
မက္ကဆီကိုနိုင်ငံအတွင်းမှာရှိတဲ့ မူးယစ်ဂိုဏ်းပစ်မှတ်တွေကို ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန် ထောက်လှမ်းရေး CIA အေးဂျင့်တွေ ကိုယ်တိုင် တိုက်ရိုက်ဝင်ရောက် တိုက်ခိုက် သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ CNN ရဲ့ သတင်းဖော်ပြချက်ကို မက္ကဆီကိုသမ္မတ ကလောက်ဒီယာရှိန်းဘောင်းမ်က မေ ၁၃ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။
အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး မေလ ၁၂ ရက်က ထုတ်လွှင့်ခဲ့တဲ့ CNN သတင်းထဲမှာ CIA ဟာ သူတို့ရဲ့ အထူးမြေပြင်ဌာနခွဲတပ်ဖွဲ့ကတဆင့် မက္ကဆီကိုမှာ လျှို့ဝှက်စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ပစ်မှတ်ထား လုပ်ကြံမှုတွေမှာ တိုက်ရိုက်ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာဂါစီယာဟာဖွှတ်ချ်ကတော့ “မက္ကဆီကို မြေပေါ်မှာ နိုင်ငံခြားအဖွဲ့အစည်းတွေဟာ အသက်အန္တရာယ်ရှိတဲ့ စစ်ဆင်ရေးတွေ၊ လျှို့ဝှက်စစ်ဆင်ရေးတွေ ဒါမှမဟုတ် (မက္ကဆီကိုနဲ့ မတိုင်ပင်ဘဲ) တဖက်သတ် စစ်ဆင်ရေးတွေ လုပ်နေတာမျိုးကို ပုံမှန်လိုလို၊ ကြောင်းကျိုးဆီလျော်သလိုလို ဒါမှမဟုတ် ရှိနေသယောင်ယောင် ဖန်တီးပြောဆိုချက်မှန်သမျှကို မက္ကဆီကိုအစိုးရအနေနဲ့ ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးပါတယ်။
CIA ပြောရေးဆိုခွင့်ရှိသူ လစ်ဇ်လိုင်ယွန်စ်ကလည်း ဒါဟာ မူးယစ်ဂိုဏ်းတွေအတွက် ဝါဒဖြန့်ပေးသလို ဖြစ်နေပြီး အမေရိကန်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရစေတဲ့ သတင်းအမှားသာ ဖြစ်တယ်လို့ X မှာ တုံ့ပြန်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ CNN ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ရဲ့ သတင်းဖော်ပြမှုကို ယုံကြည်ထားပါတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သတင်းထုတ်ပြီးမှ CIA ရဲ့ တုံ့ပြန်ချက် ရောက်လာတာဖြစ်ပြီး သတင်းရဲ့ ဘယ်အစိတ်အပိုင်းကို ငြင်းခုံချင်တာလဲ ဆိုတာကို CIA ဘက်က မရှင်းပြခဲ့ဘူးလို့လည်း ဆိုပါတယ်။
မက္ကဆီကိုနိုင်ငံထဲမှာ CIA အေးဂျင့်တွေ ရှိနေတယ်ဆိုတဲ့ ကိစ္စကြောင့် မကြာသေးခင် သီတင်းပတ်တွေအတွင်း ၂ နိုင်ငံ ဆက်ဆံရေးကို တင်းမာစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က မူးယစ်ဆေးဝါးချက်စက်ရုံ ဖျက်သိမ်းတဲ့ စစ်ဆင်ရေးကအပြန် ချီဝါးဝါး ပြည်နယ်မှာ CIA အဖွဲ့ဝင်တွေလို့ ဆိုကြတဲ့ အမေရိကန် အရာရှိ ၂ ယောက် ကားမတော်တဆမှုနဲ့ သေဆုံးခဲ့ပါတယ်။
သမ္မတ ရှိန်းဘောင်းမ်ကတော့ အဲဒီစစ်ဆင်ရေးမှာ အမေရိကန်တွေ ပါဝင်နေတာကို အစိုးရက မသိရှိထားကြောင်းနဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပတ်သက်တာမျိုး နောက်နောင် မဖြစ်စေဖို့ အမေရိကန်ကို သတိပေးထားပါတယ်။
သတင်းအချက်အလက် ဖလှယ်တာကို လက်ခံပေမဲ့ သူတို့မြေပေါ်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ တိုက်ရိုက်ပါဝင်တာကိုတော့ မက္ကဆီကိုသမ္မတက ပြတ်ပြတ်သားသား ကန့်ကွက်ထားပါတယ်။
တဖက်မှာလည်း အမေရိကန်သမ္မတထရမ့်ပ်က မက္ကဆီကိုဘက်က ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ရင် အမေရိကန်စစ်တပ်ကိုသုံးပြီး သူတို့ဘာသာသူတို့ ဝင်ရောက်နှိမ်နင်းမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် ၂ နိုင်ငံဆက်ဆံရေးဟာ တင်းမာနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။
Source: Reuters










