DVB Logo
Home
Lead Story
စိတ်ပျက်လက်ပျက် ကာလ
DVB
·
August 12, 2015
စိတ်ပျက်လက်ပျက် ကာလ
Donate to DVB

လွန်ခဲ့တဲ့ ၃ နှစ်က မြန်မာပြည်မှာ အပြောင်းအလဲ လမ်းစပေါ်တဲ့အချိန်မှာ ထူးချွန်ထင်ရှားတဲ့ ပညာရှင်တွေ ဖြစ်တဲ့ ဖရန်စစ် ဖူကူယားမား (Francis Fukuyama) နဲ့ လာရီ ဒိုင်းမွန်း (Larry Diamond) တို့လည်း မြန်မာပြည်လာခဲ့တယ်။

၂၀၁၂ နှောင်းပိုင်းမှာ မြန်မာပြည်ကို ရောက်ခဲ့တဲ့ နိုင်ငံရေးသိပ္ပံပညာရှင် ဖူကူယားမားက “မြန်မာစစ်တပ်က အာဏာရှင်စနစ်ကို တစ်ကနေ ပြန်စနိုင်တဲ့ အခင်းအကျင်းတွေ အများကြီး ရှိပါတယ်”လို့ အစချီပြီး သုံးသပ်ချက် ၁ ပုဒ်ကို ရေးခဲ့တယ်။ မြန်မာပြည်မှာ  ကာလရှည်ကြာ စစ်အုပ်ချုပ်ရေးရဲ့ အမွေအဖြစ် တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံသာမက၊ လူသားအရင်းအမြစ် လိုအပ်ချက်က အလွန်ကြီးမားတာ၊ စစ်တပ်နဲ့ ခရိုနီ အုပ်စုတွေက တိုင်းပြည်စီးပွားရေး အတက်လမ်းမှာ ပိတ်ဆို့နေတာကို ထောက်ပြပြီး ဒီမိုကရေစီခရီး အလွယ်တကူနဲ့ နောက်ပြန်လှည့်သွားနိုင်တယ်လို့ သတိပေးခဲ့တယ်။

အမျိုးမျိုးသော နိုင်ငံရေးဖိနှိပ်မှုတွေအောက်က ထုသားပေသားကျနေတဲ့ မြန်မာပြည်က အရပ်ဘက်က အဖွဲ့အစည်းတွေ၊ ကမ္ဘာ့အဆိုးဆုံး (အဖိနှိပ်ဆုံး) အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့နိုင်ငံမှာ ပြည်သူတွေ နိုင်ငံရေး နိုးကြားနေတာတွေကို အံ့သြခဲ့တယ်။

မြန်မာပြည်က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ သဘောတူဖို့ ခဲယဉ်းတဲ့ အကဲဖြတ်ချက်တခုကတော့ “မြန်မာပြည်အတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ အခုထပ်ပိုပြီး မလိုအပ်တော့ဘူးဆိုတာပါ။”  အင်ဒိုနီးရှားမှာ လိုမျိုး အမေရိကန်မှာ ပညာတတ်ပြီး တိုင်းပြည်ပြန်လာကြတဲ့ စီးပွားရေးပညာရှင်တွေ (ဘာကလေမာဖီးယားတွေ) လိုအပ်နေတယ်လို့ ဆိုခဲ့တယ်။

