DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်ရန် အမတ်လောင်း ၅၄ဝ၀ ကျော် စာရင်းသွင်း
DVB
·
August 14, 2015
ရွေးကောက်ပွဲဝင်ရန် အမတ်လောင်း ၅၄ဝ၀ ကျော် စာရင်းသွင်း
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေတင်သွင်းဖို့ သတ်မှတ်ရက် ဒီကနေ့ နောက်ဆုံးရက်ဖြစ်ပြီး တသီးပုဂ္ဂလ အပါအ၀င် နိုင်ငံရေးပါတီ ၉၀ လောက်က ကိုယ်စားလှယ်လောင်းပေါင်း ၅၄ဝ၀ ဦး ကျော် စာရင်းသွင်းထားပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ကော်မရှင်ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၃ ရက်ထိ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စား လှယ်လောင်းအရေအတွက် ၁၅၄၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၉၁ ဦး၊ ပြည်နယ်တိုင်းလွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးစုမဲဆန္ဒနယ် အတွက် ၃၀၇၂ ဦး စုစုပေါင်း ၅၄၀၈ ဦး ရှိနေပြီဖြစ်ပါတယ်။

ကိုယ်စားလှယ် စာရင်းလာသွင်းတဲ့ ၈၉ ပါတီထဲမှာ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁၀၈၈ ဦးနဲ့ အများဆုံးဖြစ်ပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၀၃၇ ဦးနဲ့ ဒုတိယ အများဆုံး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၇၃၀ နဲ့ တတိယ နေရာအများဆုံး ၀င်ပြိုင်မှာပါ။

အမျိုးသားတိုးတက်ရေးပါတီက ၂၈၃ နေရာ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကတော့ ၂၃၆ နေရာနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၆ နေရာနဲ့ တသီးပုဂ္ဂလ အမတ်လောင်းကတော့ ၂၃၂ ဦးရှိပါတယ်။

တိုင်းရင်းသားပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)က ၁၉၇ နေရာနဲ့ အများဆုံးဖြစ်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီက ၁၂၆ နေရာ၊ ကရင်ပြည်သူ့ပါတီက ၁၁၈ နေရာ၊ ရခိုင်အမျိုးသားပါတီ ၆၄ နေရာ၊ မွန်အမျိုးသားပါတီ ၅၁ နေရာ စသဖြင့် အသီးသီးစာရင်းသွင်းထားပြီးဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ လွှတ်တော် အသီးသီးကနေ ၀င်ပြိုင်မယ့် ကိုယ်စား လှယ်လောင်း စာရင်း တင်သွင်းရက်ကို မူလက သြဂုတ်လ ၈ ရက် နောက်ဆုံး သတ်မှတ်ထားရာက မြန်မာနိုင်ငံ တ၀န်းရေဘေးနဲ့ကြုံတွေ့နေရတာကြောင့် သြဂုတ် ၁၄ ရက်ထိ ရွေးကောက်ပွဲ ကော်မရှင်က ရက်ထပ်တိုးပေးထားတာဖြစ်ပါတယ်။

လက်ရှိတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေ ရုပ်သိမ်းလိုပါက သြဂုတ်လ ၁၇ ရက်နောက်ဆုံးထား ရုပ်သိမ်းနိုင်ပြီး သြဂုတ်လ ၁၈ မှ ၂၇ ထိ ကိုယ်စားလှယ်လောင်းတွေ စိစစ်ပြီးပါက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အပြီးသတ်နောက်ဆုံး စာရင်းကို ကော်မရှင်က အတည်ပြုကြေညာပေးရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013