DVB Logo
Home
Lead Story
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌတာဝန် ဦးသိန်းစိန်နှင့် ဦးဌေးဦးတို့ ပူးတွဲထမ်းဆောင်မည်
DVB
·
August 13, 2015
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌတာဝန် ဦးသိန်းစိန်နှင့် ဦးဌေးဦးတို့ ပူးတွဲထမ်းဆောင်မည်
Donate to DVB

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းက တောင်းဆိုချက်အရ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးသိန်းစိန်က ၀ါစဉ်အမြင့်ဆုံးဖြစ်တဲ့ ဒု- ဥက္ကဋ္ဌ ဦးဌေးဦးကို ပါတီဥက္ကဋ္ဌ တာဝန်ပူးတွဲထမ်းဆောင်ဖို့ လွှဲပြောင်းပေးခဲ့ တာဖြစ်တယ်လို့ သမ္မတရုံး က ပြောပါတယ်။

သြဂုတ် ၁၂ ရက်မှာ ပါတီဥက္ကဋ္ဌနေရာ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး မနေ့ညက ပါတီရုံးချုပ်ကို ၀င်ရောက်စစ်ဆေး ရာမှာ စစ်တပ် မပါဘဲ ရဲတပ်ဖွဲ့ဝင်တွေပဲ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

အခုအချိန်ထိ တစုံတယောက်ကို ဖမ်းဆီးထိန်းသိမ်းတာ မရှိသေးသလို လောလောဆယ် စစ်တပ်က အာဏာသိမ်းဖို့ မရှိသေးဘူးလို့ မျှော်လင့်မိကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။ (ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ)

အစိုးရအဖွဲ့အရေးပေါ် အစည်းအဝေးလုပ်နေတယ် ကြားလို့ပါ။
“မလုပ်ပါဘူး။ ပုံမှန်ကပ်ဘိနက်က ၂ ပတ် ၁ ကြိမ်လုပ်တာရှိတယ်။ အရေးပေါ်အစည်းအဝေး မလုပ်ပါဘူး။”

နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်နဲ့ ပတ်သက်လို့ ဦးဇော်ဌေးတို့ သိသလောက် ပြောပြလို့ရသလောက် ပြောပြပေးပါ။
“နံပတ် ၁ ပေါ့နော် ကျနော်တို့သိသလောက်ကတော့ လုံညီက တပ်တို့ ဘာတို့ မပါပါဘူး။ ကျန်တာကတော့ နယ်မြေခံရဲပေါ့နော်။ ပါတီက တချို့တောင်းဆိုချက်အရ လုပ်တာတော့ ရှိကောင်း ရှိလိမ့်မယ်။ ကျန်တာကတော့ ကြီးကြီးမားမား မရှိပါဘူး။”

ပါတီထိပ်ပိုင်းပုဂ္ဂိုလ်တွေကို ဖယ်ရှားပြီး ဖမ်းဆီးထိန်းသိမ်းတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေတယ်။
“ကျနော်တို့ သိသလောက်ကတော့ ဖမ်းဆီးထိန်းသိမ်းတာ မရှိဘူး။ သို့သော် ကျနော်တို့သိတာက ကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဋ္ဌတာဝန်ကို ဦးဋ္ဌေးဦးကို သမ္မတကြီးက လွှဲပေးလိုက်တယ်။”

