DVB Logo
Home
ရွေးကောက်ပွဲ
ဒေါ်စုနှင့်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို ဆက်သွယ်မေးမြန်းချက်
DVB
·
August 12, 2015
ဒေါ်စုနှင့်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို ဆက်သွယ်မေးမြန်းချက်
1 / 2
Donate to DVB

လာမယ့်နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ  ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှာ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ ကော့မှူးမြို့နယ် ပါတီ  တွဲဖက်အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးကျော်ဇင်ဟိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကျော်ဇင်ဟိန်းအနေနဲ့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ ဘာကြောင့် ၀င်ပြိုင်ဖြစ်တာလဲ၊ ကိုယ်တိုင်ရဲ့ ဆန္ဒကြောင့်လား၊ ဒါမှမဟုတ် ပါတီကနေ ရွေးချယ်တာဝန်ပေးလိုက်တာလား။

“ကျနော်ကတော့ ကော့မှူးသားစစ်စစ်ပဲ။ နောက်ပြီးတော့ ပါတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တယောက်လည်းဖြစ်တယ်။ နောက်တခုက ပါတီကနေပြီး ၂၀၁၅ ရွေးကောက်ပွဲကို ကျနော့်ကို ရွေးချယ်ပြီးတော့ တာဝန်ပေးတဲ့အတွက်ဖြစ်တယ်။”

အဲဒီတော့ ကိုယ်တိုင်လည်း ၀င်ပြိုင်ချင်တယ်၊ ပါတီကလည်း တာဝန်ပေးလိုက်တယ်ပေါ့။ ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ဖို့ တခြားဝါရင့်ပါတီဝင်တွေ အတွေ့အကြံရှိတဲ့သူတွေ အများကြီးရှိတာကို မရွေးဘဲ ဘာကြောင့်  ဦးကျော်ဇင်ဟိန်းကို ရွေးချယ်တာဝန်ပေးတယ်ထင်ပါသလဲ။

“၀င်ပြိုင်ချင်တယ်ဆိုတာထက် ကျနော်ကတော့  အရင်ကတည်းက ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ကျနော်တို့ မြို့နယ်အတွက်ကို ကျနော်က ဘာပဲပြောပြော အားကြိုးမာန်တက် လုပ်နေတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်နေတဲ့အတွက်ကြောင့် ၀င်ပြိုင်ခြင်း ၀င်မပြိုင်ခြင်းက အဓိက မကျပါဘူး။ အခုနောက်ပိုင်းကတော့ ကျနော်ထင်ပါတယ်၊ ပါတီက ဒေသခံစစ်စစ်တွေကို အဓိကထားပြီးတော့ ရွေးချယ်တယ်ထင်ပါတယ်။ နောက်တခုကလည်း ကျနော်က ပါတီဖြစ်တဲ့ အချိန်အထိအောင် ပြည်ခိုင်ဖြိုးအသင်းတာဝန်ကို တောက်လျှောက်ထမ်းဆောင်လာတာဆိုတော့ ရွေးချယ်တာဖြစ်ကောင်းဖြစ်မှာပေါ့။”

ကော့မှူး မဲဆန္ဒနယ်မှာ လက်ရှိ အမတ်လည်းဖြစ်၊ အဓိက အတိုက်အခံပါတီ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့ ဘာတွေကြိုတင်ပြင်ဆင်ထားပါသလဲ။

"ကျနော်က ကြိုတင်ပြင်ဆင်ထားတယ်၊ မပြင်ဆင်ထားဘူးဆိုတာ အဓိကမဟုတ်ဘူး။ အရင်လည်း ကျနော်က ရွာတွေဆင်းတယ်၊ ရွာရဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပေးတယ်။ နောက်လည်း ကျနော် ဆောင်ရွက်မှာပဲ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်တာတွေ ဘာတွေတော့ မရှိပါဘူး။”

လက်ရှိ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အားနည်းချက် အားသာချက် ဘယ်လိုမြင်ပါသလဲ။

“ကျနော့်အနေနဲ့ အဲဒါတော့ မမြင်တတ်ဘူး။ ကျနော်ကတော့ ကျနော်တို့ကိစ္စကိုပဲ ကျနော်တို့ လုပ်တာများတယ်။ အန်တီကလည်း ဒေသကောင်းဖို့ နိုင်ငံကောင်းဖို့ လုပ်နေတာပဲ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်က တွေ့ဆုံဖူးတာရှိပါသလား။  ပြိုင်ဘက်တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ် ဘယ်လိုမြင်ပါသလဲ။

