့မြန်မာပြည်အတွက် ဖြစ်လာပြီ။ လူတိုင်းလည်းဖြစ်နေတယ်၊ ဖွံ့ဖြိုးပြီး နိုင်ငံနဲ့ မဖွံ့ဖြိုးသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမှာ ကွာခြားမှုတော့ရှိတယ်။ ကမ္ဘာရဲ့ သဘာဝပတ်ဝန်းကျင် ရိုက်ခတ်မှုတွေဟာ ပြင်းထန်လာတယ်၊ ပျက်စီးယိုယွင်းနေပြီ၊ ဒါပေမယ့် ဒါမျိုးတွေဖြစ်တဲ့အခါမှာ ခံရတဲ့ နိုင်ငံချင်း သေနှုန်းတွေ ပျက်စီးတဲ့နှုန်းတွေဟာ မတူကြဘူး၊ ဘာကြောင့်လဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသေအဆုံးတွေ နည်းတယ်၊ ပျက်စီးဆုံးရှုံးမှုနည်းတယ်၊ ကျမတို့လို ဖွံ့ဖြိုးဆဲနဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက ပိုခံရတယ်။ ဒါကျတော့ ဘာနဲ့သွားပြီးတော့ ကျမတို့က ကြည့်ရမလဲဆိုတော့ ကျမတို့ရဲ့ manangement (စီမံခန့်ခွဲမှု) ပေါ့၊ policy maker (မူဝါဒချမှတ်သူ) တွေ၊ ဥပဒေကိုင်တဲ့လူတွေ၊ ပြည်သူလူထုရဲ့ ဗဟုသုတကြွယ်ဝမှုတွေပေါ့ အဲဒီအပေါ်မှာသွားပြီးတော့ ကျမတို့ အဖြေရှာတွေ့တယ်လေ။ ကျမတို့တိုင်းပြည်ဟာ နှစ် ၅၀ လုံးလုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဆိုတာ မရှိခဲ့ဘူး။ ပြန်ပြီးတော့ ကျမတို့ဆန်းစစ်ကြည့်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုတာ ဘာနဲ့တည်ဆောက်ထားတာလဲ၊ မြေထု၊ ရေထု၊ လေထု။ အဲဒီ မြေထု၊ ရေထု၊ လေထုသည် လူသားတယောက်ရဲ့ စားဝတ်နေရေး အဲဒီအပေါ်မှာ အရမ်းအရေးကြီးပြီး မရှိမဖြစ်တဲ့အရာတွေ။ အဲလိုမျိုး ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူ့ရဲ့ဘ၀အခြေခံဖြစ်တဲ့ ၀န်ကြီးဌာနဟာ ကျမတို့ဗမာပြည်မှာ နှစ် ၅၀ လုံးလုံးမရှိခဲ့ဘူး။ ကျမတို့ ငယ်ငယ်က သင်ခဲ့ရတာကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ကျမတို့တိုင်းပြည်မှာ မှန်တယ် မြေပေါ်မြေအောက် သဘာဝသယံဇာတတွေ ပေါကြွယ်တယ်။ ဒါပေမယ့် အဲဒါကို ဘယ်လိုစောင့်ရှောက်ရမယ်၊ ဘယ်လိုထိန်းသိမ်းရမယ်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာ စာထဲမှာ လုံးဝ မသင်ခဲ့ရဘူး။ အဲဒီတော့ သဘာဝပတ်ဝန်းကျင်သည် ၂၁ ရာစုရဲ့ ဒီဘက်မှာမှ ပေါ်ထွက်လာတဲ့ ဘာသာရပ်အသစ်တခုဖြစ်တာလည်း ပါလိမ့်မယ်။ အနောက်နိုင်ငံကတော့ ဒါတွေကို ဂရုစိုက်တယ်။ ကျောင်းတွေမှာပြဋ္ဌာန်းတယ်၊ တက္ကသိုလ်တွေမှာ ပြဋ္ဌာန်းတယ်၊ စောစောပညာပေးမှုတွေရှိတယ်။ ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ဥပဒေတွေထုတ်တယ်။ အဲဒါကို သေသေချာချာ ဥပဒေကို ထိထိရောက်ရောက် အရေးယူကိုင်တွယ်ဖြေရှင်းတယ်ဆိုတော့ သူတို့မှာက ဖြစ်လာလို့ရှိရင် ဒါတွေဟာ အားသာမှုတွေပဲ။ ပျက်စီးဆုံးရှုံးမှုနည်းတာ ဒါ အားသာမှုပဲ။ ပြည်သူလူထုကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာတွေ အများကြီးပေးထားတယ်။ ဂျပန်မှာဆို ကလေးလေးတွေကို အမြဲတမ်း rehearsal drill (စမ်းသပ်လေ့ကျင့်မှု) လို လုပ်နေရတယ်။ သူတို့တိုင်းပြည်က ငလျင်လှုပ်တော့ ငလျင်လှုပ်ရင် ဘယ်လိုလုပ်မယ်၊ ဘယ်လိုနေရမယ်၊ အဆောက်အဦတွေဆိုရင် ဘယ်လိုမျိုး လှုပ်ရှားတဲ့ Base (အခြေပြု) ပေါ်မှာ ဆောက်မယ်၊ ဒါမျိုးတွေကအစ သူတို့တွေက စဉ်းစားတဲ့လူတွေလေ။ ကျမတို့ဆီမှာက ဖြစ်တော့မှ အထုပ်ပိုက်ပြီး သွားကူတာလောက်ပဲရှိတာ။ ဒါတောင်မှ ကျမတို့ လိုချင်တဲ့ တကယ့်ခက်ခဲတဲ့နေရာတွေကို အစိုးရရဲ့ဦးဆောင်မှု၊ အစိုးရတတ်နိုင်တဲ့ စက်ကိရိယာပစ္စည်းတွေမပါရင် ကျမတို့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဒါအကူလုပ်တယ်လို့ မရဘူး။

“အဲဒါတွေ ကျမတို့ဗမာပြည်မှာ အဓိကကတော့ ဒီလောက် ဆိုးဆိုးဝါးဝါး ဖြစ်သွားတာဟာ ပထမတချက်ကတော့ သစ်တောတွေ ကျမတို့ဗမာပြည် အင်မတန်ပေါပါတယ်။ ပဲခူးရိုးမ၊ ရခိုင်၊ တနင်္သာရီဆိုတာ သိပ်သိပ်သစ်တောတွေရှိခဲ့တာ။ ဒါတွေဟာ အခုတော့ တောင်ကတုံးတွေ ဖြစ်သွားပြီ။ အဲဒီတော့ သစ်တောပညာရှင်တွေ ပြောချက်အရဆိုရင် မြစ်တွေ၊ ချောင်းတွေရဲ့ထိပ်မှာ ရေဝေရေလဲဒေသတွေ မရှိတော့ဘူး။ သစ်ပင်တွေ မြေကြီးကို ထိန်းသိမ်းထားမယ့်၊ မြေအောက်ရေကို သိုလှောင်ထားမယ့် သစ်ပင်ကြီးတွေ မရှိတော့ဘူး။ မရှိတဲ့အခါမှာ မိုးကြီး ဒီလို ရက်ဆက်ရွာမယ်၊ မရွာဘူးတဲ့ လက်မတွေ ရွာလာမယ်၊ ဒါက ကမ္ဘာကြီးနဲ့အတူ ဖြစ်လာမယ့် ပတ်ဝန်းကျင်ရဲ့ ယိုယွင်းမှု၊ ကျမတို့ ရှောင်လွှဲလို့ မရဘူး။ ဒါပေမယ့် ခံရတာကျတော့ ကျမတို့ရဲ့အခံဖြစ်တဲ့သစ်တောတွေမရှိတော့လို့။ နောက်တခုက စီးပွားရှာတဲ့နေရာမှာ မြစ်တွေဟာ ကောလာတယ်။ ဥပမာ ဟိုးအရင်ကတည်းက မြစ်ချောင်းအင်းအိုင်မှာ အင်ဝိုင်းနဲ့ ရွှေရှာလာတာဟာ ကြာလှပြီ၊ ဒါပေမယ့် အဲဒီရွှေရှာတဲ့လူတွေဟာ တမူးတပဲကို ချိန်ခွင်လေးနဲ့ချိန်ပြီး ရတဲ့ပိုက်ဆံကို ဆီကလေးတဆယ်သား၊ ဆန်ကလေး နှစ်လုံးလောက်နဲ့ အိမ်မှာစားဖို့လောက်ပဲရှာတာ။ အခုဟာက လောဘတွေတက်ပြီးတော့ မြေကြီးတွေကို ရေနဲ့ထိုးချ၊ ဆိုင်ယာနိုက် တွေနဲ့ဆိုတော့ မြစ်တွေဟာ တိမ်ကောလာတယ်။ အဲတော့ အဲဒီနှစ်ခုပေါင်းတဲ့အခါကျတော့ မြစ်တွေရဲ့စီးဆင်းမှုဟာ နက်နက်ရှိုင်းရှိုင်းနဲ့ မြောင်းတခုသဏ္ဍာန်ပေါ့ သူစီးရမယ့်ဘောင်မဟုတ်ဘဲနဲ့ ဘေးကို မြစ်တွေက ကောပြီးတော့ ခုနပြောတဲ့ (အီရိုးရှင်းတွေ လန့်စလိုက်တွေ ၉း၂၂) တွေ ဖြစ်လာတဲ့ မြေတွေနဲ့ ဘေးကို လျှံထွက်တာတွေလည်းပါတယ်။ အဲဒီတော့ကျမတို့ဗမာပြည်ခံရတာကတော့ ဗမာပြည်အနေနဲ့ဆိုရင် အဲဒါကြောင့်လို့ ကျမပြောချင်ပါတယ်။”

မြေပြိုမှုတွေကျတော့ရော၊ ချင်းပြည်နယ် ဟားခါးမှာ  ရပ်ကွက် ၆ ခုအနက် ၅ ခုကို ရွှေ့ရမယ့်အခြေအနေ ရှိတယ်လို့ ပြည်နယ်အစိုးရ၀န်ကြီးတွေက ပြောကြတယ်။ မြေပြိုတာကရော သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်သလား။

“အဲဒါကျတော့ ကျမစိတ်ထင် (ဂျီအော်လော်ဂျီ) ပိုင်းနဲ့တော့ ဆိုင်မယ်ထင်တယ်။ သူ့ရဲ့ မြေအနေအထား အတွင်းအပြင်ပေါ့လေ။ တခုရှိတာက ရာသီဥတုတွေက ပုံမှန်မဟုတ်တော့ဘူးလေ။ အဲဒီတော့ မြေပေါ်မှာ ဘယ်လို (အဖက်တစ်) ဖြစ်မလဲပေါ့လေ။ သူ့ရဲ့ ရေစီးကြောင်းတွေ၊ သူတို့ဆီမှာရော ဒီလောက်တောင် မိုးတွေ ရွာခဲ့ဖူးသလား၊ ကျမတို့ ကြားသလောက်တော့ အဲလောက်ကြီး မရှိခဲ့ဖူးဘူးလေ။ မိုးကို လက်မမှာ အရင်က တနှစ်လုံးနေမှ လက်မနည်းနည်းရွာတဲ့နေရာက ရက်ဆက်ကို မရွာဘူးတဲ့ မိုးရေချိန်လက်မတွေ ရွာလိုက်တော့လည်း အခုခံဖြစ်တဲ့ အောက်ခံတွေကလည်း သစ်တောလိုမျိုးတွေ မရှိတဲ့အခါကျတော့ ဆိုးဆိုးဝါးဝါး ဘေးတွေဖြစ်ကုန်တယ်လို့ ကျမထင်ပါတယ်။"

ဗမာပြည်မှာ ရေဘေးက လူ ၁၀၀ လောက် သေဆုံးခဲ့ရတယ်ပေါ့နော်။  မြန်မာ့ရေဘေးအပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်းကြီး ၀င်တယ် ဒီလောက် လူမသေဘူး။ နှိုင်းယှဉ်ချက်အရ ကြိုတင်ပြင်ဆင်မှု အားကောင်းလို့လား။ ဘာကြောင့်ပါလဲ။