ဦးရွှေမန်းနဲ့ပတ်သက်လို့တော့ ပြောနိုင်သလောက် ပြောပြပေးပါခင်ဗျ။ အပြင်မှာထွက်တဲ့ သတင်းတွေအရ ပါတီဥက္ကဋ္ဌကနေ ဖယ်ရှားပြီး ဖမ်းထားတယ်လို့ သတင်းထွက်နေပါတယ်။
“ဖမ်းတာဆီးတာကတော့ မရှိဘူးခင်ဗျ။ ပါတီဥက္ကဋ္ဌကတော့ ဘယ်ကနေစလဲဆိုတော့ ၂၀၁၂ မှာ သမ္မတကြီးကနေပြီးတော့၊ သမ္မတကြီးက ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပါတီဥက္ကဋ္ဌတာဝန်ကို ပါတီလုပ်ငန်းတွေ ၀င်ရောက်ဆောင်ရွက်ခြင်း မပြုရဘူး။ ပါတီဥက္ကဋ္ဌအနေနဲ့ ရှိနေတယ်။ သို့သော် အခြေခံဥပဒေကန့်သတ်ချက်အရ ၀င်ရောက်လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိတဲ့အခါကျတော့ ပါတီဥက္ကဋ္ဌတာဝန်ကို ဆောင်ရွက်ဖို့ဆိုပြီး ၀ါစဉ်အမြင့်ဆုံး ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌတာဝန်ကို ပူးတွဲထမ်းဆောင်ဖို့ လွှဲပြောင်းပေးခဲ့တယ်။ ဒါသမ္မတကြီးက လွှဲပြောင်းပေးတာ။ အဲဒါက ဘာနဲ့လွှဲလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၆၄ ရယ် နောက် ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း ပုဒ်မ ၉၉ (ခ) ပေါ့နော် အဲဒီနှစ်ခုအရ လွှဲပြောင်းပေးခဲ့တယ်။ အခုဟာကတော့ ပြည်ခိုင်ဖြိုးပါတီတွင်းက ခေါင်းဆောင်ပိုင်းက ပါတီဥက္ကဋ္ဌဖြစ်တဲ့ သမ္မတကြီးကို တောင်းဆိုလာတယ်။ ပါတီပြင်ဆင်ဖွဲ့စည်းဖို့ ပါတီပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့ သူတို့ရဲ့ တောင်းဆိုချက်အရ သမ္မတကြီးက ခုနပြောတဲ့ ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၆၄ ရယ် နောက် ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပုဒ်မ ၉၉ (ခ) အရ ၀ါစဉ်အမြင့်ဆုံးဖြစ်တဲ့ ဒုဥက္ကဋ္ဌ ဦးဌေးဦးကို ပါတီဥက္ကဋ္ဌတာဝန် ပူးတွဲထမ်းဆောင်ဖို့ လွှဲပြောင်းပေးအပ်လိုက်တာ။ လောလောဆယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ဥက္ကဋ္ဌအဖြစ်ကတော့ နိုင်ငံတော် သမ္မတကြီးရှိတယ်။ သို့သော် အခြေခံ ဥပဒေကန့်သတ်ချက်အရ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် အရင်တုန်းက ဦးရွှေမန်းကို ပေးထားတဲ့ ပါတီဥက္ကဋ္ဌပူးတွဲကို ဦးဌေးဦးကို ပြန်ပြီး လွှဲပြောင်းပေးလိုက်တယ်။ ပါတီမှာ ဦးဌေးဦးက သမ္မတကြီး မရှိတဲ့အခိုက် ပါတီဥက္ကဋ္ဌတာဝန် ပူးတွဲထမ်းဆောင်မယ်။”

ဒီနေ့ပဲလွှဲပြောင်းပေးလိုက်တာလား။
“၁၂ ရက်နေ့မှာ လွှဲတာ။ မနေ့ကလွှဲတာ”

မနေ့က တာဝန်က အနားပေးလိုက်တဲ့ ၀န်ကြီး ၄ ဦးက ဘာကြောင့်အနားပေးလိုက်တယ်လို့ ပြောလို့ရမလဲ။
“အဲဒါတွေကလည်း အခု ပါတီပြင်ဆင်ဖွဲ့စည်းတာတွေ ရှိမယ်။ အစိုးရပိုင်းမှာ ပြင်ဆင်ဖွဲ့စည်း တာတွေ ရှိတယ်။ ဒါတွေကလည်း မကြာခင် ပါတီဘက်ကလည်း သတင်းထုတ်ပြန်တာတွေ လုပ်ပါလိမ့်မယ်။”

စစ်ဘက်တာဝန် ပြန်လွှဲပြောင်းပေးလိုက်တဲ့ ၂ ယောက် ကိစ္စရော။
“အဲဒါတွေကလည်း မကြာခင် အဖြေထွက်လာပါလိမ့်မယ်။ ဆိုလိုတာက သူတို့ရဲ့ စစ်ဘက်တာဝန်ကို ပြန်ထမ်းဆောင်တယ်ဆိုတာ အရပ်ဖက်တာဝန်ကနေ ရုပ်သိမ်းပြီး စစ်ဘက်ကို ပြန်ပို့လိုက်တာ၊ စစ်ဘက်ရောက်တဲ့အခါ သူတို့ဆက်ပြီး ဆောက်ရွက်စရာတွေ ဆောင်ရွက်ပါလိမ့်မယ်။”

