DVB Logo
Home
Lead Story
ရှက်ဖီးကစားသမား ကလယ်ဟဲ နှင့် မေးမြန်းချက်
DVB
·
August 14, 2015
ရှက်ဖီးကစားသမား ကလယ်ဟဲ နှင့် မေးမြန်းချက်
1 / 3
Donate to DVB

ပထမဦးဆုံး မောင်လေးရဲ့ နာမည်နဲ့ အသက်ကို အရင်ပြောပြပေးပါဦး။

“ကျနော့်နာမည်အပြည့်အစုံကတော့ ကလယ်လော်အယ်မူးဟဲ၊ ကျနော့်အသက် ၁၈ နှစ်ပါ။ လာမယ့် အောက်တိုဘာလမှာ ၁၉ နှစ် ပြည့်မယ်။”

မွေးတာက ဘယ်မှာမွေးတာလဲ။

“ကျနော် ခွေးကလုပ်မှာ မွေးတယ်။ ဒါပေမယ့် နောက်ပိုင်း ကျနော်တို့ မိသားစု အုန်းဖျန်ဒုက္ခ သည်စခန်းကို ပြောင်းနေတယ်။ ကျနော့်အသက် ၁၀ နှစ်မှာ အင်္ဂလန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။”

အင်္ဂလန်ကို ဘယ်ပုံစံနဲ့ ရောက်သွားတာလဲ။

“ကျနော်က ဒုက္ခသည်အနေနဲ့ အင်္ဂလန်ကို ရောက်သွားတာ။ ယူအန်အိပ်ခ်ျစီအာ အစီအစဉ် အကူအညီနဲ့ပေါ့။”

ဒါဆို ထိုင်းနိုင်ငံအတွင်းမှာပဲ မွေးတာလား။

“ဟုတ်ကဲ့ ကျနော် ထိုင်းနိုင်ငံတွင်းက (ခွေးကလုပ်) မှာ မွေးတယ်။”

မွေးစာရင်း ရှိလား။

“မရှိဘူးဗျာ။”

အင်္ဂလန်ကို ရောက်ပြီးနောက်ပိုင်း ဘာတွေလုပ်လဲ။ အဲဒီက အတွေ့အကြုံလေး ပြောပြပါဦး။

“ကျနော် အင်္ဂလန်ရောက်ပြီးနောက်ပိုင်း ကျူနီယန်ကျောင်းမှာ ကျောင်းတက်တယ်။ အဲဒီအချိန်က ၅ တန်းလောက်ကနေ ကျောင်းစတက်တယ်။ ကျနော် ၁၁ တန်းရောက်တော့ ကျောင်းက ဘောလုံးအသင်းရဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ကစားတဲ့အဖွဲ့နဲ့ ကစားတယ်။ ရိုးရိုး ကစားတဲ့အဖွဲ့အနေနဲ့ ကစားတာပေါ့။ နောက်ပိုင်း အကယ်ဒမီဘောလုံးအဖွဲ့တွေက ကျနော်ကစားတာတွေ့တော့ အကယ်ဒမီအဖွဲ့နဲ့ သွားလျှောက်ခိုင်းတယ်။ အဲမှာ အကယ်ဒမီအသင်းနဲ့ ကစားခွင့်ရခဲ့တယ်။ ကျနော် အဲဒီ ဘောလုံးအကယ်ဒမီ ဘောလုံးအသင်းမှာ ၀င်ရဖို့ ကျနော် ၃ ကြိမ်တောင် သွားကစားခဲ့ရတယ်။ ပထမတကြိမ်သွားတော့လည်း အရွေးမခံရဘူး၊ ဒုတိယအကြိမ်မှာလည်း အရွေးမခံခဲ့ရဘူး။ ဒါပေမယ့် ကျနော်ဆက်လေ့ကျင့်တဲ့အတွက် တတိယအကြိမ်မှာ ကျနော်တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ”

ဘယ်အချိန်က အကယ်ဒမီအသင်းမှာ ရွေးချယ်ခံရတာလဲ။

“ကျနော့်အသက် ၁၅ နှစ်မှာ ရွေးချယ်ခံရတာပါ။”

