DVB Logo
Home
Lead Story
ပြည်ခိုင်ဖြိုးအာဏာသိမ်းပွဲ ပြည်သူအတွက် ဘာထူးသလဲ
DVB
·
August 14, 2015
ပြည်ခိုင်ဖြိုးအာဏာသိမ်းပွဲ ပြည်သူအတွက် ဘာထူးသလဲ
Donate to DVB

အန်အယ်လ်ဒီပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း စာရင်းထွက်လာသောအခါတွင် အောက်ခြေနဲ့  ဗဟို ပြဿနာများတက်၏။ အောက်ခြေမှာ တင်လိုက်သော ကိုယ်စားလှယ်လောင်းများကို ဗဟိုက ပယ်လိုက်သဖြင့် ပခုက္ကူတို့၊ လှည်းကူးတို့တွင် ဆန္ဒပြသည်အထိ ဖြစ်လာ၏။ ပခုက္ကူတွင် အန်အယ်လ်ဒီပါတီဝင် ၁ဝ ဦးအထိ ဗဟိုက ထုတ်ပယ်ပစ်လိုက်သည်။ ထိုသို့ ဆန္ဒပြတိုင်း ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည်မှာ ဘယ် ဒီမိုကရေစီပါတီတွင်မှ မရှိပေ။ တရုတ်ကွန်မြူနစ်ပါတီတွင်ပင် ထိုသို့ ဗဟိုချုပ်ကိုင်မှု တင်းကြပ်ခြင်း မရှိပေ။ ပါတီတွင်း အပြင်းထန်ဆုံး အရေးယူမှုဖြစ်ပြီး ပါတီဗဟိုကို မကျေမနပ်ဖြစ်နေသည်ဟု ယူဆလျှင် ခေါ်ယူ ဆွေးနွေး သတိပေးသင့်၏။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ခေါ်ယူဆွေးနွေးကာ နောက်ဆုံး လက်မခံမှ ထိုက်သင့်သလို အရေးယူသင့်ပါသည်။

အန်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းမှာ တစ်နိုင်ငံလုံးအဖို့ အာရုံစိုက်စရာ ဖြစ်လာလေသည်။ လွှတ်တော်ထဲတွင် လူထုကြိုက် သူရဲကောင်း ဖြစ်နေသော ဒေါက်တာညိုညိုသင်းကို ပယ်လိုက်သည်။ ဒဂုံမြို့သစ်စီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်းတို့ကို ဒေါက်တာညိုညိုသင်းက ကန့်ကွက်ခဲ့၏။ နောက် အန်အန်အီးအာရ်တွင်လည်း ဦးဆောင်သူတယောက် အဖြစ် ပါလာပြီး အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးတွင်လည်း ထင်ရှားသောသူအဖြစ် လူသိများ၏။ ဒေါ်ညိုညိုသင်းမှာ ပြည်သူ့ဘက်သားဆိုသည့် သဘောထားထားဖို့ စဉ်းစားပုံ ရပါသည်။ နောက် ၈၈ မျိုးဆက် ငြိမ်းပွင့်များ။ သူတို့ ဒေါ်စုနဲ့ တွေ့ဆုံစဉ်တွင် အားလုံးက အားရနေကြသည်။ သူတို့ အန်အယ်လ်ဒီနဲ့ ပေါင်းကာ ဒီမိုကရေစီပန်းတိုင် လှမ်းကိုင်နိုင်မည်ဟု မျှော်မှန်းလာကြသည်။ အန်အယ်လ်ဒီအပေါ် ခိုးလို့ခုလု ဖြစ်နေသောသူများပင်လျှင် ၈၈ နဲ့ ပူးပေါင်းသည်ဆိုသောအခါ အန်အယ်လ်ဒီကို မဲပေးထောက်ခံတော့မည်ဟု စဉ်းစားလာကြစဉ်တွင် ၈၈ များကိုလည်း အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြတ်ပြတ်သားသားပင် ပယ်ချလိုက်ပါတော့သည်။ ထိုသတင်းမှာ ယခုတလော ထိပ်တန်းရောက်နေ၏။ ပြည်ခိုင်ဖြိုးက အိနြေ္ဒရှိရှိ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေစဉ်တွင် အန်အယ်လ်ဒီက ပြိုကွဲနေပြီဟု သဘောထားမှတ်ချက်များ ချကြလေသည်။