အခုက တိုင်းပြည်ထဲမှာလည်း ရေတွေကြီးနေပြီ လူတွေတချို့လည်း ဒုက္ခရောက်နေကြတော့ လူထု အနေနဲ့ ဒီသတင်းတွေကြားပြီး စိုးရိမ်မှု တစ်စုံတရာပေါ်ပေါက်ကောင်း ပေါ်ပေါ်က်နိုင်ပါတယ်။ ဦးဇော်ဌေးတို့ အနေနဲ့ လူထုကို ဘာများပြောချင်ပါသလဲ။
“နိုင်ငံရေးပါတီတွေမှာ ဒါက ပြုပြင်ပြောင်းလဲရေးပြင်ဆင်ဖွဲ့စည်းတာတွေက ဖြစ်ရိုးဖြစ်စဉ် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါလည်း အခု ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်ပိုင်းရဲ့ တောင်းဆိုချက် အရ သမ္မတကြီးက ပါတီဥက္ကဋ္ဌတာဝန် လွှဲပြောင်းတဲ့ဟာကို ဦးဌေးဦးကို ပြောင်းပြီး လွှဲလိုက်တာပဲ ရှိတယ်။ ကျန်တာတော့ အပြောင်းအလဲကြီးကြီးမားမား မရှိဘူးပေါ့နော်။ ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒ စည်းမျဉ်းစည်းကမ်းတွေလည်း ပြောင်းလဲမှာ မဟုတ်ဘူးပေါ့။ ဒါကတော့ သက်ဆိုင်ရာပါတီကနေ ထုတ်ပြန်ပါလိမ့်မယ်။ ဒါကတော့ ပါတီတခုရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ တခုသာ ဖြစ်တယ် အဲဒီအပေါ်မှာလည်းကျနော်တို့ ကျန်တဲ့ နိုင်ငံတော် တည်ငြိမ်ရေး အေးချမ်းသာယာရေး မထိခိုက်အောင်လုပ်နေတယ်။ တဆက်ထဲမှာပဲ ကျနော်တို့ ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးကို အစိုးရတစ်ရပ်လုံးက အလေးထားပြီး ဆောင်ရွက်နေတဲ့အချိန်ပေါ့့။ နောက် ဖြတ်သန်းရမယ့် ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲအလွန် တည်ငြိမ်အေးချမ်းရေး တက်လာမယ့်အစိုးရကို ချောမွေ့ညင်သာစွာ တာဝန်လွှဲပြောင်းနိုင်ရေး အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီးလည်း သမ္မတကြီးက အလေးထားပြီး ဆောင်ရွက်နေတယ်။ အဲဒီအပေါ်မှာ ပြည်သူလူထုက စိုးရိမ်ပူပန်ကြောင့်ကြခြင်း မရှိဖို့တော့ ပြောချင်ပါတယ်။ ပါတီကိစ္စ အသေးစိတ်ကတော့ ပါတီဘက်က ထုတ်ပြန်ပါလိမ့်မယ်။ ကျနော်တို့ကတော့ သမ္မတကြီးအပိုင်း နည်းနည်းရှင်းချင်တာက ပါတီလုပ်ငန်းတွေ ၀င်ဆောင်ရွက်တာ မဟုတ်ဘူး။ ပါတီဥက္ကဋ္ဌ အနေနဲ့ တာဝန်လွှဲပြောင်းမှုကို ပြင်ဆင်ပြီးတော့ လွှဲပြောင်းပေးလိုက်တာတာဖြစ်တယ်။ ကျန်တာကတော့ပါတီဘက် သူ့ဖာသူ ပြန်ဖွဲ့စည်းသွားတာ ဖြစ်တယ်။”

စစ်တပ်က အာဏာသိမ်းဖို့ ရှိပါသလား။
“ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသိမ်းဖို့ မလိုအောင် ခဏခဏ အာဏာ မသိမ်းရအောင် ဆိုတဲ့သဘောမျိုး စစ်တပ် ၂၅ ရာခိုင်နှုန်းကို ထည့်သွင်းထားခြင်း ဖြစ်တယ် နောက် အာဏာသိမ်းခြင်းနဲ့ ပတ်သက်ပြီးလည်း ကျနော်တို့က အရေးပေါ် အခြေအနေ ကြေညာရမယ့် ဆောင်ရွက်ပုံအဆင့်ဆင့်ပေါ့ အဲဒါတွေလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။ လောလောဆယ် ယနေ့ထက်ထိတော့ အာဏာသိမ်းစရာ မရှိဘူးလို့တော့ မျှော်မှန်းရပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013