[caption id="attachment_107607" align="alignright" width="300"]ဓာတ်ပုံ - ကလယ်ဟဲဖေ့စ်ဘွတ်ခ်။ ဓာတ်ပုံ - ကလယ်ဟဲဖေ့စ်ဘွတ်ခ်။[/caption]

ရွေးချယ်ခံရပြီးကတည်းက အခုချိန် ကစားခဲ့တဲ့ အတွေ့အကြုံလေး ပြောပြပါဦး။

“ဒီလိုပါပဲ။ ကျနော် မနက်ပိုင်း ကစားကျင့်တယ်။ ညနေပိုင်း အနားပြန်ယူတယ်။ နေ့တိုင်းလုပ်တယ်။  နောက်ပြီး တခြားပြည်နယ်။ တခြားနိုင်ငံတွေမှာလည်း သွားကစားတယ်။ အဲဒီမှာ အတွေ့အကြုံ များလာတာပေါ့။ အခု ကျနော့်ထက်ကြီးတဲ့သူနဲ့ ကစားရပေမယ့် ကျနော့်အတွက် ဘာမှ မဟုတ်တော့ဘူးပေါ့။ အရင်တုန်းက ကျနော်ငယ်တော့ နည်းနည်းကြောက်တာပေါ့။ အခုတော့ အတွေ့အကြုံလည်း အများကြီး ရှိလာပြီဆိုတော့ လူကြီးလူငယ် ကျနော် မကြောက်တော့ပါဘူး။

“ကျနော် ၁၁ တန်းပြီးတဲ့နောက်ပိုင်း  ရှက်ဖီးယူနိုက်တက်ကလပ်အသင်းမှာ ၂ နှစ်ကစားဖို့ ကမ်းလှမ်းခံရတယ်။ ၂ နှစ်ပြည့်တဲ့အခါကျတော့ ကျနော့်ကို ပရော်ဖက်ရှင်နယ် ကစားဖို့ ၁ နှစ်စာချုပ် ချုပ်ဆိုတယ်။ ဘယ်လိုပြောရမလဲ ကျနော့်ကို ကလေးကစားသမားလို မဟုတ်ဘဲ၊ ပရော်ဖက်ရှင်နယ် ကစားသမားအနေနဲ့ သတ်မှတ်လိုက်တာပေါ့နော်။ ဒါကြောင့် အခု ပရော်ဖက်ရှင်နယ် ကစားသမားအနေနဲ့ လေ့ကျင့်ပေးတာပေါ့။”

ဒီလို ပရော်ဖက်ရှင်နယ် ကစားသမားတယောက်အနေနဲ့ ရွေးချယ်ခံရတဲ့အပေါ် ဘယ်လို ခံစားရလဲ။

“ခက်ခဲမှုတွေတော့ ရှိမယ်။  ကျနော့်ထက် လူကောင်ကြီးတာ၊ ကျနော့်ထက် အားကြီးတာတွေ ရှိမယ်။ ဒါပေမယ့် ကျနော့်အသက်က ၁၈ နှစ်ပဲ ရှိပါသေးတယ်။ နောက်ထပ် နှစ်တွေ ကျနော်အစွမ်းကုန် ကြိုစားသွားမယ်။”

သတင်းတွေတော်တော်များများမှာ မြန်မာနိုင်ငံကိုယ်စားပြု ကစားချင်တယ်လို့ ပြောဆိုထားတာ တွေ့တယ်။ ဘာကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြုကစားချင်တာလဲ။

“ကျနော် ထိုင်းနိုင်ငံအသင်းမှာ ကစားချင်တယ်။ ဒါပေမယ့် သူတို့ ကျနော့်ကို မခေါ်ဘူး။ ဗမာကတော့ ကျနော့်ကို ခေါ်တယ်။ ဗမာပြည်ကစားသမားတွေကို ပြောရမယ်ဆိုရင် အထင်သေးကြတာပေါ့။ ကျနော်ကတော့ ကစားတာ ဘယ်လောက်ကောင်းလဲဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမယ့် ကျနော့်ကို အခွင့်အရေး ပေးမယ်ဆိုရင် သူတို့အတွက် ကျနော်ကစားပေးချင်တယ်။ ကျနော့်အနေနဲ့ ဗမာပြည်မှာ အတွေ့အကြုံလည်း ရချင်တယ်။ ဗမာပြည်ကိုယ်စား ကစားချင်တယ်။ အာရှနိုင်ငံတွေမှာ ကစားချင်တယ်။”

ဒါဆိုရင် အာရှမှာ ကစားဖို့ ဖိတ်ခေါ်တာတွေရှိလား။

“ဒီက ကျနော့် ဆရာတွေတော့ သွားခိုင်းတာပဲ။ ကျနော့်ကို ဗမာပြည်အတွက် သွားကစားခိုင်းတယ်။ သူတို့ကတော့ ဒီလိုကစားခြင်းအားဖြင့်လည်း ကျနော့်အတွက် အတွေ့အကြုံကောင်းတွေ ရမယ်ပေါ့။”

ဒါဆို အာရှမှာ ဘယ်တော့လာကစားဖို့ရှိလဲ။

“အဲဒါတော့ ကျနော်မသိသေးဘူး။ လက်ရှိ ဗမာပြည်က တာဝန်ရှိသူတွေအနေနဲ့ ကျနော့်အတွက် စာရွက်စာတမ်းတွေ ပတ်စ်ပို့ လုပ်ပေးနေတယ်။ အဲဒါ အဆင်ပြေမယ်ဆိုရင်တော့ လာမယ့် စက်တင်ဘာလမှာ နယူးဇီလန်နဲ့ ကစားမယ့်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်။ ဒါကတော့ ဆုတောင်းရမှာပေါ့။ ကျနော်နဲ့ ထိုက်တန်တယ်ဆိုရင်တော့ ကစားခွင့်ရမှာပေါ့။”

ဒါဆို အခုက မြန်မာပြည်က တာဝန်ရှိသူတွေက ပတ်စ်ပို့ လုပ်ပေးနေတယ်ပေါ့။ အဲလိုလား။

“ဟုတ်ကဲ့။ သူတို့က ကျနော့် အင်္ဂလန်ပတ်စ်ပို့ စွန့်ပစ်ဖို့ ပြောတယ်။ ဒါပေမယ့် ကျနော်က မစွန့်ပစ်နိုင်ဘူး။ ဗမာပြည်ရဲ့ဥပဒေအရ ပတ်စ်ပို့ ၂ ခု ကိုင်ခွင့်မရှိဘူး။ ကျနော့်ကို တကယ်မြန်မာအသင်းမှာ ကစားစေချင်တယ်ဆိုရင်တော့ နောက်ထပ်နည်းလမ်းတခု ရှာပေးပေါ့။ ကျနော့်အနေနဲ့ကတော့ ဗမာပြည်ပတ်စ်ပို့ကိုတော့ အသုံးပြုချင်တယ်။ ဒါပေမယ့် အင်္ဂလန်ပတ်စ်ပို့ကို မစွန့်လွှတ်နိုင်ဘူး။ ဒါပေမယ့် အခုတော့ ကျနော့်ကို ၂ ခုလုံးသုံးဖို့ အခွင့်အရေးပေးထားတယ်။ ကျနော့်အနေနဲ့ သူတို့လုပ်ပေးတဲ့ စာရွက်စာတမ်းတွေ အဆင်ပြေသွားတယ်ဆိုရင် စက်တင်ဘာမှာ အာရှဘက်ကို လာဖို့ ရှိပါတယ်။  ကျနော့်ကရင်လူမျိုးတွေကတော့ ကျနော့်ကို ဘာပြောမလဲ မသိဘူး။ ဒီဗမာပြည်က အသင်းမှာ ၀င်ရောက်ပါဝင်တဲ့အတွက်၊ ဒါပေမယ့် ကျနော့်ကို အားပေးစေချင်ပါတယ်။ ကရင်လူမျိုးတွေ တချို့က ကျနော့်ကို ထိုင်းမှာ ကစားစေချင်တယ်။ တချို့ကတော့ ဗမာပြည်အတွက် ကစားစေချင်တယ်။ ဒါပေမယ့် ထိုင်းက ကျနော့်ကို မခေါ်တဲ့အတွက် ကျနော်ကတော့ ဗမာပြည်အတွက် ကစားမှာပါ။”

