DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ တွင် မသမာသည့် နည်းလမ်းများ အသုံးပြုလာနိုင်ဟု ဦးရွှေမန်းပြော
DVB
·
August 12, 2015
ရွေးကောက်ပွဲ တွင် မသမာသည့် နည်းလမ်းများ အသုံးပြုလာနိုင်ဟု ဦးရွှေမန်းပြော
Donate to DVB

လာမယ့် ရွေးကောက်ပွဲမှာ မသမာတဲ့နည်းလမ်းတွေ အသုံးပြုလာနိုင်ပြီး ဘယ်ပါတီမှ အပြန်အသတ် အနိုင်မရနိုင်ဘူးလို့ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

နေပြည်တော်ပါတီဌာနချုပ်မှာ ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲဝင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့တွေ့ဆုံပွဲမှာ သူက ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ယခု ရွေးကောက်ပွဲဟာ ယခင် ရွေးကောက်ပွဲများလို ပါတီတခုက အပြတ်အသတ် အနိုင်မရရှိနိုင်ဘူးလို့ သုံးသပ်နိုင်ပါတယ်။ ရွေးကောက်ပွဲဟာ သိမ်မွေ့တယ်၊ ပြိုင်ဆိုင်မှု ပြင်းထန်တယ်၊ ရှုပ်ထွေးမှုရှိတယ်၊ ပြိုင်ဘက်တွေက မိမိတို့ရဲ့ အမှားကို စောင့်ကြည့်နေကြလိမ့်မယ်၊ တေးမှတ်ထားကြလိမ့်မယ်။ မသမာသော နည်းလမ်းတွေနဲ့လည်း အသုံးပြုပြီး ဆောင်ရွက်လာနိုင်တယ်။”

ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ပေါင်း  ၁၁၄၇ ဦး ပါဝင်ယှဉ်ပြိုင်မယ်လို့ ဒီနေ့ ထုတ်ဖော်ပြောဆိုလိုက်ပြီး ကျန်မဲဆန္ဒနယ်တချို့ကိုတော့ တိုင်းရင်းသားမဟာမိတ် ပါတီတွေအတွက် ဖယ်ထားပေးတယ်လို့လည်း ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် အာဏာရပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း စာရင်းထဲမှာ အစိုးရအဖွဲ့က  ၄၆ ယောက်၊ စစ်တပ်က  ၂၆ ယောက် ပါဝင်တယ်လို့လည်း သိရပါတယ်။

အစိုးရအဖွဲ့  ၄၆ ယောက်ထဲမှာ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ လက်ရှိဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီး ဦးမောင်မြင့်၊ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၊ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ ဦးစိုးမောင်၊ စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်၊ စီမံကိန်းဝန်ကြီး ဒေါက်တာကံဇော်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ မွေးရေကျေးလက်ဝန်ကြီး ဦးအုန်းမြင့်၊ လူဝင်မှုအင်အားဝန်ကြီး ဦးခင်ရီ၊ ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်း၊ အားကစားဝန်ကြီး ဦးတင့်ဆန်း၊ ယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူ၊ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်း စသူတို့ ပါဝင်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက စစ်တပ်ကိုယ်စားလှယ်အဖြစ် ၀င်အရွေးခံမယ့်သူတွေထဲမှာ တပ်မတော် ကြည်းရေလေ ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ လက်ရှိ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်တို့ ပါဝင်လာပါတယ်။

ရန်ကုန်နိုင်ငံရေး သိပံ္ပကျောင်းဥက္ကဋ္ဌ ဦးမြတ်သူက ဦးရွှေမန်းရဲ့ ဒီတကြိမ်ရွေးကောက်ပွဲမှာ ဘယ်ပါတီမှ အပြတ်အသတ် မနိုင်နိုင်ဘူးဆိုတဲ့ သုံးသပ်ပြောဆိုချက်ဟာ အန္တရာယ်များတယ်လို့ ပြောပါတယ်။

“သူက ဘာကို အခြေခံပြီး ပြောသလဲပေါ့နော်၊ ဘာကိုမှ အခြေခံပြီး မပြောဘူးဆိုရင်တော့ ဒါ အန္တရာယ်နည်းနည်း ရှိတယ်ဗျ။ ဒီရွေးကောက်ပွဲရဲ့ ယုံကြည်ရနိုင်မှု အပိုင်းမှာပါ ပြဿ   နာ နည်းနည်း ရှိသွားနိုင်တယ်။ ဘယ်သူမှ အပြတ်အသတ် မနိုင်နိုင်ဘူးလို့ သူ့ပြောဆိုချက်ဟာ အရမ်းစောနေတယ်၊ စောနေတဲ့အပြင် သူက ဒီဟာကို ရည်ရွယ်ချက်တခုခုနဲ့ ပြောတယ်ဆိုရင်တော့ ဒါဟာ ယုံကြည်ရလောက်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အဟန့်အတားဖြစ်မယ်လို့ ထင်တယ်။”

ရွေးကောက်ပွဲအကြို စစ်တမ်းတွေကိုကြည့်ပြီး ပြောတယ်ဆိုရင်တောင် ဒီစစ်တမ်းတွေက ဘယ်လောက် ယုံကြည်ရလောက်လဲဆိုတာ ထည့်တွက်ဖို့ လိုမယ်လို့လည်း ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေဘောင်ထဲကနေ လိမ်မာပါးနပ်စွာနဲ့ အနိုင်ရအောင်လုပ်ကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါသေးတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတ၀န်း မဲဆန္တနယ်ပေါင်း ၁၁၇၁ နေရာမှာ ပြုလုပ်ဖို့ရှိတယ်လို့ ကြေညာထားပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးရက်ဖြစ်တဲ့ သြဂုတ် ၁၄ မတိုင်မီ ဒီနေ့မှာ  ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း အပြီးသတ်အမည်စာရင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013