ထိုအချိန်မှာပင် ပြည်ခိုင်ဖြိုးပါတီတွင်း၌ အန်အယ်လ်ဒီထက်ပို၍ ပြင်းထန်သော ပါတီတွင်း အပြောင်း အလဲနဲ့ တိုက်ပွဲကြီးများ ဖြစ်သွားပါသည်။ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အတွင်းရေးမှူးဦးမောင်မောင်သိန်း တို့ကို ပါတီမှ ထုတ်ပယ်လိုက်သည်ဟု ကြားရပါသည်။ ထို့ထက်မက ဦးရွှေမန်းကို အကျယ်ချုပ် ထားရှိသယောင်ယောင်၊ ပြည်ခိုင်ဖြိုးပါတီကို စစ်တပ်က ဝင်စီးသယောင်ပင် ၁၃ ရက်နေ့က ကြားသိရလေသည်။ ပြည်ခိုင်ဖြိုးပါတီတွင်းဖြစ်နေသော တိုက်ပွဲ အထွတ်အထိပ်ရောက်သွားခြင်း ဖြစ်ပါသည်။

အန်အယ်လ်ဒီအမတ် လောင်းစာရင်း ပြဿနာတက်နေစဉ်က ပြည်ခိုင်ဖြိုးတို့ အိနြေ္ဒရရ လက်ခုပ်လက်ဝါးတီးနေမည်ဟု ထင်ထား သူများမှာ နှုတ်ဆိတ်ကုန်ကြသည်။ တချိန်တည်းတွင် သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲဝင်မလားဆိုသော အမေးကို သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲမဝင်ပါဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးရဲထွဋ်က အဖြေ ပေးလိုက်လေသည်။ ဒုသမ္မတ ဦးဥာဏ်ထွန်းလည်း ရွေးကောက်ပွဲမဝင်ဟု သိရလေသည်။ အစိုးရအဖွဲ့ဝင် ၅၀ နဲ့ တပ်မတော်မှ ထိပ်တန်းဗိုလ်ချုပ်ကြီး ၂ ဦးအပါအဝင် တပ်မတော်မှ အရာရှိ ၅၉ ဦးလည်း ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဟု သိရသည်။ ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌနဲ့ သူ့လူများကို ဖယ်ရှားကာ စစ်တပ်က ပြည်ခိုင်ဖြိုပါတီထဲ နေရာဝင်ယူကာ ပါတီတွင်း အာဏာသိမ်းပွဲလုပ်လိုက်ပုံ ရ၏။ ဦးရွှေမန်းကို အကျယ်ချုပ် ဖမ်းဆီးသည် ဖြစ်စေ၊ မဖမ်းဆီးသည် ဖြစ်စေ ပါတီတွင်း အကွဲအပြဲကား သိသာသွားလေသည်။ ဦးသိန်းစိန်ဘက်မှ အသာစီးရလိုက်ပုံ ရ၏။ ထိုအဖြစ်မှာ အဆန်းမဟုတ်ပေ။ ပြည်ခိုင်ဖြိုးပါတီအပြောင်းအလဲကြောင့် တိုင်းပြည်အကျိုး မဖြစ်ထွန်းပေ။ ပြည်ခိုင်ဖြိုးမှာ စစ်တပ်ပါတီဖြစ်၏။ စစ်တပ်ပါတီကို အသွင်ပြောင်းလိုသော သူရဦးရွှေမန်းကို ပထုတ်လိုက်ခြင်း ဖြစ်သည်။