မောင်လေးရဲ့ မိဘတွေ ဒုက္ခသည်စခန်းမရောက်ခင် ဗမာပြည်တွင်း ဘယ်နေရာမှာ နေခဲ့ဖူးလဲ။

“ကျနော့် ဆွေမျိုးတွေတော့ ဘားအံမှာ ရှိတယ်။ ကျနော့်ဆွေမျိုးတွေကိုတော့ တခါမှမတွေ့ဖူးဘူး။ ဒါပေမယ့် ကျနော် ဘားအံမှာရှိတဲ့ ဆွေမျိုးတွေနဲ့ တွေ့ဆုံခွင့်ရမယ်ဆိုရင်တော့ ကျနော်အရမ်း ၀မ်းသာမှာပါ။ ဗမာပြည်အနေနဲ့ လာကစားတဲ့အခါကျရင်ပေါ့။”

မောင်လေးက ကရင်လူမျိုးတယောက် ဖြစ်တယ်။ ဘောလုံးကစားရာမှာ ထူးချွန်သူ တယောက်အနေနဲ့ ကမ္ဘာက သိလာတယ်။ အခုက ပရော်ဖယ်ရှင်နယ်အဆင့်အထိ ရောက်လာတဲ့ပေါ် မောင်လေးရဲ့ ကရင်လူမျိုးတွေ၊ ဗမာပြည်သူပြည်သားတွေကို ဘာတွေ ခွန်အားပေးချင်တာမျိုးတွေ ရှိလဲ။

“ပထမဦးဆုံး အနေနဲ့ကတော့ ကျနော်က ခရစ်ယာန်တယောက် ဖြစ်တယ်။ အခုမှ တက်သစ်စလူငယ် ဖြစ်တယ်။ ဒါပေမယ့် နေ့စဉ် ကျနော့်ကစားလေ့ကျင့်မှုမှာ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လက်ထဲ အပ်တယ်။ တခါတလေလည်း ကစားတာ ကောင်းတယ်။ တခါတလေလည်း မကောင်းဘူး။ ဒါပေမယ့် ကျနော့်ရဲ့ ယုံကြည်ချက်ကိုတော့ လက်မလျှော့ဘူး။ ကျနော်အောင်မြင်မယ်လို့ ယုံကြည်တယ်။ ကျနော့်ထက် ကောင်းတဲ့သူတွေ ရှိမယ်။ ဒါပေမယ့် သူတို့ထက်ကောင်းအောင် ကျနော်ကစားမယ်။ ကြိုးစားမယ်။ ကျနော် အရှုံးမပေးဘူး။”

ရှေ့ဆက်ရည်ရွယ်ချက် ဘယ်လိုရှိလဲ။

“ကရင်လူမျိုးထဲမှာ ဒီလိုကစားနိုင်တာ တယောက်မှ မရှိသေးပါဘူး။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျနော့်အနေနဲ့ ပထမဦးဆုံး ကျော်ကြားတဲ့ ကရင်ကစားသမား ဖြစ်ချင်ခဲ့တယ်။ အခုလည်း ကျနော်ဖြတ်သန်းလာရပြီး ဒီထက်ကောင်းအောင် ကျနော်ကြိုးစားမယ်။”

ဒါပေမယ့် ကမ္ဘာ့ဖလားတို့လိုအထိ ကစားဖို့ရှိလား။

“ကမ္ဘာ့ဖလားကတော့ တိုင်းပြည်အတွက်ပေါ့။ တကယ်လို့ ဗမာပြည်ကိုယ်စားပြုအနေနဲ့ ကစားရရင် အာရှနိုင်ငံ အတွင်းမှာပဲ ကစားခွင့်ရရင် ကျေနပ်ပါပြီ။ ဘောလုံးဆိုတော့ အချိန်တိုင်း ကောင်းကောင်း ကစားနိုင်တာ မရှိဘူး။ တခါတလေ ကောင်းမယ်။ တခါတလေတော့လည်း မကောင်းဘူး။ ဗမာပြည်အတွက် ကစားရရင်တော့ ကျနော့်ကစားတဲ့ အရည်အချင်းတွေ ဒီထက်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013