“မျက်နှာချင်းဆိုင်တွေ့ဖူးတာတော့မရှိဘူး။ ကျနော်လည်း ပါတီက မြို့နယ်ကော်မတီ သာမန်လူတယောက်ဆိုတော့ သိပ်စကားပြောဖူးတာတော့ မရှိဘူး။ ဒါပေမယ့် အန်တီအနေနဲ့ကတော့ ကျနော်ကတော့ ကြိုဆိုပါတယ်။”

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက အမတ်လောင်း ဒေါက်တာ စိုးမင်း  ၀င်ပြိုင်ခဲ့တယ်၊ ဒါပေမယ့် အနိုင်မရခဲ့ဘူး၊ လာမယ့် ရွေးကောက်ပွဲမှာ အနိုင်အရှုံးရလဒ် ဘယ်လိုဖြစ်မယ်ထင်သလဲ၊ ပါတီကရော ဒီနေရာမှာ အနိုင်ရဖို့ ဘယ်လောက် အားဖြည့်ပံ့ပိုး ကူညီပေးတာရှိပါသလဲ။

“ဒါကတော့ ပြည်သူက ဆုံးဖြတ်သွားမှာ၊ သူသူကိုယ်ကိုယ်ပေါ့၊ ပြိုင်တယ်ဆိုရင်တော့ နိုင်ချင်ကြတာပေါ့။ နိုင်မယ်လို့ပဲ ပြောကြတာပေါ့။ ဒါပေမယ့်လို့ ကျနော်တို့ ပါတီကတော့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ သွားနေတာပဲ၊ ဒေသတွေဆင်းတယ် ကျနော်တို့ လုပ်ပေးနိုင်စရာ ရှိရင်လုပ်ပေးတယ် ပုံမှန်အတိုင်းပါပဲ။”

ဦးကျော်ဇင်ဟိန်း အနေနဲ့ ကော့မှူးမြို့နယ်မှာ ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်နေတယ်ဆိုတော့   ဘယ်လုပ်ငန်းကဏ္ဍတွေ ဘယ်လိုနယ်ပယ်တွေမှာ အဓိက ဆောင်ရွက်ပေးနေလဲ။

“ကျနော်တို့ ပါတီကနေသော်လည်းကောင်း၊ ပါတီလွှတ်တော်ကိုယ်စားလှယ်တွေလည်း တိုင်းဒေသကြီးတွေ ဘာတွေမှာ ရှိတယ်လေ၊ သူတို့နဲ့ ဆက်စပ်ပြီးတော့ ကျနော့်အနေနဲ့ ၀ိုင်းပြီးတော့ လုပ်ပေးနိုင်တာလေးတွေ လုပ်တာပါ။ ကျနော်တို့မြို့နယ်က ဖွံ့ဖြိုးမှုအားနည်းတယ်၊ အားနည်းတယ်ဆိုတော့ လမ်းတို့၊ တံတားတို့၊ ချောင်းတို့၊ မြောင်းတို့ အဲလိုကိစ္စလေးတွေပါ။”

တကယ်လို့ ရွေးကောက်ခံရရင် ကော့မှူး ဒေသအတွက် ဘာတွေ ဦးစားပေးဆောင်ရွက်သွားမယ်လို့ မဲဆန္ဒရှင်တွေကို ကတိပေးချင်လည်း အနိမ့်ဆုံး ဘာတွေ ပိုကောင်းလာမယ်လို့ ဒေသခံတွေ မျှော်လင့်နိုင်မလဲ။

“ကျနော်ကတော့ ကျနော့်ဒေသဖွံ့ဖြိုးဖို့အတွက်ကိုပဲ အဓိက ဦးစားပေးပြီး ဆောင်ရွက်သွားမှာပဲ၊ ဘာမဆိုပေါ့ ကျနော့်ဒေသအတွက်ကို  ဘာပဲပြောပြော ဖွံ့ဖြိုးမှုအားနည်းတယ်ဆိုတော့ အထူးသဖြင့် လမ်းတို့၊ တံတားတို့၊ ချောင်းတို့၊ မြောင်းတို့ ဒါတွေက အများကြီးလိုနေသေးတယ် အဓိကက လမ်းပန်းဆက်သွယ်ရေးပေါ့။ ဒေသတခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လမ်းပန်းဆက်သွယ်ရေးက အဓိကကျတယ်၊ ကျနော်ဆို့ဆီမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်။”