၂၀၁၂ ခုနှစ်မှာပဲ ဒီမိုကရေစီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လာရီဒိုင်းမွန်းရဲ့  မြန်မာပြည်အကြောင်း စာတမ်းငယ်က ပိုပြီး အသေးစိတ်ပါတယ်။ ပြည်နယ်နဲ့ ပြည်မ အာဏာခွဲဝေရေးကို အဆိုပြုတယ်။ ဒေါ်စု ပြောတဲ့ ဒုတိယပင်လုံကို ထောက်ခံခဲ့တယ်။ အိန္ဒိယနိုင်ငံလိုမျိုး တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ (State-Nation) ကို တည်ဆောက်ဖို့ အဆိုပြုတယ်။ ဒီလို တည်ဆောက်ဖို့ အိန္ဒိယနိုင်ငံမှာလိုပဲ ရှင်သန်အားကောင်းတဲ့ ဒီမိုကရေစီစနစ်တရပ်လည်း လိုအပ်တယ်။ ဗဟိုချုပ်ကိုင်မှု တင်းကျပ်တဲ့ လက်ရှိ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့်၊ ပြည်နယ်တွေနဲ့ ဒေသကြီးတွေ အတွက် လုံလောက်တဲ့ အာဏာနဲ့ တာဝန်ခံမှုတွေနဲ့ ခွဲဝေပေးဖို့ အကြံပေးခဲ့တယ်။

“ဒီမိုကရေစနစ် တည်ငြိမ်ရေးအတွက်ဆိုရင် အပြည့်အ၀ဒီမိုကရေစီနည်းကျ ဒေသဆိုင်ရာ အစိုးရတရပ် ပေါ်ပေါက်ဖို့နဲ့ သူတို့ဒေသရဲ့ ဖွံ့ဖြိုးရေး၊ သဘာဝသံယံဇာတ၊ ယဉ်ကျေးမှုတွေကို အဓိပ္ပာယ် ပြည့်ဝတဲ့ လုပ်ပိုင်ခွင့်တွေ ရှိဖို့ဆိုတာတွေနဲ့ ခွဲခြားလို့ မရနိုင်ပါဘူး။ ဒီလို ပုံစံမျိုး ပြောင်းလဲနိုင် ဖို့ဆိုရင် တဖက်မှာလည်း တိုင်းရင်းသားအုပ်စုတွေဘက်က ပြည်ထောင်စုနဲ့ ဘယ်သောအခါမှ ခွဲထွက်မသွားဘူးဆိုတဲ့ သံဓိဌာန်လည်း လိုအပ်ပါတယ်။”လို့ ဒိုင်းမွန်းက ဆိုတယ်။

တောင်အာဖရိကမှာလို sunset clause လို့ ခေါ်တဲ့ ကာလတခုအထိပဲ အသက်ဝင်မယ့် ဥပဒေပြဌာန်းချက်ကို ပြောတယ်။ တနည်းအားဖြင့် ကြားကာလ ဖွဲ့စည်းပုံတခု လိုအပ်တယ်လို့  ဆိုခဲ့တာပါ။

ဖူကူယားမားလိုပဲ အင်ဒိုနီးရှားပုံစံ အပြောင်းအလဲကို ဒိုင်းမွန်းကလည်း တခြားရှု့ထောင့်က ပြောတယ်။ အင်ဒိုနီးရှားမှာ လုပ်ခဲ့သလိုမျိုး စစ်တပ်က ရွေးချယ်တဲ့ အမတ်တွေကို သက်တမ်းတခုပြီးရင် တဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းသွားတာမျိုး၊ အစိုးရ၀န်ကြီး ၃ ဦးကို စစ်တပ်က ခန့်ထားခွင့်ကိုလည်း သက်တမ်း တခုကျော်ရင် ရုပ်သိမ်းသွားဖို့နဲ့ ဖွဲ့စည်းပုံထဲက တခြား ပြသနာတက်နေတဲ့အပိုင်းတွေကို ၂၀၁၅ မတိုင်ခင်မှာ ပြင်ဆင်ဖို့ ညှိနှိုင်းတာမျိုးပါ၊ ဒါတွေကို လိုက်လျောပေးမယ်ဆိုရင် စစ်တပ်နဲ့ အပေါင်းအပါ (ခရိုနီ)တွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမယ်၊ သူတို့ပိုင်ဆိုင်မှုတွေ (မတရားတဲ့နည်းနဲ့ ပိုင်ဆိုင်ထားတာ ဖြစ်ပါစေ) လုံခြုံမှု ပေးမယ်၊ စစ်တပ်ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကိုလည်း မထိခိုက်စေရဘူးဆိုတဲ့ အာမခံချက်တွေကို ရယူနိုင်ပါတယ်။လို့ အကြံပေးခဲ့တယ်။