“ကျမ ပြန်ပြီးတော့ပေါ့ ရေဘေးအန္တရာယ်၊ ကျမတို့လည်း နာဂစ်တုန်းက တပတ်အလွန်မှာ ကယ်ဆယ်ရေးတွေ ထွက်သွားဖူးတယ်လေ။ လူတွေက ဘာဖြစ်လဲဆိုရင် ကယ်ဆယ်ရေးကတော့ ကျမတို့ရဲ့ ဗမာ့ရဲ့ ပရဟိတစိတ်ဓာတ်ကြောင့် ရောက်သွားကြတာ၊ ဘယ်သူတောင်းတောင်း မတောင်းတောင်း။ ဟုတ်ပြီ ဒါပေမယ့် ခက်ခဲတဲ့ ဒီဘက်ကို ဆက်သွားဖို့ကျတော့ လူတွေမှာ အခက်အခဲ ရှိလာတယ်လေ။ အဲဒီအခါကျတော့ ကြုံရာဆုံရာမှာ ရပ်လို့ရတဲ့နေရာပေါ့ ဆက်သွားလို့မရတဲ့ နေရာကျရင် အကုန် အထုပ်အပိုးတွေ ချတဲ့အခါကျတော့ လိုအပ်တဲ့နေရာတွေမှာ မရောက်တော့ဘူးပေါ့နော်။ အဲဒီအခက်အခဲလေးတွေက ရေဘေးမှာလည်း အခုလိုမျိုး လာတွေ့ရတယ်လေ။ အဲဒီတော့ ဒါမျိုးသာ ကျမတို့က ဖြစ်တိုင်းဖြစ်တိုင်း သဘာဝကပ်ဘေးကို ဒီနည်းနဲ့ ဖြေရှင်းနေမယ်ဆိုရင် ဒါဟာ မုန့်လုံးစက္ကူကပ်နေမှာပဲ။ အဲဒီတော့ ခုနပြောသလိုပဲ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေ ဘာကွာခြားချက်လဲ၊ ဖြစ်တာလည်း တကမ္ဘာလုံးက ခံနေရပြီ။ ဒါပေမယ့် လူအသေအပျောက်နဲ့ ဖြစ်လာလို့ရှိရင် action ပေါ့၊ action plan သွားတဲ့ တကယ့် emergency ဆိုတာကို ဘယ်လို action ယူကြသလဲဆိုတဲ့ နည်းစနစ်တွေလိုလာပြီ ကျမတို့ ဗမာပြည်က။ အဲဒီမှာ အားနည်းတယ်ရှင့်။ အထူးသဖြင့်ပေါ့ ကျမတို့မှာ တဦးချင်းပဲ ဒါတောင်မှ လက်ထဲမှာ လူတိုင်း တယ်လီဖုန်းလေးတွေ ကိုင်နိုင်လို့ ဖေ့စ်ဘွတ်ခ်မှာ ‘ကျနော့်ကားကို ယူသုံးပါဗျာ အချိန်မရွေး၊ ဒရိုင်ဘာတော့ မရှိဘူး’ ဆိုတဲ့ message လေးတွေ၊ ‘ဟာ စောင်တွေလှူချင်ရင် ကျမတို့ကတော့ ဈေးလျှော့ပေးပါ့မယ်’ ဆိုတဲ့ ဒီ message တွေကို ကျမတို့ စုဆောင်းဖို့လိုတယ်။ ဥပမာ-မန္တလေးမှာ ဟိုတယ်ဆောက်ရင်းနဲ့ စင်တွေပြိုကျတဲ့လူကိုတောင် ကယ်ဖို့ကို တော်တော်ခက်ခဲတာလေ။ ဒါဟာ ကွက်ကွက်လေးပဲရှိသေးတယ်၊ တပြည်လုံးမဟုတ်သေးဘူး။ အဲဒီတော့ ကျမကတော့ ဗမာပြည်အနေနဲ့ဟာ data call center တွေ လုပ်ထားဖို့လိုပြီလို့ ကျမထင်တယ်လေ။ data တွေ စုထားရမယ်။ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျမတို့က ဘယ်အချိန်မှာ ဘယ်သူက ဘာကိုပေးမယ်ဆိုတာ အခုကတည်းက data ကောက်ထားရင် ဒီဟာလေးဟာ မြန်မြန်ပေါ့လေ၊ ဖြစ်တာချင်း တူတူတောင်မှ ကျမတို့ စောစော အသက်တွေကို ကယ်နိုင်လိမ့်မယ်လို့ ထင်တယ်။ အခု ဒီငြမ်းလေးပြိုကျတာပဲ ဒီသံချောင်းတွေဖြတ်ဖို့ လူတွေဟာ လုံးပမ်းလိုက်ရတာ။ သူများတိုင်းပြည်မှာဆို ဒီလောက်ကလေးဖြစ်တဲ့ဟာ ချက်ခြင်း အသက်ကယ်ကားပေါ်ကို ရောက်သွားပြီ။ မရောက်ခင်ဘဲ ကုပြီးနေပြီ။ အဲဒါမျိုးတွေက ကျမတို့နိုင်ငံမှာ အရမ်းပဲ အားနည်းပါတယ်။”