ဦးကျော်ဇင်ဟိန်းအနေနဲ့ အရင်ကရော ပါတီနိုင်ငံရေးအတွေ့အကြုံ ရွေးကောက်ပွဲ အတွေ့အကြုံရော ရှိပါသလား။

“ကိုယ်တိုင်ဝင်မပြိုင်ဖူးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံတွေတော့ ရှိပါတယ်။ ပါတီမှာတော့ လောလောဆယ် ကော့မှူးမြို့နယ်ရဲ့ ပါတီ တွဲဖက်အတွင်းရေးမှူး တာဝန်ယူထားပါတယ်။”

အရင်က နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာရှိလား၊ ခု လက်ရှိမှာ အသက်မွေးဝမ်းကြောင်း လုပ်ငန်း ဘာတွေလုပ်ကိုင်နေပါသလဲ။

“နိုင်ငံဝန်ထမ်းတော့ ကျနော်မလုပ်ဖူးပါဘူး။  ၉၇ မှာ ဆယ်တန်းအောင်တယ်၊ ၉၈ မှာ ကျနော်က ကျနော်တို့ရပ်ကွက်ရဲ့ အမှုဆောင်အနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းမှာ ၀င်လုပ်တယ်။ ၂၀၀၄ ခုနှစ်မှာ ကျနော်မြို့နယ် ကော်မတီဝင်ဖြစ်တယ်၊ ကျောင်းပြီးကတည်းက အသင်းမှာ ၀င်ပြီးလုပ်တာပဲ။ နောက်ပါတီပြောင်းသွားတော့လည်း အလိုအလျှောက် ပါတီဝင်ဖြစ်သွားတဲ့အနေအထားပါ။ အသက်မွေးဝမ်းကြောင်းအတွက် ဖုန်းဆိုင်ဖွင့်ထားပါတယ်။”

လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာ အရှိန်အ၀ါ ကျော်လွှားပြီး အနိုင်ယူဖို့ ဘယ်လောက်ခက်ခဲမယ်ထင်ပါသလဲ။

"အဲဒါကတော့ ခက်ခဲမှာပဲ။ ခက်ခဲတာတော့ ခက်ခဲမှာပဲ၊ အရမ်းကို အရှိန်အ၀ါကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ကတော့ ကျနော်လုပ်နေကျ ပုံစံအတိုင်းလေးပဲ လုပ်သွားမှာပါ၊ သိပ်လည်း ပြင်ဆင်ခြင်းမရှိပါဘူး။”

မဲဆန္ဒရှင်တွေကိုရော ဒီဗွီဘီက တဆင့်ဘာပြောချင်ပါသလဲ။

“အဓိကကတော့ နိုင်ငံရေးမှာ ဒီမိုကရေစီ လက်ရှိကျင့်သုံးနေတဲ့ စနစ်က အရမ်းကောင်းတယ်လို့ ကျနော်ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ၂၀၁၀ မတိုင်ခင်က အခြေအနေနဲ့ ၂၀၁၀ ကနေ ၂၀၁၅ အတွင်း အများကြီးပြောင်းလဲသွားတဲ့ အနေအထားတွေ ကျနော်တို့တွေ့ရတယ်။ အဲတော့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ဒီမိုကရေစီစနစ်ကို သေချာသိဖို့ လိုတယ်ဆိုတဲ့အချက်ကလေးကို ကျနော်ပြောချင်ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဘယ်သူ့ကိုဖြစ်ဖြစ်ပေါ့ ကိုယ်ထည့်ချင်တဲ့ လူကိုတော့ မဲထည့်ပေါ့။ ဒါပေမယ့် မဲရုံကိုတော့ အကုန်လုံးရောက်ဖို့တော့ လိုတယ်ဆိုတဲ့အကြောင်း ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲမထည့်ဘူးဆိုရင် ကိုယ်စားလှယ်ဆိုတာ မရနိုင်တော့ဘူးလေ။ ကိုယ်စားလှယ်မရှိဘူးဆိုရင် လွှတ်တော်ဆိုတာ ရှိလာမှာမဟုတ်ဘူး။ လွှတ်တော်မရှိဘူးဆိုရင် ဒီမိုကရေစီက ပျက်သွားမယ့် အနေအထားရှိ တာပေါ့နော်၊ အဲ့ဒီတော့ ကျနော်က ဘာပဲပြောပြော မဲဆန္ဒရှင်ပြည်သူတွေကို ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ ကိုယ့်ရဲ့ ကိုယ်စားလှယ်လောင်းကို အကုန်လုံးမဲသွားပေးဖို့ လိုတဲ့အကြောင်း ကျနော်ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013