ဒါတွေအတွက်  နိုင်ငံရေးပဋိညာဉ် political pact လိုတယ်လို့ ပြောတယ်။ တကယ်တော့ political pact ဆိုတာကို ဒိုင်းမွန်း မပြောခင် ကျန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီမိုကရေစီ အင်အားစုတွေက ပြောခဲ့ပါတယ်။ နိုင်ငံရေး သဘောတူညီချက်ရဖို့ တွေ့ဆုံဆွေးနွေးရေး ဒိုင်ယာလော့(Dialogue)ကို တောင်းဆိုခဲ့ပေမယ့် ငြင်းခဲ့တာက စစ်အစိုးရ ခေါင်းဆောင်တွေပါပဲ။

တောင်အာဖရိက အပြောင်းအလဲမှာ အခက်အခဲတွေ ရှိခဲ့သလိုပဲ မြန်မာပြည် အပြောင်းအလဲကလည်း မလွယ်ဘူးဆိုတာ ဒိုင်းမွန်းကလည်း သတိပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အကောင်းမြင်စိတ်နဲ့ ညှိနှိုင်းဖို့ ၃ နှစ် အချိန်ကျန်သေးတယ်လို့ ပြောခဲ့တယ်။ ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ ဆက်ဆံရေး ကောင်းတာလည်း ကံကောင်းတယ်၊ အပြောင်းအလဲ လမ်းစပွင့်နေသေးလို့ ပြောခဲ့တယ်။

အခုတော့ အချိန်စေ့သွားပါပြီ၊ ဒေါ်စုနဲ့ ဦးသိန်းစိန် တို့ဆက်ဆံရေးကလည်း ကတ္တီပါ လမ်းခွဲ ဖြစ်သွားပါပြီ၊ ဒိုင်းမွန်း အကြံပြုခဲ့တဲ့ အချက်တွေအားလုံး တခုမှ မဖြစ်မြောက်ခဲ့တာလည်း မြန်မာပြည်ရဲ့ ကံကြမ္မာပါပဲ။ ကျိတ်ဝိုင်းတွေရော၊ လွှတ်တော်တွင်းဆွေးနွေးပွဲတွေရော တိုင်းပြည်ရှေ့ခရီးအတွက် ပန္နက်မချနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အယုံအကြည် ကင်းမဲ့သွားကြပြီး အပေါင်းရလဒ်ထွက်တဲ့ ကစားပွဲ (positive-sume game) ဖြစ်ဖို့ထက် အဖြေ သုညထွက်တဲ့ ကစားပွဲ (zero-sum game) ကို ပြန်ပြီး အာရုံပြုလာကြတယ်။ စစ်အစိုးရအောက်မှာ ညီညွတ်ခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေ အချင်းချင်းမှာလည်း အက်ကြောင်းပေါ်နေပါတယ်။ ဟုတ်လေနိုးနိုး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာလည်း ဘယ်သူမှ စိတ်မ၀င်စားတဲ့ အခြေအနေကို ဆိုက်နေပါပြီ။

ဒီလို အခြေအနေတွေအောက်မှာ ပြည်သူတွေမှာ အရင်နဲ့ မတူတဲ့ စိတ်ကူး မျှော်လင့်ချက် ဆိုတာဟာလည်း အငွေ့ပျံ ပျောက်ဆုံးသွားတာ အထူးအဆန်း မဟုတ်ပါဘူး။ မြန်မာပြည်သူတွေဟာ  လွန်ခဲ့တဲ့ ၃ နှစ်နဲ့ မတူဘဲ စိတ်ပျက်လက်ပျက် ကာလရှည်ကို ဖြတ်သန်းနေရသလို၊ အနာဂတ်အတွက်လည်း အကောင်းမြင်စိတ် ကုန်ခမ်းနေပါတယ်။

နေသွင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013