ယူနီဖောင်းချွတ် စစ်တပ်တစ်ပိုင်းအစိုးရထိ တိုင်းပြည်မှ ပြည်သူတရပ်လုံး အငမ်းမရ တောင်းဆိုခဲ့သော ဒီမိုကရေစီကို မှန်မှန်ကန်ကန် တိတိကျကျ ဘာမှ မလုပ်ဆောင်နိုင်ခဲ့ပေ။ ယခုဖြစ်ရပ်မှာ ပါတီတွင်း ထိုင်ခုံလုပွဲဖြစ်သည်။ အုပ်စုချင်း တိုက်ခိုက်မှုလည်း ဖြစ်၏။ Purge ခေါ် ပါတီတွင်း သန့်စင်ပွဲ လည်း ဖြစ်လေသည်။ ပြည်သူလူထုအဖို့ ဘာမှ မျှော်လင့်စရာ မရှိပေ။ ယခု သန့်စင်ပွဲမှာ ပို၍ပင် မျှော်လင့် စရာမရှိပေ။ ဒီမိုကရေစီပါတီဖြစ်၊ မဖြစ်ကား သူတို့ပါတီတွင် စစ်တပ်သြဇာ ဘယ်လောက်ထိ လွှမ်းမိုးနိုင်၊ မနိုင်ကို ဆန်းစစ်ကြည့်ရပေမည်။

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းအာဏာလုပွဲမှာ အဆန်းတကြယ် မဟုတ်ပေ။ ဗိုလ်နေဝင်း မွေးမြူခဲ့သော မဆလပါတီတွင်း၌လည်း ထိုသို့ ဖြစ်ခဲ့ဖူးပါသည်။ ဗိုလ်နေဝင်းက သူ့ကို ခြေရာတိုင်းလာသည်ဟု ယူဆသော သူ့တပည့်များကို ထိုသို့ပင် ရှင်းခဲ့ဖူး၏။ ထွန်းလင်းသန်းစိန်ဆိုသည့် ဂိုဏ်းဟူ၍ ဦးထွန်းလင်း၊ ဦးသန်းစိန်စသော ဗဟိုကော်မတီများကို သူ့လက်ရုံးတစ်ပိုင်းနှစ်ပိုင်း  ဗိုလ်တင်ဦးအား ခိုင်းစေကာ ဖြုတ်၊ ထုတ်၊ ရှင်း လုပ်ခဲ့လေသည်။ ဓာတ်ဆီ ၂ ဂါလံ ခိုးထုတ်မှုကို သန်းနှင့်ချီလာဘ်စားသလိုပင် ဖမ်းဆီးခဲ့သည်။ ပြည်သူပိုင် ပစ္စည်း အလွဲသုံးစား လုပ်မှုစသော ပုဒ်မများဖြင့် ဖမ်းဆီးကာ ထောင်ချခဲ့လေသည်။ မဆလခေတ်တုန်းက ပါတီတွင်း သန့်စင်ပွဲများ ပြုလုပ်လေ့ ရှိပါသည်။ ထောက်လှမ်းရေး ဗိုလ်တင်ဦးကိုလည်း အကြောင်း အမျိုးမျိုးပြ၊ နောက်ဆုံး ဗိုလ်နေဝင်းတို့ကို အာဏာသိမ်းနိုင်သည်ဟု ယူဆကာ ဦးဘိုနီနဲ့ ဗိုလ်တင်ဦးတို့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းများ ချခဲ့လေသည်။ ဗိုလ်သန်းရွှေကလည်း သူ့ထက်စီနီယာကျသော ၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်စောမောင်ကို ဖယ်ရှားခဲ့သည်။ ထိုသည်ကို ဗိုလ်နေဝင်းက အစီအစဉ်ဆွဲကာ ဗိုလ်ခင်ညွန့်က လုပ်ဆောင်ခဲ့သည်။ ပြည်သူများကမူ ယခု ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ တိုက်ပွဲ၊ ဦးရွှေမန်းကို ဖယ်ချကာ ပါတီတွင်း အာဏာသိမ်းပွဲကို ဗိုလ်သန်းရွှေက နောက်မှ ကွပ်ကဲနိုင်သည်ဟု ယူဆကြပါသည်။ ဗိုလ်စောမောင်ကို ဖယ်ရှားကာ ဗိုလ်သန်းရွှေ နေရာယူစဉ်က နောက်ကွယ်က ဗိုလ်နေဝင်းကွပ်ကဲသည်ဟု ယူဆကြသလို ယခုလည်း ယူဆနေကြခြင်းဖြစ်သည်။ ကျိုးကြောင်းဆီလျော်သော သုံးသပ်ချက်လည်း ဖြစ်၏။