စစ်ကိုင်းတိုင်း ကလေးမြို့မှာဆို ပြီးခဲ့တဲ့ ရေကြီးတုန်းက မြို့ဝင်မုခ်ဦးမြုပ်လုဆဲ ဖြစ်ခဲ့တယ်။ ပညာရှင်တွေကပြောတယ်၊ နောက်လာမယ့်လ စက်တင်ဘာမှာ မြန်မာနိုင်ငံမှာ ရေကြီး လေကြီးတာတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ခန့်မှန်းနေတယ်။ မြန်မာနိုင်ငံမှာ အလားတူ ဘေးအန္တရာယ်တွေ ရင်ဆိုင်ရဖို့အတွက် ဘာတွေ ပြင်ဆင်ထားဖို့ အကြံပြုနိုင်မလဲ။

“ကျမ ဟိုနေ့က အမ်အာရ်တီဗွီမှာ ပြောခဲ့သလိုပေါ့၊ ဟို အုပ်ချုပ်တဲ့အစိုးရပေါ့၊ အုပ်ချုပ်တဲ့အစိုးရမှာ စစ်တပ်ပါတယ်၊ အခုတော့ လူဝတ်လဲသွားတာကိုး။ အခုက စစ်တပ်ဆိုတဲ့ တခုဟာလည်း ရှိနေတယ်၊ တပ်မတော်ပေါ့။ ရှိနေရင် ဒါ စစ်ရေးပြတဲ့အချိန်မှာ ဒီပစ္စည်းတွေက ထုတ်ပြရမှာမဟုတ်ဘူး ပြည်သူကို။ စစ်ဖြစ်မှ ပြည်သူရဲ့ အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမှာ မဟုတ်ဘူး။ ကျမတို့ ဒီလို သဘာဝဘေးအန္တရာယ်ဖြစ်ရင်လည်း ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့။ အခုမှ ဒါက နောက်ပိုင်းတွေတော့ လုပ်လာပြီပေါ့ရှင်၊ ရှင်တို့လည်း မြင်မှာပေါ့နော် အင်း အကြီးအကျယ်ကို တခါတည်း လေယာဉ်တွေနဲ့ရော ဘာနဲ့ရော။ ဟာ ကြည့်လိုက်တာနဲ့ အကုန်လုံးက ဒါ အားလုံးတပ်မတော်က ကူညီနေတာပဲ၊ အစိုးရက ကူညီနေတဲ့ပုံတွေ ပါနေတာပဲ။ အဲဒီတော့ ဒါဟာ အမှန်က emergency ဆိုတဲ့အချိန်မှာ အဲဒီပုံတွေဟာ အရင်ဆုံး ဇူလိုင်လကတည်းက ဖြစ်နေတဲ့ အချိန်ကတည်းက ဒါတွေက လှုပ်ရှားပြီး ပါဝင်နေရမှာလေ။ အခု အရပ်ဘက်တွေ အကုန်လုံးသွားပြီးတော့မှ အနောက်ဘက်ကလိုက်တာ မဖြစ်ရဘူး။ ဦးဆောင်တဲ့နေရာမှာ ရှိရတယ်။ နောက်တော့ သတင်းကြားတာကတော့ ပစ္စည်းတွေက အဆင်သင့်ပဲ၊ ဒါပေမယ့် ခွင့်ပြုမိန့်ကို အဆင့်ဆင့်တင်နေရတယ်။ ခွင့်ပြုမိန့်ကျတော့မှ ဒါတွေဟာ ပို့လို့ရတယ်ဆိုတာဟာ emergency ဆိုတဲ့ အရေးပေါ်ဆိုတာဟာ သက်ဆိုင်ရာ အဆင့်ဆင့်ကို လုပ်ပိုင်ခွင့်အာဏာ ပေးထားရမယ်။ နော် ဒါမှလည်း အလျင်အမြန်လုပ်နိုင်မှာလေ။ တကယ်လို့ ဒီစနစ်ကြီးကို ဒီလိုပေးမထားလို့ အောက်က လူစိတ်ရှိတဲ့လူက အလုပ်ပြုတ်ချင်လည်းပြုတ်ကွာ ဆိုပြီးတော့ သူလုပ်နိုင်တဲ့အာဏာထဲက သူကယ်လို့ရှိရင် ဒီလူဟာ ဒါတွေပြီးသွားရင် ထုချေလွှာ တောင်းခံထိတာတို့၊ ရာထူးချခံထိတာတို့ ဒါတွေဟာ ဖြစ်လာတာ။ အဲဒီတော့ ဘယ်သူမှ မလုပ်ရဲဘူး။ ဒီတော့ ဒါတွေကိုလည်း လျှော့ချဖို့လိုတယ်။ နောက်ပြီး ဒီအချိန်မှာ အစည်းအဝေး အေးအေးဆေးဆေး ခေါ်ရမှာမဟုတ်ဘူး။ တခါတည်း အရေးပေါ်ဟာ အရေးပေါ်နဲ့ တူအောင်ကို လုပ်ကြရမှာလေ။ ဒါကိုလည်း အစောကြီးကတည်းက ၂၀၁၃ ခုကတည်းက သဘာဝဘေးအန္တရာယ်ဆိုတာ ဥပဒေနဲ့ပြဋ္ဌာန်းပြီးတော့ ဖွဲ့စည်းခဲ့ပြီပဲ။ အဲဒီတော့ ဒါဟာ ဒေါ်လေးတို့ မြန်မာနိုင်ငံ အခုလို အရမ်းနောက်ကျပြီး အစစအရာရာမှာ ဒုက္ခရောက်နေတာဟာ အားလုံး လက်မှတ်တွေကတော့ နိုင်ငံတကာမှာ ၀င်ထိုးတယ်။ တိုင်းပြည်ထဲမှာလည်း ဥပဒေတွေ ထုတ်တယ်။ အဲဒါတွေဟာ အာဏာသက်ဝင်မှုမရှိဘူး။ စာအုပ်ထဲမှာပဲ ဖြစ်နေတဲ့အတွက်လို့ ဒေါ်လေးတော့ ထင်တယ်လေ။ အဲဒီတော့ ဒါတွေကို ပြဋ္ဌာန်းထားတာတွေ၊ ဖွဲ့စည်းထားတာတွေကို ဒီလိုမျိုး သဘာဝ ဘေးအန္တရာယ်တွေ ရောက်လာရင် အစိုးရကနေ ဦးစီးဦးဆောင်၊ တပ်မတော်ဆိုရင် ရေတပ်၊ လေတပ် အကုန်ရှိတယ်။ ဒါတွေဟာ ကျွမ်းကျင်ပြီးတော့ သင်တန်းတွေပေးထားပြီးသား။ အရပ်ဘက်ကသွားတာ အခု လှေမှောက်သေတာတို့၊ ရေမကူးတတ်တဲ့လူနဲ့ ဟုတ်တယ်မဟုတ်လား ဒါတွေ ရင်ဆိုင်နေရတယ်လေ။ ဒါကြောင့် ဒီနေရာမှာ ရေတပ်တို့၊ လေတပ်တို့ သွားမယ်ဆိုရင် သူတို့တောင်မှ ကွန်ပလိန်းတက်တာပဲ။ တချို့နေရာတွေ ဟယ်လီကော်ပတာ ဆင်းလို့မရဘူး၊ ဘယ်လိုဖြစ်လို့ ညာလိုဖြစ်လို့ဆိုတာ ပြောတာလေ။ အဲဒီတော့ ဒီအရပ်သားတွေက ဘယ်လိုလုပ်နားလည်မှာလဲ။ အဲဒီတော့ ဒေါ်လေးပြောတာက စစ်ရေးပြအခမ်းအနားတွေမှာတင် ဒါတွေကို ထုတ်ပြီးမပြပါနဲ့ တကယ်လိုအပ်တဲ့အချိန်မှာ ထုတ်သုံးပါလို့ နော်။

ရေဘေးသင့်ပြည်သူတွေအတွက် လက်ရှိကာလ ပြန်လည်ထူထောင်ရေးအပေါ် ဆရာမကြီးအမြင် ပြောပြပါ။

