DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီအာဘော် ပြည်ထောင်စုနေ့စဉ်သတင်းစာ ရပ်ဆိုင်း
DVB
·
August 13, 2015
ကြံ့ခိုင်ရေးပါတီအာဘော် ပြည်ထောင်စုနေ့စဉ်သတင်းစာ ရပ်ဆိုင်း
Donate to DVB

အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအာဘော် ပြည်ထောင်စုနေ့စဉ်သတင်းစာနဲ့ ရှေ့ဆောင် ဂျာနယ်တို့ကို ထုတ်ဝေဖြန့်ချိမှု ရပ်ဆိုင်းလိုက်ပြီလို့ ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ညက ကြံ့ခိုင်ရေး ပါတီတွင်း ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်ပြီးနောက် ပါတီ တာဝန်ရှိသူတွေရဲ့ ညွန်ကြားချက်အရ သတင်းစာထုတ်ဝေမှုကို ခေတ္တရပ်ဆိုင်းထားလိုက်တာပါ။

ပြည်ထောင်စုနေ့စဉ် သတင်းစာ အမှုဆောင်အရာရှိချုပ်လည်းဖြစ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးဝင်းတင်က “ရပ်တယ်ဆိုတာ ဒီနေ့ကစပြီးတော့ ထုတ်ဝေတာကိုရပ်တာပါ။ လုပ်ငန်းကြီး သတင်းစာတိုက်ကြီးတခုလုံးကို ပိတ်လိုက်တဲ့ သဘောတော့ မဟုတ်ပါဘူး။ ကျနော်တို့ ပြည်ထောင်စု နေ့စဉ်သတင်းစာနဲ့ The Leader (ရှေ့ဆောင် သတင်းဂျာနယ်) ဆိုတာ ကျနော်တို့ ကြံ့ခိုင်ရေးကထုတ်တဲ့ စာစောင် တခုရှိတယ်။ တခြားတနေရာကထုတ်နေတာ၊ အဲဒီနှစ်ခုစလုံးကို မနက်ဖြန်က စပြီးတော့ ရပ်ထားပါလို့ လူကြီးတွေက ပြောလို့ပါ” ဒီဗွီဘီကို ပြောပါတယ်။

သတင်းစာရပ်လိုက်ပြီဖြစ်လို့ သတင်းစာနဲ့ဆိုင်တဲ့ ပြည်ထောင်စုနေ့စဉ်ရဲ့ အွန်လိုင်းဝက်ဆိုက်နဲ့ လူမှုကွန်ရက်ကနေက သတင်းတွေ ထုတ်ပြန်နေတာတွေကိုပါ ရပ်ဆိုင်းလိုက်ပြီလို့လည်း ဆိုပါတယ်။

သတင်းစာရဲ့ မူဝါဒတွေ ပြန်လည်ချမှတ်ပြီးရင် ပြန်လည်ထုတ်ဝေမယ့် သဘောရှိပြီး ဆက်ထုတ်မယ် မထုတ်ဘူးဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဂျာနယ် အယ်ဒီတာချုပ်က ပြောပါတယ်။

ပြည်ထောင်စုနေ့စဉ် သတင်းစာမှာ အယ်ဒီတာတွေနဲ့ သတင်းထောက်တွေ ၄၀ လောက်နဲ့ ၀န်ထမ်းပေါင်း ၂၀၀ လောက်လုပ်ကိုင်နေတာဖြစ်ပြီး သတင်းစာရပ်လိုက်ပေမယ့် ၀န်ထမ်းတွေ အနေနဲ့ ပုံမှန်ရုံးတက်ရုံးဆင်း ဆက်လုပ်ရမယ်လို့ လည်းသိရပါတယ်။

ဒီကနေ့ သြဂုတ်လ (၁၃) ရက် ကြာသပတေးနေ့ ထုတ် ပြည်ထောင်စု နေ့စဉ်သတင်းစာမှာတော့ လတ်တလော ပါတီဥက္ကဋ္ဌ တာဝန်နေရာက ဖယ်ရှားခံခဲ့ရတဲ့ သူရဦးရွှေမန်းကို မျက်နှာဖုံး သတင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013