ထိုသတင်းနဲ့ အတူ တပ်မတော်အရာရှိကြီးများ ပြည်ခိုင်ဖြိုးပါတီတွင်း ရောက်လာသည်ဆိုသော သတင်းမှာ ပါတီအကွဲအပြဲ၊ ပါတီသန့်စင်ပွဲစသဖြင့် မဆလပါတီတုန်းကနဲ့ တူနေပါတော့သည်။ စင်စစ်အား ဖြင့် မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ယခု တစညပါတီမှာ စစ်တပ်က ဖွဲ့စည်းလိုက်သော ပါတီ ဖြစ်သလို ယခု ပြည်ခိုင်ဖြိုးပါတီ၊ ယခင်ကြံ့ခိုင်ရေးအဖွဲ့မှာလည်း စစ်အစိုးရခေတ်က ဗိုလ်သန်းရွှေ ဖွဲ့စည်းပြီး ယခုထိ စွမ်းအားရှင်လို အဖွဲ့မှာ မွေးထုတ်သော ပါတီဖြစ်သလို ယခုလည်း စစ်တပ်ပါတီ အဖြစ် တည်ရှိနေဆဲပင်။ ထို့ကြောင့်လည်း စစ်တပ်က သူ့ပါတီကို အရပ်သားပါတီစစ်စစ် ဖြစ်သွားမှာကို မလိုလားသလို မူလ ပိုင်ရှင်ဖြစ်သည့် စစ်တပ်လက်အောက် ပြန်ရောက်အောင် စစ်ခေါင်းဆောင်များက ကြိုးစားလိုက်ခြင်း ဖြစ်ပုံ ရပါသည်။ ပြည်ခိုင်ဖြိုးပါတီ အကွဲအပြဲသည် မြန်မာ့ဒီမိုကရေစီရေးအတွက် ကြည်နူးစရာ တစက်မှ မရှိပေ။ ပြည်ခိုင်ဖြိုးခေါင်းဆောင် အပြောင်းအလဲကြောင့်လည်း ဒီမိုကရေစီ အမြန်ဆုံး ရစရာအကြောင်း မရှိပေ။

စင်စစ်အားဖြင့် ပြည်ခိုင်ဖြိုးပါတီတွင်း ပဋိပက္ခသည် ပြည်ခိုင်ဖြိုးခေါင်းဆောင်များကြား အာဏာလုပွဲဖြစ်၏။ ဒီ မိုကရေစီလမ်းကြောင်း လျှောက်လိုသူနဲ့ ဒီမိုကရေစီလမ်းကြောင်း ဆန့်ကျင်သူများကြား တိုက်ပွဲမဟုတ်ပေ ဒီမိုကရေစီလမ်းကြောင်းကို အနှေးဆုံး သွားချင်သူများသာ ဖြစ်သည်။ ပြည်သူများအတွက် ဆုံးရှုံးစရာ မဟုတ်။ စိတ်ပျက်စရာမဟုတ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မျှော်လင့်ချက်ကြီး ပျက်ဆီးသွားခြင်း မဟုတ်ပေ။ ပြည်သူများအနေဖြင့် မိမိတို့ လျှောက်ရမည့်လမ်းကို စည်းစည်းလုံးလုံး လျှောက်လှမ်းရမည် ဖြစ်သည်။ အန်အယ်လ်ဒီပါတီလို အထက်နဲ့ အောက် ပြဿနာဖြစ်ကာ ဒီမိုကရေစီမဆန်သည့်လုပ်ရပ်ကို ပြည်သူက တားဆီး ကာ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ဖို့သာ အဓိကကျပါသည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013