“လူတွေက ပြန်လည်ထူထောင်ရေးဆို စီးပွားရေးကို တန်းမြင်တာ။ ဘာဖြစ်လို့လဲဆိုတော့ လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့အတွက် လယ်ယာမြေကို မျိုးစေ့တွေ၊ စက်တွေ ဘာတွေ လုပ်ရမယ်ဆိုပြီးတော့ အစိုးရကိုက ဒါကို သတင်းစာထဲမှာ အကျယ်တ၀င့်လုပ်နေတာ။ အမှန်က မဟုတ်ဘူး သူ့ Step က။ အရင်ဆုံး လူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဖြစ်နေတဲ့ ကျန်းမာရေးကို အရင်ကုသမှရမှာ။ အ၀တ်တထည်ကိုယ်တခုနဲ့ ပြန်သွားရင် ဘာမှ လုပ်စားစရာမရှိတဲ့ လူတွေဟာ စိတ်ဓာတ်မခိုင်မာတဲ့လူဆို ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေနိုင်တယ်။ အဲဒီတော့ ဒီစိတ်ဓာတ်တွေကိုပါ ဒေါ်လေးတို့က ကုသပေးရမှာ။ ဒါတွေပြီးသွားတော့မှ လူ့ရဲ့ စိတ်ဓာတ်တွေ၊ ခွန်အားတွေ ပြန်ရတော့မှ စီးပွားရေးဆိုတာ လုပ်နိုင်မှာလေ။ အခုနေသွားပြီး မျိုးစေ့ချချ၊ စက်တွေ ဘယ်လောက်ပဲ အနောက်နိုင်ငံကလှူလှူ၊ လူတွေက မကျန်းမာဘဲ စိတ်ဓာတ်ကျနေရင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးလုပ်ရမယ်။ ဒုတိယ communication လမ်းတွေ၊ တံတားတွေလုပ်ရမယ်။ ကြေးနန်းဆက်သွယ်ရေးတွေ လုပ်ရမယ်။ ဘာကြောင့်လဲ၊ အခု ရေကျသွားတဲ့အခါမှာ သေတဲ့လူတွေကို သယ်ဖို့တွေ လိုတယ်လေ။ ဒီအတိုင်း အပုပ်လိုက်ကြီးထားလို့ မရဘူးနော။ လူလက်လှမ်းမမီတဲ့ နေရာတွေ။ နောက်ပြီး မသေဘဲကျန်ပြီးတော့ နမိုးနီးယား အကြီးအကျယ်ဖြစ်တဲ့လူဟာ ဒက်ကိုဂျင်တို့၊ ဖလူဇာတို့နဲ့ ကုလို့မရဘူး၊ ဆေးရုံအရောက်ပို့ပေးရမယ်။ အဲဒါက လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းဘူးဆိုရင် ဒေါ်လေးတို့ ဘယ်လိုလုပ်ပို့မလဲနော်။ အမှန်က ဆန်အိတ်ချတဲ့ ဟယ်လီကော်ပတာသည် အခုအချိန်အထိ ပြည်သူအတွက်ဘက်မှာ ရှိနေရမယ်။ ဆေးရုံတွေ ပို့ပေးရမယ် emergency တွေ ထွက်လာလိမ့်မယ်နော် ရေကျသွားတဲ့အခါမှာ။ အဲ နောက်တော့မှ စီးပွားရေးကို ပြန်ပြီး ဦးမော့အောင် လုပ်ရမှာက လူတွေရဲ့ ခွန်အားရော၊ စိတ်ဓာတ်ရော ပြန်လည်ပြီးတော့ ကျန်းမာလာတဲ့အခါကျရင် အစိုးရကနေ ဦးဆောင်ပြီးတော့ လုပ်ရမယ်။ အဲဒီအခါကျရင် အရပ်ဘက်အဖွဲ့အစည်း လုပ်လို့မရဘူး။ သူတို့ နိုင်ငံခြားကနေ နည်းပညာတွေ၊ အမြန်ဆုံးဖြစ်နိုင်တဲ့ဟာတွေ အကူအညီတွေ အဲဒါတွေ တောင်းရမှာက သူတို့ ဦးဆောင်လုပ်ရမှာ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013